ဇန်နဝါရီ ၁၈ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ရွှေသောင်ယံအနီးမှာ တိုက်ပွဲပြင်းထန်

ဘောမိရွာလေကြောင်းတိုက်ခိုက်ခံထားရတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, ဘောမိရွာလေကြောင်းတိုက်ခိုက်ခံထားရတဲ့ မြင်ကွင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံမြို့မြောက်ဘက်ခြမ်းက ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။

"၂ ရက်ရှိပြီ၊ ဘောမိအထက်ပိုင်းနဲ့ ဂျိုင်လယ်ကျေးရွာဘက်တွေမှာ တိုက်ပွဲဖြစ်နေတာ" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဟာ ရခိုင်ပြည်နယ်ထဲက ဂွနဲ့ ရွှေသောင်ယံမြို့အစပ် မှာတည်ရှိပြီး မကျီးဇင်ကျေးရွာအုပ်စုထဲက ရွာတွေဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘောမိကျေးရွာထဲ ဗုံးတွေကျရောက်ပြီး လူထိခိုက်သေဆုံးတာတွေရှိနိုင်တယ်လို့ စစ်ရှောင်လာသူတစ်ဦးကပြောပါတယ်။

"ရွာမှာ ဖုန်းလိုင်းရော မီးရော ဖြတ်ခံထားရတယ်။ အားလုံးနီးပါး ပုသိမ်၊ သာပေါင်းနဲ့ တခြားရွာတွေကို စစ်ရှောင်ကုန်ကြပြီ" လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဇန်နဝါရီ ဒုတိယအပတ်ကတည်းက ရွှေသောင်ယံမြို့ကို ကြည်း၊ ရေ၊ လေ တပ်ကူတွေပို့ပြီး ခံစစ်ပြင်ထားတာဖြစ်ပါတယ်။

ရွှေသောင်ယံမြို့အနီးမှာ စစ်တပ်နဲ့ အေအေကြား ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ကလေး-တမူးအစပ် လေကြောင်းဗုံးကြဲခံရ

မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တွေ (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်(မြောက်ပိုင်း) နဲ့ တမူးမြို့နယ်အစပ်က စော်ဘွားရေရှင်ကျေးရွာကို ဇန်နဝါရီ ၁၈ ရက် မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ကလေးခရိုင် တပ်ရင်း ၄ နေရာကို ဗုံးကြဲတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"နေရာကို သတင်းပေါက်ကြားသွားတာ ဖြစ်မှာပါ။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ အခုတောင် ကလေး-တမူးဘက်မှာ လေယာဉ်တွေဝဲနေတယ်။ ဒေသခံတွေလည်း ဗုံးခိုကျင်းထဲမှာ ဝင်နေကြရတယ်"လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် သေဆုံးတာနဲ့ ပတ်သက်လို့ ကလေးခရိုင် တပ်ရင်း ၄ က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

ခမ်းပတ်မြို့နဲ့ ကနန်စံပြကျေးရွာကိုလည်း ဇန်နဝါရီ ၁၆ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတစ်ယောက် နဲ့ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ တရုတ်‌မော်ဒယ် ပြန်တွေ့

တရုတ်မော်ဒယ် ရန်ဇီချီ

ဓာတ်ပုံ ရင်းမြစ်, Weibo

ဓာတ်ပုံ ပုံစာ, တရုတ်မော်ဒယ် ရန်ဇီချီ

ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ပြီးမှ ဒီဇင်ဘာလကုန်ပိုင်းမှာ ပျောက်ဆုံးသွားပြီးနောက် လူကုန်ကူးခံလိုက်ရတဲ့ တရုတ်မော်ဒယ် ရန်ဇီချီကို ထိုင်းရဲတပ်ဖွဲ့က ကယ်ဆယ်ပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပြီလို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကနေ မနေ့က ထုတ်ပြန်ပါတယ်။

ရန်ဇီချီအပါအဝင် တရုတ်နိုင်ငံသား ၇ ဦးထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာ နယ်စပ်က လူကုန်ကူးမှုကနေ ကယ်ဆယ်ပြီး တရုတ်ဘက်ပြန်ပို့လိုက်တာလို့ တရုတ်ဘက်က ပြောပါတယ်။

ရန်ဇီချီဟာလည်း လူကုန်ကူးခံခဲ့ရတဲ့ တရုတ်မင်းသား ဝမ်ရှင်း လိမ်လည်ခံရတဲ့နည်းတူ ထိုင်းဖျော်ဖြေရေးလုပ်ငန်းတစ်ခုအတွက် အလုပ်လုပ်ဖို့ လိမ်လည်ခေါ်ခံရပြီးမှ လူကုန်ကူးခံရပြီး ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ နိုင်ငံခြားသား အမှုတွေအားလုံးကို သက်ဆိုင်ရာသံရုံးတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး ခြေရာခံစုံစမ်းနေတယ်လို့ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ထိုင်းရဲချုပ်က မနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ထည့်ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်မှာပဲ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို "ဖိအားပေး နှိမ်နင်း"သွားမယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြား‌ရေးဝန်ကြီး ဝမ်ယိကလည်း အွန်လိုင်းလောင်းကစားတွေနဲ့ လိမ်လည်မှုတွေကို အာဆီယံနိုင်ငံတွေနဲ့ပေါင်းပြီး နယ်စပ်ဖြတ်ကျော်နှိမ်နင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ အာဆီယံသံတမန်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားပါတယ်။

မြန်မာ့လူဦးရေ ကျဆင်းသွားကြောင်း စစ်ခေါင်းဆောင်ပြော

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, MOI

မြန်မာ့လူဦးရေ ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်ပဲ ရှိတော့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ သန်းခေါင်စာရင်းကို ကိုးကားပြီး မနေ့ကပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ နိုင်ငံရဲ့ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာကြောင့် ၂ နှစ်အတွင်း လူဦးရေ ၄ သန်းဝန်းကျင် ကျဆင်းသွားတာဖြစ်ပါတယ်။

မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုတွေရှိခဲ့လို့ အခုလိုကျဆင်းတာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်းလုပ်သားရှားပါးခြင်းနဲ့အတူ ရွေးကောက်ပွဲကိုလည်း

အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်တယ် လို့ သူကပြောပါတယ်။

မြို့ပေါင်း ၃၃၀ မှာ စစ်ကောင်စီ သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်ခဲ့တဲ့မြို့နယ် ၁၄၅ မြို့နယ်သာရှိပြီး စာရင်းလုံးဝမကောက်နိုင်တဲ့မြို့ ၅၈ မြို့ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တစ်စိတ်တစ်ဒေသ ကောက်ယူနိုင်တဲ့မြို့ကတော့ ၁၂၇ မြို့ရှိတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါကြောင့် လူ ၁၉ သန်းလောက်ကို ခန့်မှန်းကောက်ခဲ့တဲ့သန်းခေါင်စာရင်း လို့ အကဲခတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

တရုတ်မင်းသား ဝမ်ရှင်းအမှု လူ တစ်ဒါဇင် ဖမ်းဆီးခံရ

လူကုန်ကူးခံရတဲ့ တရုတ်မင်းသားဝမ်ရှင်းကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်ပြီးနောက် တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Khaosod

ဓာတ်ပုံ ပုံစာ, လူကုန်ကူးခံရတဲ့ တရုတ်မင်းသားဝမ်ရှင်းကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်ပြီးနောက် တွေ့ရတဲ့မြင်ကွင်း

ထိုင်း-မြန်မာနယ်စပ်မှာ ဇန်နဝါရီ ပထမအပတ်တုန်းက တရုတ်မင်းသား ဝမ်ရှင်း လူကုန်ကူးခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သံသယရှိသူ ၁၂ ဦးကို ထိုင်းရဲတွေက ဖမ်းဆီးထားတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဖမ်းမိတဲ့ ၁၂ ဦးထဲ တရုတ်နိုင်ငံသားတွေလည်းပါဝင်ပြီး တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ပြီး ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန စင်ဟွာက သတင်းဖော်ပြပါတယ်။

တရုတ်မင်းသား လူကုန်ကူးခံရမှုဟာ ကရင်ပြည်နယ်၊ မြဝတီဒေသထဲက လူကုန်ကူးမှုကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးကိုင်လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ လက်ချက်ဖြစ်တယ်လို့ တရုတ်ဘက်က ကြေညာပါတယ်။

မင်းသားဝမ်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကတဆင့် နယ်စပ်မြဝတီမြို့ကိုရောက်ရှိလာပြီးမှ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)ဆီ လူကုန်ကူးရောင်းစားခံခဲ့ရတာကို စုံစမ်းတွေ့ရှိတဲ့အကြောင်း တရုတ်ဘက်ကပြောပါတယ်။

တရုတ်နိုင်ငံပိုင် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ WeChat ကနေ တရုတ်နိုင်ငံသားတွေ ပစ်မှတ်ထားလိမ်လည်ခံရပြီး အလုပ်လုပ်ဖို့ ကမ်းလှမ်းချက်အတုနဲ့ ထိုင်းကို လာစေပြီးမှ မြန်မာဘက်ခြမ်း ကရင်ဒေသထဲက ကျားဖြန့်ဂိုဏ်းတွေဆီ အဆင့်ဆင့်လက်လွှဲရောင်းချနေတာလို့ တရုတ်က ပြောထားပါတယ်။

ဇန်နဝါရီ ၁၄ ရက်ကတော့ ‌မြဝတီမြို့ထဲက ရွှေကုက္ကိုမြို့သစ်ကို ထိန်းချုပ်ထားတဲ့ ဗိုလ်မှူးကြီးစောချစ်သူက မြဝတီခရိုင်ထဲက တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ‌ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးတာတွေမလုပ်ဖို့ သတိပေးခဲ့ပါတယ်။

ဒီလိုလူကုန်ကူးတဲ့ ဖြစ်စဉ်တွေ ထပ်ဖြစ်လာရင်လည်း ကျူးလွန်တဲ့လုပ်ငန်းတွေကို အရေးယူမယ့်အကြောင်း ဗိုလ်မှူးကြီးစောချစ်သူကပြောတယ်လို့ DKBA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝ က ဘီဘီစီကိုပြောပါတယ်။

မြန်မာတွေ ပျော်နေလား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခု (ပုံဟောင်း)

နိုင်ငံပေါင်း ၁၄၅ နိုင်ငံကို လေ့လာထားတဲ့စစ်တမ်းတစ်ခုအရ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဆင့်မှာ မြန်မာက ၁၁၈ နဲ့ ရပ်တည်နေတယ်လို့ ကမ္ဘာ့လူဦးရေကိုဆန်းစစ်လေ့လာတဲ့ WPR အဖွဲ့ကနေ ထုတ်ပြန်လာပါတယ်။

ဒါကြောင့် မြန်မာထက် ပျော်စရာမကောင်းတဲ့နိုင်ငံ က ၂၇ နိုင်ငံပဲ ရှိတော့မှာဖြစ်ပါတယ်။

World Population Review (WPR) အဖွဲ့ဟာ လစဉ်လတိုင်း ကမ္ဘာ့လူဦးရေ ၁၀ သန်းဝန်းကျင်ကို စစ်တမ်းကောက်ယူထုတ်ပြန်နေသလို ကုလသမဂ္ဂရဲ့ ကမ္ဘာ့လူဦးရေဆိုင်ရာ ထုတ်ပြန်ချက်တွေကိုလည်း ကိုးကားဖော်ပြနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတော့ မြန်မာက ကမ္ဘာ့အဆင့် ၁၁၇ မှာ ရပ်တည်ခဲ့တာကြောင့် အဆင့် ၁ ဆင့်ထပ်တိုးလာတာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကတော့ မြန်မာနဲ့ ကပ်လျက် အဆင့် ၁၁၉ မှာ ရှိနေပြီး အိန္ဒိယနိုင်ငံက ကမ္ဘာ့အဆင့် ၁၂၆ မှာ ရပ်တည်နေတယ်လို့ WPR က ပြောပါတယ်။

ထိပ်ဆုံးမှာရှိနေတဲ့ ကမ္ဘာ့အပျော်ရွှင်ဆုံး ၃ နိုင်ငံကတော့ ဖင်လန်၊ ဒိန်းမတ်နဲ့ အိုက်စလန် နိုင်ငံတို့ ဖြစ်ပါတယ်။