ဂရင်းလန်း ကို ထရမ့်အရယူဖို့ ကြိုးစားနေရာကနေ ဖြစ်လာနိုင်တဲ့ အခြေအနေ ၄ ခု

ထရမ့်၊ ဂရင်းလန်၊ အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်မော်တော်ယာဉ်လို့ ယူဆရတဲ့ ယာဉ်တစ်စင်း ဂရင်းလန်ကျွန်းပေါ်က ရေခဲပြင်ကို ဖြတ်သွား
  • ရေးသားသူ, လော်ရာ ဂေါ့ဇီ (ကိုပင်ဟေဂင်)၊ ရောဘတ် ဂရင်းနောလ် (လန်ဒန်)
  • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်က ဂရင်းလန်း ကျွန်းကို ရယူ ထိန်းချုပ်ဖို့ စိတ်ဝင်စားနေတယ်ဆိုတာကို သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင် သီတင်းပတ်တွေအတွင်းမှာ ထပ်ပြောလိုက်ပါတယ်။

ဂရင်းလန်း ကျွန်းဟာ အာတိတ်ဒေသက ဒိန်းမတ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအများအပြား ရှိရာနေရာဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးကျွန်းဖြစ်ပါတယ်။

သူပထမအကြိမ် သမ္မတတာဝန် ထမ်းဆောင်နေချိန် ၂၀၁၉ ခုနှစ်မှာ ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ဖို့ ရည်မှန်းထားတယ်ဆိုတာကို ပထမဆုံးအကြိမ် အရိပ်အမြွက် ထုတ်ပြောခဲ့ပါတယ်။

ဒါပေမဲ့ အခုပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ သူက ဒီကျွန်းကို ပိုင်ဆိုင်နိုင်ဖို့ စီးပွားရေး ဒါမှမဟုတ် စစ်ရေးအရ အင်အား သုံး မသုံး ဆိုတာကို တပ်အပ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒိန်းမတ်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဒါကို တုံ့ပြန်ကန့်ကွက်ခဲ့ကြပြီး ဂရင်းလန်းကျွန်းဟာ ရောင်းဖို့မဟုတ်ဘဲ တစ်လုံးတဝတည်း ရှိနေတဲ့ ပိုင်နက်နယ်မြေကို ဆက်ထိန်းထားသင့်တယ်လို့ ဆိုပါတယ်။

ဒီတော့ ဧရိယာ ၈၀ ရာခိုင်နှုန်းကို ရေခဲဖုံးလွှမ်းနေပေမဲ့ မတူးဖော်ရသေးတဲ့ သယံဇာတပစ္စည်းတွေအတော်များများ ရှိနေတဲ့ ဒီနယ်မြေကြီးနဲ့ ပတ်သက်လို့ နေတိုးရဲ့ မဟာမိတ်နှစ်နိုင်ငံအကြား ပုံမှန်မဟုတ်တဲ့ ဒီလိုအခြေအနေကနေ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

ဒါ့အပြင် ဒိန်းမတ်အစိုးရ နှစ်ပေါင်း ၃၀၀ ထိန်းချုပ်လာခဲ့တဲ့ ဂရင်းလန်း ကျွန်းမှာ နေထိုင်နေကြသူ လူဦးရေ ၅၆,၀၀၀ အကြား လွတ်လပ်ရေး ရယူလိုစိတ်က နောက်ဆုံးရလဒ်အပေါ် ဘယ်လိုရိုက်ခတ်လာနိုင်ပါလဲ။

ဂရင်းလန်း ကျွန်းရဲ့ အနာဂတ်အတွက် ဖြစ်လာနိုင်စရာ ရှိတဲ့ အချက် လေးချက်ကို ကောက်ကြောင်းဆွဲ ဆန်းစစ်ကြည့်ကြရအောင်ပါ။

ထရမ့်က စိတ်မဝင်စားတော့ဘဲ ဘာမှဆက်မဖြစ်တာ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထရမ့်ရဲ့ လုပ်ရပ်က တမင် လေလုံးထွားနေတာ ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတချို့လည်း ရှိနေပါတယ်။ ဒေသတွင်းမှာ သြဇာလွှမ်းမိုးဖို့ ရုရှားကရော တရုတ်ကပါ ကြိုးစားလာနေချိန်မျိုးမှာ ဒိန်းမတ်ကို ဂရင်းလန်းကျွန်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချလာအောင် လုပ်ဖို့ အခုလို ပြောတာလို့ ယူဆနေကြပါတယ်။

ပြီးခဲ့လက ဒိန်းမတ်က အာတိတ်ဒေသအတွက် ဒေါ်လာ ၁.၅ ဘီလျံဘိုး စစ်ရေးစီမံကိန်းသစ်တစ်ခုကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီစီမံကိန်းက ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်မလာခင်ကတည်းကိုက ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်လာအပြီး နာရီပိုင်းအတွင်းမှာပဲ ဒီစီမံကိန်းအကြောင်း ထုတ်ဖော်ကြေညာလိုက်တာဟာ ကံကြမ္မာရဲ့ လှည့်ကွက်တစ်ခု ဖြစ်တယ်လို့ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးက ဖော်ညွှန်းပြောဆိုခဲ့ပါတယ်။

ထရမ့်ပြောခဲ့တဲ့အထဲမှာ အာတိတ်ဒေသမှာ လုံခြုံရေး ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ဒိန်းမတ်မှာ တာဝန်ရှိနေပြီး ဒါကိုမလုပ်နိုင်ရင် အမေရိကန်ကို လုပ်ခွင့်ပေးရမယ် ဆိုတဲ့ စကားဟာ အရမ်းကို အရေးပါ တယ်လို့ Politiken သတင်းစာရဲ့ နိုင်ငံရေးသတင်းထောက် အကြီးအကဲ အယ်လိဆဘက် ဆဗိန်း က ပြောပါတယ်။

နိုင်ငံတကာဆီက အခွင့်အာဏာတွေ ပိုရအောင် လွတ်လပ်ရေးရရေး ရှေးရှုတဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ဂရင်းလန်း က ဒီအခြေအနေကို အသုံးပြုနေသလို ထရမ့်ကလည်း သမ္မတရာထူး လက်မခံခင် သူ့ကိုယ်သူ နေရာရအောင် လုပ်တာ ဖြစ်တယ်လို့ ဒိန်းမတ်ကာကွယ်ရေး တော်ဝင် ကောလိပ်က တွဲဖက် ပါမောက္ခ မာ့က် ဂျေကော့ဆန် က ယူဆနေပါတယ်။

ဒီတော့ တကယ်လို့ ထရမ့်က အခုချိန်မှာ ဂရင်းလန်းကျွန်းကို ရယူဖို့ စိတ်မဝင်စားတော့ဘူး ဆိုရင်တောင် ဖြစ်အလာနိုင်ဆုံးကတော့ ထရမ့်အနေနဲ့ ဒီကိစ္စကို အများအာရုံစိုက်လာအောင် မီးမောင်းထိုးပြမှာ သေချာတယ်လို့ ပါမောက္ခ ဂျေကော့ဆန် က ယူဆထားပါတယ်။

ဒါပေမဲ့ ဂရင်းလန်းကျွန်း လွတ်လပ်ရေး ရရေးကိစ္စက နှစ်ပေါင်းများစွာကတည်းက ဆွေးနွေးပြောဆိုနေခဲ့တာ ဖြစ်ပြီး ဒီ အချေအတင် ပြောဆိုမှုတွေဟာ အခုအခါ ဆန့်ကျင်ဘက်ကို ဦးတည်သွားမယ့်ပုံမျိုးတောင် ရှိနေပါတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဂရင်းလန်း ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုတွေက ပိုအေးဆေးတည်ငြိမ်လာတာကို ကျွန်မသတိပြုမိပါတယ်။ သူက ပြောသွားပါတယ် '' ကျွန်တော်တို့ လွတ်လပ်ရေး လိုချင်ပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်ပါ ဆိုပြီး သူ ပြောသွားပါတယ်"လို့ ဆဗီးန် က ပြန်ပြောပြပါတယ်။

ထရမ့်၊ ဂရင်းလန်၊ အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂရင်းလန်ကျွန်းရဲ့ အလံ

လွတ်လပ်ရေးပေးဖို့ ဂရင်းလန်းပြည်သူတွေ မဲပေးတောင်းဆို

နောက်ဆုံးမှာ တဖြည်းဖြည်းနဲ့ လွတ်လပ်ရေး ရလာမယ် ဆိုတဲ့အကြောင်းနဲ့ တကယ်လို့ ဂရင်းလန်း ပြည်သူတွေက ဒါကို မဲပေးတောင်းဆိုကြမယ်ဆိုရင် ဒိန်းမတ်က လက်ခံမှာဖြစ်ပြီး လွတ်လပ်ရေး အတည်ပြုပေးမယ်ဆိုတာကို ဂရင်းလန်းကျွန်း လူထုအကြား လက်ခံယူဆထားခဲ့ကြပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဝန်ဆောင်မှုနဲ့ လူမှုဖူလုံရေးစနစ် လို ဝန်ဆောင်မှုမျိုးတွေအတွက် ဒိန်းမတ်အစိုးရဆီကနေ လောလောဆယ် ရနေတဲ့ ထောက်ပံ့ကြေးတွေ ဆက်ရနိုင်ဖို့ အာမ မခံရင်တော့ ဂရင်းလန်းပြည်သူတွေက လွတ်လပ်ရေးအတွက် မဲပေးတောင်းဆိုတာမျိုး လုပ်ကြမှာ မဟုတ်ပါဘူး။

"အခုအခါ ဂရင်းလန်း ဝန်ကြီးချုပ်အနေနဲ့ အကြီးအကျယ် ဒေါသထွက်ကောင်း ထွက်နေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူထုဆန္ဒခံယူပွဲတစ်ခု ကျင်းပပေးရမယ့် အချိန်မျိုးမှာ သူ့အနေနဲ့ ဂရင်းလန်းရဲ့ စီးပွားရေးနဲ့ လူမှုဖူလုံရေးစနစ်ကို ဘယ်လိုကယ်ဆယ်ရမလဲဆိုတဲ့အကြောင်း လူတွေယုံလာအောင် တနည်းနည်းနဲ့ သိမ်းသွင်းပြောပြဖို့ လိုနေပါတယ်။" လို့ Danish Institute for International Studies ဒိန်းမတ် နိုင်ငံတကာဘာသာရပ် အဖွဲ့ရဲ့ ထိပ်တန်း သုတေသီ ယူလ်ရစ် ဂက်ဒ် က ဘီဘီစီကို ပြောပါတယ်။

ဖြစ်လာနိုင်တဲ့ နောက်ခြေလှမ်းတစ်ရပ်က မာရှယ်လ်ကျွန်းစု၊ မိုင်ခရိုနီးရှားနဲ့ ပါလောင် တို့လို ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ လွတ်လပ်တဲ့ဆက်နွှယ်မှုမျိုး အမေရိကန် က ဂရင်းလန်းကျွန်းနဲ့ ထားရှိလာနိုင်ပါတယ်။

ဂရင်းလန်ရော၊ ဖာရိုးကျွန်းစုပါ ဒီလိုအနေအထားမျိုး ဖြစ်မလာအောင် ဒိန်းမတ်အစိုးရက အရင်က ကန့်ကွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိ ဂရင်းလန် ဝန်ကြီးချုပ် မက် ဖရက်ဒရစ်ဆန်ကတော့ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်တာမျိုး မရှိပါဘူး။

"ဒိန်းမတ်အစိုးရက ကိုလိုနီနိုင်ငံတွေ ထားရှိရမယ့် တာဝန်တွေကို လက်ခံလာပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကထက်စာရင် အခုအခါ ဂရင်းလန်းနဲ့ သမိုင်းကြောင်း အတွေ့အကြုံတွေကို အများကြီး ပိုနားလည်လာပါပြီ။" လို့ သူက ပြောပါတယ်။

"လက်ရှိ ဆွေးနွေးမှုတွေအရ ဒိန်းမတ်အစိုးရကို အာတိတ်ဒေသမှာ ဆက်ထားထားဖို့နဲ့ ဂရင်းလန်းကျွန်းနဲ့ တနည်းတဖုံ ဆက်ဆံရေး ဆက်ထားဖို့ ဝန်ကြီးချုပ် ဖရက်ဒရစ်ဆန် ကို သိမ်းသွင်းကောင်း သိမ်းသွင်းနိုင်မယ်။" လို့ သူက ဖြည့်စွက်ပြောပါတယ်။

ဒါပေမဲ့ တကယ်လို့ ဂရင်းလန်က ဒိန်းမတ်ကို မောင်းထုတ်ပစ်နိုင်စွမ်း ရှိတယ်ဆိုရင်တောင် အမေရိကန်ကိုတော့ မမောင်းထုတ်နိုင်ဘူးဆိုတာ အခုနှစ်ပိုင်းတွေမှာ ပိုထင်ရှားလာနေပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ထိန်းချုပ်ထားခဲ့အပြီး ဂရင်းလန်းကျွန်းကနေ အမေရိကန်တွေက လုံးဝ မထွက်တော့ဘဲ သူတို့ရဲ့ လုံခြုံရေးအတွက် ဒီကျွန်းက အရေးပါတယ်လို့ ယူဆနေပါတယ်။

၁၉၅၁ ခုနှစ် သဘောတူချက်အရ ဒိန်းမတ်က ဂရင်းလန်းကျွန်းကို အခြေခံအချုပ်အခြာအာဏာ အတည်ပြုပေးခဲ့ပေမဲ့ တကယ်တမ်း ဒီသဘောတူချက်က အမေရိကန်ကို သူတို့လုပ်ချင်တာ လုပ်ခွင့်ပြုထားခဲ့ပါတယ်။

ဂရင်းလန်း တာဝန်ရှိပုဂ္ဂိုလ်တွေက အမေရိကန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အခုနောက်ဆုံး အမေရိကန်အစိုးရအဖွဲ့နှစ်ဖွဲ့နဲ့ ဆက်သွယ် စကားပြောတာတွေ လုပ်ခဲ့တယ်လို့ ဒေါက်တာ ဂက်ဒ်က ပြောပါတယ်။

"အမေရိကန်က ဘယ်တော့မှ ထွက်ပေးမှာ မဟုတ်ဘူးဆိုတာကို သူတို့အခု သိနေကြပါပြီ" လို့သူက ပြောပါတယ်။

ထရမ့်က စီးပွားရေးအရ ဖိအား တိုးမြှင့်ပေးလာတာ

အမေရိကန်ဟာ ဒိန်းမတ် ဒါမှမဟုတ် အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေအပေါ် မှာတောင် အခွန်တွေ အကြီးအကျယ် တိုးမြှင့်ချမှတ်လာနေပြီး ဂရင်းလန်းနဲ့ ပတ်သက်လို့ ဒိန်းမတ်ဘက်က လိုက်လျောမှုတချို့ မလုပ်ဘဲ မနေနိုင်အောင် ဖိအားပေးလာနိုင်ပါတယ်။

ဒါကြောင့် ထရမ့်ရဲ့ စီးပွားရေးပိုင်းဆိုင်ရာ ကြွားလုံးထုတ်ပြောဆိုမှုတွေက ဒိန်းမတ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒိန်းမတ်အစိုးရက အာတိတ်ပိုင်နက် နယ်မြေအတွက်တင်မဟုတ်ဘဲ ဒီ စီးပွားရေးပိုင်းအတွက်ကိုပါ ပြင်ဆင်ထားတယ်လို့ ဒေါက်တာ ဂျေကော့ဆန် က ပြောပါတယ်။

အမေရိကန်နိုင်ငံထဲ သွင်းတဲ့ သွင်းကုန်အားလုံးအပေါ် တပြေးညီ ၁၀ ရာခိုင်နှုန်း အခွန်ချမှတ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ပြောဆိုထားပါတယ်။ ဒါဟာ ဥရောပရဲ့ တိုးတက်မှုနှုန်းကို သိသိသာသာ ထိခိုက်လာနိုင်ပြီး တခြား ဥရောပကုမ္ပဏီတွေက အမေရိကန်မှာ ထုတ်လုပ်မှုလုပ်ငန်းတွေ အခြေစိုက်ဖို့ အခုအခါ စဉ်းစားလာနေကြပြီလို့ ဒိန်းမတ်လူမျိုး တချို့က ပြောပါတယ်။

အခွန်နှုန်း တိုးမြှင့်မှုတွေ လုပ်ဖို့ နည်းလမ်းတွေထဲမှာ ၁၉၇၇ ခုနှစ် နိုင်ငံတကာ အရေးပေါ် စီးပွားရေး အင်အားကြီးနိုင်ငံများ ဥပဒေ (IEEPA) ကို အသုံးချတဲ့နည်းကို ထည့်သွင်းလာနိုင်တယ်လို့ Pillsbury နိုင်ငံတကာ ဥပဒေကုမ္ပဏီက ဘင်ဂျမင် ကိုတေးက MarketWatch ဝက်ဆိုက်ကို ပြောပါတယ်။

အဲဒီအတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အဓိက ဒိန်းမတ်စက်မှုလုပ်ငန်းကြီးတွေထဲက တစ်ခုကတော့ ဆေးဝါးလုပ်ငန်း ဖြစ်ပါတယ်။ နားကြားကိရိယာတွေလို ထုတ်ကုန်တွေ၊ အင်ဆူလင်ဆေးအများစုနဲ့ Novo Nordisk ဒိန်းမတ်ကုမ္ပဏီထုတ် Ozempic လို ဆီးချိုဆေးတွေကို ဒိန်းမတ်နိုင်ငံကနေ အမေရိကန်က လက်ခံတင်သွင်းနေတာ ဖြစ်ပါတယ်။

ဒီလိုအခွန်နှုန်း တင်းကျပ်တာကြောင့် ဆေးဝါးစျေးနှုန်းတွေ ထိုးတက်လာရင် အမေရိကန်လူထုအကြား အကြိုက်တွေ့ကြမှာ မဟုတ်ဘူးလို့ အကဲခတ်တွေက ပြောနေပါတယ်။

ထရမ့်၊ ဂရင်းလန်၊ အမေရိကန်
ဓာတ်ပုံ ပုံစာ, ဂရင်းလန်းကျွန်း၊ မြောက်အမေရိကနဲ့ ဥရောပဒေသရဲ့ ဘီဘီစီမြေပုံ

ဂရင်းလန်းကျွန်းကို ထရမ့်ကျူးကျော်သိမ်းပိုက်တာ

"နျူကလီးယားသုံး" တိုက်ခိုက်ဖို့ ဆိုတာမျိုးကတော့ အလှမ်းဝေးလွန်းလှတယ်လို့ ယူဆရမှာပါ။ ဒါပေမဲ့ ထရမ့်က စစ်အင်အား သုံးမသုံး သူအတပ် မပြောနိုင်ဘူးလို့ ဆိုထားတော့ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

တကယ်တန်း ဂရင်းလန်း ကျွန်းမှာ စစ်စခန်းတွေ၊ တပ်ဖွဲ့ဝင်တွေ အများအပြား ချထားတဲ့ အမေရိကန်အတွက် ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့က သိပ်မခက်လှပါဘူး။

"အမေရိကန်က အဲဒီမှာ လက်တွေ့ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်" လို့ ပါမောက္ခ ဂျေကော့ဆန် က ပြောပါတယ်။ ထရမ့်ရဲ့ ပြောဆိုချက်တွေအရ သူဟာ လက်တွေ့အခြေအနေကို သိထားပုံမရဘဲ သူဘာပြောလို့ ပြောသလဲဆိုတာကိုလည်း နားလည်ပုံမရဘူး လို့ ဆိုပါတယ်။

အမေရိကန်အစိုးရက စစ်အင်အား ထုတ်သုံးလာမယ်ဆိုရင်တော့ နိုင်ငံတကာကပါ ဝင်ပါလာတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာလိမ့်မယ် လို့ သူကပြောပါတယ်။

"တကယ်လို့သာ အမေရိကန်က ဂရင်းလန်း ကျွန်းကို ကျူးကျော်သိမ်းပိုက်မယ်ဆိုရင် နေတိုးကို ကျူးကျော်တာနဲ့ အတူတူပါပဲ" လို့ ဆဗိန်း က ပြောပါတယ်။

"ဒီတော့ ဒီမှာတင် ရပ်တန်းက ရပ်ဖို့ ကောင်းပါတယ်။ ပုဒ်မ ၅ အရ ဒီလို ဖြစ်လာနိုင်ပါလိမ့်မယ်။ တကယ်လို့ နေတိုးအဖွဲ့ဝင်နိုင်ငံက နေတိုးကို ကျူးကျော်မယ်ဆိုရင် နေတိုး အဖွဲ့ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။"

ထရမ့်ရဲ့ ပြောပုံက "ထိုင်ဝမ်အကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောတဲ့ပုံ" ဒါမှမဟုတ် "ယူကရိန်းအကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ပြောတဲ့ပုံ"နဲ့ ဆင်တူနေတယ်လို့ ဒေါက်တာ ဂက်ဒ် ကဆိုပါတယ်။

"ဒီမြေကို ငါတို့သိမ်းတာက တရားဝင်တယ်ဆိုပြီး ထရမ့်က ပြောနေတာပါ။ တကယ်လို့များ သူက တကယ့်ကို လေးလေးနက်နက် ပြောနေတာ ဆိုရင်တော့ နေတိုး အနောက်အုပ်စု မဟာမိတ်အဖွဲ့ကြီးတစ်ခုလုံးအတွက် နမိတ်ဆိုးကြီး ဖြစ်ပါလိမ့်မယ်။" လို့ ဒေါက်တာ ဂက်ဒ် ကပြောပါတယ်။