ဖိအားတွေနောက် ဗိုလ်မှူးကြီးစောချစ်သူ မြဝတီထဲက တရုတ်လုပ်ငန်းတွေကို ဘယ်လိုသတိပေးလဲ

BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ က ဇန်နဝါရီ ၁၄ ရက် က ရွှေက္ကို က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးခဲ့တယ်ဆိုတဲ့အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Supplier

ဓာတ်ပုံ ပုံစာ, BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ က ဇန်နဝါရီ ၁၄ ရက် က ရွှေက္ကို က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးခဲ့တယ်ဆိုတဲ့အစည်းအဝေး

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ခြမ်းထဲက KK Park အနီး လောင်းကစားရုံကနေ ထိုင်းစစ်တပ်က ပြန်လည်ကယ်ထုတ်ခဲ့ရတယ်ဆိုတဲ့ တရုတ်သရုပ်ဆောင်ဝမ်ရှင်း ဖြစ်စဥ် က မြဝတီအခြေစိုက် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ကို သောကတွေ ပွေလာစေပါတယ်။

မြဝတီထဲရောက်ခဲ့ပြီး ဖမ်းဆီးညှဥ်းပမ်း ခံရတဲ့တရုတ်နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ကယ်ထုတ်ပေးခဲ့ရတယ်ဆိုတဲ့ ဖြစ်စဥ်တွေကြောင့် ထိုင်းနဲ့ တရုတ်ဘက်က ဗိုလ်ချုပ်ကြီးစောချစ်သူ ကို ဖိအားပေးမှုတွေရှိနေတယ်လို့ ဘီဘီစီရဲ့ BGF သတင်းရင်းမြစ်ကပြောပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူ ရဲ့ နယ်ခြားစောင့်တပ်(BGF)ဟာ အွန်လိုင်းကျားဖြန့်တွေ ကြီးစိုးလုပ်ကိုင်နေတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရွှေက္ကိုနဲ့ မြဝတီမြို့ မြောက်ဘက်ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။ BGF တင်မက ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကလည်း မြဝတီမြို့ တောင်ဘက်ကို ထိန်းချုပ်ထားပြီး အဲဒီမှာလည်း ကျားဖြန့်လုပ်ငန်းတွေရှိနေတယ်လို့ ကိုယ်တိုင်အလုပ်လုပ်ခဲ့သူက ပြောပါတယ်။

ဒါကြောင့် ဇန်နဝါရီ ၁၄ ရက်မှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်ပြီး DKBA တာဝန်ရှိသူတွေနဲ့အတူ မြဝတီခရိုင်ထဲမှာရှိနေတဲ့တရုတ်လုပ်ငန်းရှင်တွေကို ခေါ်တွေ့ခဲ့ပါတယ်။

တရုတ်တွေကို သတိပေးတဲ့နောက်ကွယ်

BGF ခေါင်းဆောင်က ဇန်နဝါရီ ၁၄ ရက် က ရွှေက္ကို က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးခဲ့တယ်ဆိုတဲ့အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Supplier

ဓာတ်ပုံ ပုံစာ, BGF ခေါင်းဆောင်က ဇန်နဝါရီ ၁၄ ရက် က ရွှေက္ကို က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးခဲ့တယ်ဆိုတဲ့အစည်းအဝေး

BGF ၊ DKBA တပ်တွေနဲ့ မြဝတီခရိုင်ထဲမှာ လောင်းကစားနဲ့ KTV အမည်ခံလုပ်ငန်းတွေ လာလုပ်နေတဲ့ တရုတ်လုပ်ငန်းရှင်တွေ တွေ့ဆုံဖို့ ထိုင်းစစ်တပ်ဘက်က ဗိုလ်မှူးကြီးစောချစ်သူကို ဖိအားပေးခဲ့တာလို့ ဘီဘီစီရဲ့ ထိုင်းစစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းဘက်ခြမ်းကနေ မြန်မာဘက်ရောက်တဲ့ တရုတ်နိုင်ငံသားတွေ ကို ဆက်တိုက်ကယ်ထုတ်ခဲ့တယ်ဆိုတဲ့ဖြစ်စဥ်တွေက ထိုင်းရဲ့ ခရီးသွားလုပ်ငန်းကိုထိခိုက်လာတယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ရှုမြင်နေတဲ့အကြောင်း BGF သတင်းရင်းမြစ်ကပြောပါတယ်။

တရုတ်လုပ်ငန်းရှင်တွေကို ဗိုလ်မှူးကြီးစောချစ်သူက အဓိက အချက် ၄ ချက် သတိပေးခဲ့တယ်လို့ အစည်းအဝေးမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ DKBA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝ က ဘီဘီစီကို ဖြေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

(၁) ငွေလိမ်လုပ်ငန်းတွေအတွက်လိမ်ညာပြီးဝန်ထမ်းခေါ်ယူတာမလုပ်ဖို့

(၂) အတင်းအဓမ္မခိုင်းစေပြီး လူမဆန်စွာညှဉ်းပမ်းနှိပ်စက်တာမလုပ်ဖို့

(၃) လူကုန်ကူးခြင်းနဲ့ ၁၈ နှစ်မပြည့်သူတွေကို အလုပ်တာဝန်ပေးတာမလုပ်ဖို့

(၄) သက်ကြီးရွယ်အိုတွေရဲ့ ငွေတွေကို လိုက်မလိမ်ဖို့

စတဲ့ အချက် (၄) ချက်ပါဝင်ပြီး ဒီလိုဖြစ်စဥ်တွေ ထပ်မံပေါ်ပေါက်လာရင် ကျူးလွန်တဲ့လုပ်ငန်းတွေကိုအရေးယူသွားမယ်လို့ ဗိုလ်ချုပ်ကြီးစောချစ်သူ က ပြောဆိုခဲ့ကြောင်း DKBA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝ က ပြန်ပြောပြပါတယ်။

'' ဗိုလ်ချစ်သူက မေးတယ်။ မင်းတို့ အဲဒါတွေ လိုက်နာရမယ်။ လက်ခံလား။ လက်ခံတယ်ဆိုရင် ပြီးရင် မလိုက်နာရင် ငါတို့ အရေးယူမယ်လို့ ပြောတယ်။ တရုတ်တွေကလည်း သူတို့လိုက်နာမယ်ပေါ့။ အဲဒီလိုပြန်ပြောတယ်'' လို့ ဒုဗိုလ်ချုပ်ကြီးစောရွှေဝ က ဘီဘီစီကို ဖြေပါတယ်။

တရုတ်နိုင်ငံသား ဆယ်လီဘရစ်တီ၊ ဆိုရှယ်အင်ဖလူရန်ဆာနဲ့ တရုတ်လူငယ်တချို့ ထိုင်းဘက်ခြမ်းကနေ မြဝတီမြို့ ရောက်ပြီး ပျောက်ဆုံးသွားတာ၊ နှိပ်စက်ညှင်းပမ်း ခံရပြီး ပြန်လည်လွတ်မြောက်လာရတယ် ဆိုတဲ့ အမှုတွေက ၂၀၂၅ ဇန်နဝါရီ ပထမပတ်မှာ ဆက်တိုက်ဖြစ်ပေါ်လာတာပါ။

ပျောက်ဆုံးသူတွေနဲ့ နှိပ်စက်ညှင်းပမ်း ခံရသူတွေကို ထိုင်းဘက်က နယ်ခြားစောင့်တပ်နဲ့ရဲတပ်ဖွဲ့က ကယ်ဆယ်ပေးခဲ့ရပြီး တရုတ်အပါအဝင် အာရှနိုင်ငံသားတချို့ဟာ မြဝတီဘက်ခြမ်းမှာ လူကုန်ကူးခံရတာလို့ ထိုင်းအာဏာပိုင်တွေက သတင်းဖြန့်ဝေပါတယ်။

တရုတ်သရုပ်ဆောင် ဝမ်ရှင်း ဖြစ်စဥ်ပြီးတဲ့နောက်မှာ မြဝတီမြို့ဘက်ခြမ်း ကျားဖြန်နဲ့ လောင်းကစားရုံတွေရှိတဲ့ ဘက်ကနေ ထပ်မံ လွတ်မြောက်လာသူ ၅ ဦး ရှိပြီလို့ တရုတ်သတင်းတွေက အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြနေပါတယ်။

အဲဒီထဲက ထိုင်ဝမ်နိုင်ငံသား ကချေသည် Hsieh Yueh-Peng၊ အသက်၂၁ နှစ်အရွယ် တရုတ်အမျိုးသမီးငယ် Wu Jiaqi နဲ့သူငယ်ချင်းတို့က သက်ဆိုင်ရာနိုင်ငံကို ပြန်ရောက်သွားပြီးလို့ တရုတ်သတင်းတွေက ဆိုပါတယ်။

နောက်ထပ် အသက် ၂၇ နှစ် အရွယ်နဲ့ ၃၆ နှစ်အရွယ် တရုတ်အမျိုးသား ၂ ဦးကိုတော့ မြဝတီဘက်မကူးခင် တာ့ခ်ခရိုင်၊ ဖွတ်ဖရနယ်ထဲမှာ ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေက ဒီရက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂၀ ရက်မှာ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကနေ နယ်စပ်ကို ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေတဲ့ တရုတ်မော်ဒယ် Yang Zeqi ကိုတော့ မြဝတီမှာရှိနေတယ်လို့ အဆက်အသွယ်ရထားပြီး ထိုင်းဘက်ကိုတော့ မရောက်သေးဘူးလို့ဆိုပါတယ်။

ထိုင်းဘက်ကို ကယ်ထုတ်ခဲ့တဲ့ တရုတ် သရုပ်ဆောင် ဝမ်ရှင်းဖြစ်စဥ် ဇန်နဝါရီ ၇ ရက်နောက်ပိုင်းမှာ မြန်မာဘက်မှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၇၄ ဦး ကို ကယ်ဆယ်ပေးဖို့ မိသားစုဝင်တွေက လူမှုကွန်ရက်တွေက တဆင့်အကူအညီတောင်းခံနေကြတယ်လို့ Global Times ကလည်း ဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ အကူအညီတောင်းခံစာ ၂၈ စောင်လက်ခံရရှိထားတဲ့ ဟောင်ကောင်လုံခြုံရေးဗျူရိုကတော့ ထိုင်းကို အလုပ်အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့တယ်လို့ South China Morning Post က ပြီးခဲ့တဲ့ တနင်္ဂနွေက ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးခံရနေရတယ်ဆိုတဲ့ သတင်းတွေကြောင့် ထိုင်းအစိုးရ ဖိအားပေး ခံနေရတဲ့အခြေအနေရှိပါတယ်။ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူထောင်ချီဟာ ထိုင်းကတဆင့် မြန်မာဘက်ခြမ်းမှာ ဖမ်းဆီးခံထားရတာကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ တခြားနိုင်ငံတွေက ဖိအားပေးနေကြတဲ့အခြေအနေပါ။

ထိုင်းခရီးသွားလုပ်ငန်းအပေါ်မှာတော့ လာမယ့်တရုတ်နှစ်သစ်ကူးကာလမှာ ထိုင်းလာရောက်မယ့် တရုတ်ခရီးသွား ထောင်ပေါင်းများစွာဟာ ခရီးစဉ်တွေ ဖျက်သိမ်းနေကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ ထိုင်းနိုင်ငံထဲကို ကြိမ်ဖန်များစွာ အဝင်အထွက်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမယ်လို့ သတင်းဌာနတွေကို ဖြေထားပါတယ်။

တရုတ်သရုပ်ဆောင်ဝမ်ရှင်း ကိုထိုင်းရဲတပ်ဖွဲ့ကယ်ထုတ်ခဲ့တယ်လို့ဆိုပြီးထုတ်ပြန်ခဲ့တဲ့မှတ်တမ်း

ဓာတ်ပုံ ရင်းမြစ်, Tak Immgration

ဓာတ်ပုံ ပုံစာ, တရုတ်သရုပ်ဆောင်ဝမ်ရှင်းကို ထိုင်းရဲတပ်ဖွဲ့က ကယ်ထုတ်ခဲ့တယ်လို့ဆိုပြီး ထုတ်ပြန်ခဲ့တဲ့မှတ်တမ်း

USIP ပြောတဲ့ ရွှေက္ကိုက ကျားဖြန့်မှာ ပါဝင်သူတွေ

ရွှေက္ကိုမြို့သစ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Naphat Kongchan / Natty loves Myanmar

ဓာတ်ပုံ ပုံစာ, ရွှေက္ကိုမြို့သစ်မြင်ကွင်း

အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေကို မြဝတီခရိုင်ထဲမှာ ခွင့်ပြုထားပြီး စီးပွားရှာနေတဲ့ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဗိုလ်မှူးကြီးစောချစ်သူဟာ ဗြိတိန်ရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲ ပါဝင်ထားသူဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကထုတ်တဲ့အစီရင်ခံစာမှာလည်း ဗိုလ်မှူးကြီးစောချစ်သူရဲ့ နယ်မြေထဲမှာ ငွေကြေးခဝါချတဲ့ တရားမဝင်လုပ်ငန်းတွေရှိတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ဆက်စပ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေကို စုံစမ်းသုတေသနပြုတဲ့ Justice For Myanmar အဖွဲ့ ကတော့ ဗိုလ်မှူးကြီး‌စောချစ်သူရဲ့ မိသားစုဝင်တွေဟာ အခြားနိုင်ငံတွေက စီးပွားရေးမိတ်ဖက်တွေနဲ့ ပူးပေါင်းလက်တွဲပြီး နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခု တည်ဆောက်ထားတယ်လို့ ၂၀၂၄ မေလ နှောင်းပိုင်းမှာ သုတေသနပြုချက်တချို့နဲ့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အဲဒီကွန်ရက်ထဲမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံတွေနဲ့ ဟောင်ကောင်က ကုမ္ပဏီတွေပါဝင်နေသလို ပတ်သက်ဆက်နွှယ်နေတဲ့လူတချို့ကိုလည်း ဖော်ပြထားပါတယ်။

အထူးသဖြင့် မလေးရှားနိုင်ငံသားတွေက ရွှေကုက္ကိုမြို့ထဲက တရုတ်ဆိုက်လို့ခေါ်တဲ့ ရထိုက်မြို့သစ်စီမံကိန်းနဲ့ ဒေါင်မေဥယျာဉ် စီမံကိန်းတွေထဲမှာ အဓိက ပါဝင်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူရဲ့ BGF တပ်နဲ့ ရထိုက်(Yatai) အင်တာနေရှင်နယ် ကုမ္ပဏီတို့ဟာ ရထိုက်မြို့သစ်စီမံကိန်းကို ဖက်စပ်လုပ်ကိုင်နေပြီး တရားမဝင် ကာစီနိုရုံတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအပြင် တရားမဝင် အွန်လိုင်းလောင်းကစားတွေ အကြီးအကျယ်လုပ်ကိုင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ရထိုက်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ ရှီကျီကျန်း(တရုတ်အမည်)က နိုင်ငံတကာဖမ်းဝရမ်းနဲ့ ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေတဲ့အဖွဲ့ဝင် ၂ ဦးကတော့ မလေးရှား နိုင်ငံသားတွေဖြစ်တယ်လို့ ကြေညာထားပါတယ်။

JFM ရဲ့ သုတေသနအရ ဗိုလ်မှူးကြီးစောချစ်သူရဲ့ လုပ်ငန်းတွေထဲ ပါဝင်ပတ်သက်နေတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းကုမ္ပဏီတွေကြား ဆက်သွယ်မှုကွန်ရက်အသစ်တွေကို ‌‌ဖော်ထုတ်ထားတာလည်း တွေ့ရပါတယ်။

အဲဒီထဲမှာ ထိုင်းနိုင်ငံက နာမည်ရဘဏ်တွေရဲ့ ကိုယ်စားလှယ်တွေက ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုတွေဆွေးနွေးဖို့ နယ်စပ်လမ်းကြောင်းက တစ်ဆင့် BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့ကို သွားရောက်တဲ့ခရီးစဉ်လည်း ပါဝင်နေတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဒါအပြင် ဗိုလ်မှူးကြီးစောချစ်သူက သူ့ရဲ့ လုပ်ငန်းတွေမှာ အမည်လွှဲ "စံမြင့်"ဆိုတဲ့ အမည်ကိုသုံးထားပြီး စံမြင့်ရဲ့ သားသမီးတွေကလည်း BGF ကနေ နာမည်ပြောင်းထားတဲ့ KNA တပ်ရဲ့ စီးပွားရေးလုပ်ငန်း ၆ ခုကို ရှယ်ယာတွေ ခွဲဝေပိုင်ဆိုင်ထိန်းချုပ်ထားတယ်လို့ JFM က ထည့်သွင်းဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်တဲ့ Apollo Park နဲ့ Yulong Bay Park တို့မှာလည်း အနည်းစုရှယ်ယာရှင်တွေဖြစ်ကြပြီး အဲဒီလုပ်ငန်း ၂ ခုစလုံးမှာ စံမြင့်(ဗိုလ်မှူးကြီးစောချစ်သူ)ရဲ့ သားဖြစ်သူ BGF/KNA တပ်ရဲ့ ဗိုလ်မှူးစောထူးအယ်မူးက ဒါရိုက်တာနဲ့ ရှယ်ယာရှင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့တပ်ဖွဲ့တွေ၊ သူ့မိသားစုတွေပါဝင်ပတ်သက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း စီးပွားရေးလုပ်ငန်းစုတွေရှိတယ်ဆိုပြီး JFM အပြင် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ(USIP)ကလည်း ၂၀၂၄ အစောပိုင်းကလာမှာ ဖော်ထုတ်ခဲ့ပါတယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့မှာ ခြေကုတ်ယူ လည်ပတ်နေတဲ့ အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေက အမေရိကန်နိုင်ငံသားတွေကို သားကောင်အဖြစ် ပစ်မှတ်ထား လိမ်လည်လာတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေ နှစ်စဉ်ကြီးထွားနေတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ(USIP) က အခုနှစ်ထဲမှာ ၃ ကြိမ်ထက်မနည်း ထုတ်ပြန်ပြောဆိုပါတယ်။

USIP ရဲ့ မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ကရင်ဒေသထဲ ဆက်ကြီးထွားနေတဲ့ ကျားဖြန့်လုပ်ငန်းတွေအကြောင်း အမြဲထုတ်ဖော်ပြောဆိုနေတာပါ။

ဗိုလ်မှူးကြီးစောချစ်သူဟာ ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက် ဆယ်မိုင်ဝန်းကျင်အကွာက တရုတ်နိုင်ငံသားတွေ ဦးဆောင်လည်ပတ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိတဲ့ ရွှေကုက္ကိုမြို့သစ်ကို ဦးဆောင်ထိန်းချုပ်နေတယ်လို့ နာမည်နဲ့ ဖော်ထုတ်အစီရင်ခံစာရေးပြီး USIP က ကမ္ဘာကို ဖြန့်ပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ BGF တပ်ဟာ မြန်မာစစ်တပ်နဲ့ လက်တွဲလာတာ နှစ်ပေါင်း ၃၀ နီးပါးရှိလာချိန်မှာပဲ ၂၀၂၄ ခုနှစ်၊ မတ်လကတော့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(Karen National Army) ဆိုပြီး တပ်နာမည်ကို ပြောင်းလဲခဲ့ပါတယ်။

''တပ်မှူးချုပ် စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်(BGF)က ရွှေက္ကိုနဲ့ မြဝတီမြို့ပေါ် အပါအဝင် မြဝတီ BGF ဂိတ်တွေအထိ ထိန်းချုပ်ထားတယ်။ DKBA ကတော့ ကျောက်ခက်၊ ဝေါလေ၊ မယ်ထော်သလေး၊ မင်းလက်ပံနဲ့ ကေကေပါ့ခ်တို့ အေအေပါ့ခ်တို့အထိ ထိန်းချုပ်ထားတယ်။ အဲဒီ ၂ ခြမ်းလုံးမှာ ကျားဖြန့်ရုံတွေ ရှိနေတာ'' လို့ ဘီဘီစီရဲ့ မြဝတီမြို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF/KNA)ဟာ ရွှေကုက္ကို - ရထိုက်မြို့သစ်စီမံကိန်းကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရနေတယ်လို့ USIP ရဲ့ မြန်မာ့ရေးရာညွှန်ကြား‌ရေးမှူး ဂျေဆင်တာဝါက ဘီဘီစီကို ဧပြီလမှာ ပြောထားပါတယ်။

ဒီစီမံကိန်းထဲမှာ လောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေ ရှိနေတာလို့ ဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် သူ့လက်အောက်က ဗိုလ်မိုလ်သိုလ်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေကို အဓိကပံ့ပိုးကူညီနေတဲ့သူတွေလို့ USIP ရဲ့ ၂၀၂၄ ဧပြီလ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။

DKBA ထိန်းချုပ်နယ်မြေဘက်မှာတော့ ဗိုလ်မှူးကြီး စိုင်းကျော်လှက ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်နေတာလို့ USIP က ထည့်ပြောထားပါတယ်။

မဲခေါင်ဒေသတကြောက အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းတွေကနေ ရတဲ့ အမြတ်ငွေတွေဟာ မြန်မာအပါအဝင် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ နှစ်စဉ် အသားတင်ကုန်ထုတ်တန်ဖိုး (GDP) ၄၀ ရာခိုင်နှုန်းနီးပါးအထိရှိနေတယ်လို့ USIP က ဆိုပါတယ်။

မြဝတီက ကျားဖြန့်လုပ်ငန်းတွေအကြောင်းသိတဲ့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်ကတော့ ''သူ( ဗိုလ်မှူးကြီးစောချစ်သူ) သတိပေးတာပဲရှိတာ။ သတိပေးတာလည်း ဒီဘက်မှာ အရမ်းလူသိသွားပြီ။ သူဘာမှ ထ, မလုပ်ပြလို့မရလို့ လုပ်ပြတာ။ မင်းတို့ ကျားဖြန့်တွေ အကုန်ပိတ်ပြီးပြန်လို့မှ မပြောတာ။ သူဘယ်တော့မှပြောမှာ မဟုတ်ဘူး။ သူတို့အကျိုးစီးပွားက သန်းနဲ့ချီရှိနေတာ'' လို့မှတ်ချက်ပြုပါတယ်။

BGF နဲ့ DKBA ဘာပြောလဲ

BGF ခေါင်းဆောင်က ဇန်နဝါရီ ၁၄ ရက် က ရွှေက္ကို က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးခဲ့တယ်ဆိုတဲ့အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Supplier

ဓာတ်ပုံ ပုံစာ, BGF ခေါင်းဆောင်က ဇန်နဝါရီ ၁၄ ရက် က ရွှေက္ကို က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးခဲ့တယ်ဆိုတဲ့အစည်းအဝေး

မြဝတီဒေသရဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကတောက်လျှောက်စွပ်စွဲပြီး သတိပေးချက်တွေနဲ့အစီရင်ခံစာတွေ ထုတ်နေပေမဲ့ DKBA နဲ့ BGF ဘက်ကတော့ ဒီလိုလုပ်ငန်းတွေ တရားဝင် မရှိဘူးလို့ ငြင်းဆိုပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူကို ဒီဖြစ်စဥ်တွေအပါအဝင် ဇန်နဝါရီ ၁၄ ရက်အစည်းအဝေးနဲ့ပတ်သက်ပြီး ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းကိုင်တာမရှိလို့ မေးမြန်းခွင့်မရခဲ့ပါဘူး။

ဘီဘီစီရဲ့ DKBA သတင်းရင်းမြစ်ကတော့ တရုတ်ရင်းနှီးမြုပ်နှံသူတွေက ဟိုတယ်၊ ကေတီဗီနဲ့ ကာစီနိုလို လုပ်ငန်းအမည်တွေနဲ့ လာရောက်ရင်းနှီးမြုပ်နှံကြတာဖြစ်လို့ သူတို့အနေနဲ့ ကျားဖြန့်လုပ်ငန်းတွေလို့မသိကြောင်း တုံ့ပြန်ပါတယ်။

နိုင်ငံတကာဖိအားတွေရှိလာတဲ့အတွက် DKBA နယ်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ပျောက်အောင်လုပ်ဖို့ လည်း တာဝန်ရှိသူတွေက ဆန္ဒရှိနေကြပြီလို့ DKBA သတင်းရင်းမြစ်က ပြောပါတယ်။

''သူတို့ကို နှစ်သက်တမ်းနဲ့လက်ခံထားတော့ ကျွန်တော်တို့က သူတို့အလုပ်တွေကို ချက်ချင်းမလုပ်တော့ ဖို့ပြောတာက ခက်တယ်။ ဒါပေမဲ့ ကျားဖြန့်လုပ်တာဆိုရင် ကျွန်တော်တို့ အရေးယူလို့ ရပါတယ်။ အဲဒါတွေကို စိစစ်ပြီး အရေးယူမှာပါ'' လို့ အမည်မဖော်လိုတဲ့ DKBA တပ်ပိုင်းဆိုင်ရာ သတင်းရင်းမြစ်က ပြောပါတယ်။

တရုတ်လုပ်ငန်းရှင်တွေနဲ့ အစည်းအဝေးတက်ခဲ့တဲ့ DKBA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝကို ဘီဘီစီက ဘာကြောင့် DKBA နယ်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေကိုလက်ခံထားတာလဲနဲ့ ဘာကြောင့် ဒီလုပ်ငန်းတွေကို သုတ်သင်နိုင်တာမရှိတာလဲဆိုတဲ့ မေးခွန်းကိုမေးခဲ့ပါတယ်။

''သူတို့(တရုတ်လုပ်ငန်းရှင်)တွေ အစည်းအဝေးမှာ သဘောတူသွားပြီလေ။ အဲဒီတော့ ပိုက်ဆံမလိမ်နဲ့ လိမ်တဲ့လုပ်ငန်းဆိုရင် အလုပ်ရုံ ရုတ်သိမ်းမယ်။ လိမ်တဲ့နေရာဆိုရင် အရေးယူမယ်။ ထောင်ချမယ်။ ကြည့်မယ်လေ သူတို့ ဘာလုပ်လဲ။ကျားဖြန့်ကို ကျွန်တော်လည်း လက်မခံဘူး '' လို့ DKBA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝက ဘီဘီစီကို တုံ့ပြန်ပါတယ်။