ရခိုင်စစ်ရေးကြောင့် ဧရာဝတီမှာစစ်ကြောင်းပြင်

ပုသိမ်မြို့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Wiki

ဓာတ်ပုံ ပုံစာ, ပုသိမ်မြို့မြင်ကွင်း

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်းအတွင်း စစ်ရေးပြင် ဆင်မှုတွေကို စစ်ကောင်စီကလုပ်နေတယ်လို့ ဒေသခံတွေကြားပြောဆိုမှုတွေရှိနေပါတယ်။

ဧရာဝတီတိုင်းက ရခိုင်ဘက်နဲ့ဆက်နေတဲ့မြို့တွေမှာ စစ်ကြောင်းထိုးတာ၊ စစ်ကြောင်းလှည့်တာတွေ ကို ပြုလုပ်နေတယ်လို့ အဲဒီအခြေအနေတွေကို သိရှိတဲ့ ဧရာဝတီတိုင်းကစစ်ရေးရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်၊ ရေကြည်၊ မြန်အောင်နဲ့ ကြံခင်းမြို့နယ်တွေမှာ ရခိုင်ပြည်နယ်ဘက်ကနေ အေအေ အပါအဝင် ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်မှုမရှိစေဖို့ စစ်တပ်ကပြင်နေတာလို့ ရေကြည်ဒေသခံတချို့ ကဆိုပါတယ်။

ပုသိမ်မြို့နယ်ထဲက မကျည်းစင်ရွာ၊ ရေကြည်မြို့နယ်ထဲက ကုန်းပြင်နဲ့ ရေနံ့သာရွာ၊ မြန်အောင်နဲ့ ကြံခင်း မြို့ နယ်ဘက်က ကွင်းကောက်ရွာစတဲ့နေရာတွေမှာ အဓိထားလုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲဒီနေရာတွေက ရခိုင်ပြည်နယ် ဂွမြို့နဲ့ မိုင် ၂၀ ကနေ ၃၀ အတွင်းသာကွာဝေးတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်မှု မရှိသလောက် ဖြစ်နေတဲ့၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် 'ဧရာဝတီတိုင်းရဲ့တည်ငြိမ်မှုကိုအသိအမှတ်ပြုတယ်" လို့ ထုတ်ပြောထားတဲ့ အဲဒီ တိုင်းဒေသကြီးမှာ ရခိုင်ဘက်ကနေ တိုက်ပွဲတွေမကူးစက်လာအောင် စစ်ကောင်စီဘက်က ရခိုင်နဲ့ကုန်းကြောင်း ရေကြောင်းဆက်စပ်နေတဲ့ ဧရာဝတီတိုင်းမှာ သိသာတဲ့ စစ်ပြင်စစ်ကာမှုတွေပြုလုပ်လာတာပါ။

ဧရာဝတီတိုင်းအတွင်းက ပင်လယ်ကမ်းစပ်မြို့အချို့မှာလည်း လက်နက်ကြီးပစ်ခတ်စမ်းသပ်မှုတွေ မကြာခဏရှိနေတယ်လို့ အဲဒီအခြေအနေကိုသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒါအပြင် ဧရာဝတီတိုင်းအတွင်း လုံခြုံရေးကိုလည်း အင်ဂျင်နီယာတပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့ တပ်၊ စစ်လက်နက်ထုတ်လုပ်ရေးတပ်စတဲ့ လက်ရုံးတပ်ကအင်အားတွေကိုသာ အသုံးပြုနေတယ်လို့ ဧရာဝတီတိုင်းရဲ့ လုံခြုံရေးအခြေအနေကို သိရှိသူက ဘီဘီစီကို ပြောပြပါတယ်။

ဧရာဝတီတိုင်းဘက်က ခြေလျင်တပ်ရင်း ၃၆၊ ၃၈၊ ၂၇၁ တို့က တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေ ရခိုင်ဘက်ကို အဓိကစစ်ကူနေရတဲ့အချိန် ဧရာဝတီတိုင်းရဲ့ လုံခြုံရေးအခြေအနေက လျော့နေတယ်လို့ဆိုပါတယ်။

'' ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးသာ အေအေကထိန်းချုပ်နိုင်ရင် ဧရာဝတီတိုင်းကသိပ်တိုက်စရာမလိုတော့ဘူး။ ဧရာဝတီကတပ်တွေက တော်တော်ကြီးကိုအင်အားယုတ်လျော့နေတာရှိတယ်၊ ခုခံစစ်လုပ်ထားတာမရှိဘူး '' လို့ စစ်ရေးအခြေအနေကိုသိရှိသူကပြောပါတယ်။

ရခိုင်မှာတိုက်ပွဲတွေစဖြစ်ချိန်ကတည်းက ဧရာဝတီဘက်က တပ်ရင်းတွေကို ကုန်းလမ်း၊ ရေလမ်း ၂ ဘက်က နေစေလွှတ်ပြီး စစ်တွေမှာစုရပ်လုပ် အဲဒီကတဆင့် ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်မျက်နှာပြင်ကို စေလွှတ်တယ်လို့ စစ်ရေးအရင်းမြစ်ကပြောပြပါတယ်။

ရခိုင်တောင်ပိုင်းအထိ စစ်ပွဲတွေရှိလာချိန်မှာတော့ ငပုတောမြို့နယ်ထဲက ဟိုင်းကြီးကျွန်းရေတပ်စခန်းမှာ စုစည်းပြီး ရေလမ်းကနေ ကျောက်ဖြူကို ပို့ဆောင်ပါတယ်။ အဲဒီကတဆင့် စစ်တွေမှာ စုရပ်လုပ်ပြီး ရခိုင်ရဲ့ တောင်မြောက်ရှေ့တန်းစစ်မျက်နှာတွေကို ရဟတ်ယာဥ်နဲ့ ပို့တာတွေ ဆက်ရှိနေတယ်လို့ သူကပြောပါတယ်။

ရက္ခိုင့်တပ်တော် ကျောက်တော်ကိုသိမ်းပိုက်ခဲ့စဥ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info

ဓာတ်ပုံ ပုံစာ, ရက္ခိုင့်တပ်တော် ကျောက်တော်ကိုသိမ်းပိုက်ခဲ့စဥ် (ပုံဟောင်း)

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ရဲ့ နယ်မြေဆက်စပ်မှုအပေါ်မူတည်ပြီး စစ်ရေးအရအရေးပါတယ်လို့ စစ်ရေးအကဲခတ်တွေကထောက်ပြပါတယ်။

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ဟာ ကုန်းကြောင်းရော ရေကြောင်းပါဆက်စပ်နေတာကြောင့် စစ်ရေးအရအရေးပါလို့ ဧရာဝတီတိုင်းကို စစ်ကောင်စီက စစ်ရေးကာကွယ်မှုတွေလုပ်နေတာ ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေကထောက်ပြပါတယ်။ ဒါကြောင့် ရခိုင်တစ်ပြည်နယ်လုံးကို အေအေကရခဲ့ရင်တောင် စစ်ကောင်စီက ဧရာဝတီတိုင်းကို အခိုင်အမာ ခြေကုပ်ယူပြင်ဆင်ထားပြီး ရခိုင်ကို ပြန်ရဖို့ လုပ်လာနိုင်တယ်လို့ CDM ဗိုလ်ကြီး စင်ယော်က သုံးသပ်ပါတယ်။

'' ရခိုင်တောင်ရော မြောက်ရောကို အေအေကသိမ်းလိုက်ရင်တောင် ဧရာဝတီကိုမထိန်းချုပ်ထားရင်စစ်တပ်ကတန်ပြန်တိုက်မှာတွေ နဲ့ နောက်ပြီး ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဧရာဝတီက တဆင့် ရေလမ်းရော ကုန်းလမ်းရောကပါ ပြန်ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်လာတယ်။ လုပ်လည်းလုပ်မှာပဲ '' လို့ CDM ဗိုလ်ကြီးစင်ယော်ကသုံးသပ်ပြောပြပါတယ်။

ဒါကြောင့်လက်ရုံးအင်အားတွေနဲ့ တိုင်းရဲ့ လုံခြုံရေးကိုဆောင်ရွက်နေတာအပါအဝင် စစ်သားလိုအပ်ချက် ကြောင့် ဧရာဝတီတိုင်းဘက်မှာလည်း ပြည်သူ့စစ်တွေစုဆောင်းဖွဲ့စည်းတာတွေကို တပြိုင်တည်း လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ တည်ရှိတဲ့ ကျေးရွာအုပ်စုအရေအတွက်ပေါ်မူတည်ပြီး တိုင်းအတွင်း မြို့နယ်တစ်ခုကနေ ပြည်သူ့စစ်အဖွဲ့ဝင် ၃၀၀ လောက်ကို တိုင်းမှူးတွေက တောင်းယူနေတယ်လို့လည်း စစ်ဘက်သတင်းတွေကို စုစည်းသိရှိထားတဲ့ စစ်ရေးရင်းမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

'' ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်းမှူးတို့ တွေ့ဆုံပြီး တရားဝင်လုပ်ဆောင်ခဲ့တာ။ဒါပေမဲ့တောင်းဆိုတဲ့ အင်အားကို ပြည့်ဝအောင် ပေးအပ်နိုင်တာမျိုးတော့ မရှိသေးဘူး'' လို့မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပြပါတယ်။

လက်ရှိမှာတေ အဲဒီပြည်သူ့စစ်အဖွဲ့ဝင်တွေကို ပုသိမ်မြို့က အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တပ်မတော် လေ့ကျင်ရေးသင်တန်းကျောင်းနဲ့ ခြေမြန်တပ်ရင်း ၂၇၁ တို့ထဲမှာ အသုတ်လိုက်ခွဲပြီး အခြေခံ စစ်သင်တန်းတွေ ပေးနေတာလည်းရှိပါတယ်။