စစ်တပ်လေကြောင်းတိုက်ခိုက်မှုက ခြေမွှလိုက်တဲ့ ဘဝတွေ
“ကစားသမားတစ်ယောက် ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက ကာကွယ်ခုခံနိုင်ပါသလဲ ဒါမှမဟုတ် ပြန်ပြီး တိုက်ခိုက်နိုင်ပါသလဲ”
ရှမ်း-ကယားနယ်စပ်က ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အပျက်အစီးပုံတွေထဲမှာ ဖွင့်လျက်သားတွေ့ရတဲ့ ကျောင်းသင်ခန်းစာ ဗလာစာအုပ်တစ်အုပ်ထဲမှာ အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ လေ့ကျင့်ခန်းမေးခွန်းတစ်ခုဖြစ်ပါတယ်။
စက်တင်ဘာ ၅ ရက်၊ ည ကိုးနာရီကျော်မှာ စစ်ကောင်စီရဲ့ လေယာဥ်ကနေ ကြဲချလိုက်တဲ့ ဗုံးတွေဟာ ရှမ်း-ကယားအစပ်၊ ဘန်ကောက်စစ်ရှောင်စခန်းအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးသူငယ်တွေ အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးတဲ့ ၉ ဦးထဲမှာ ၇ ဦးက ကျောင်းသားကလေးငယ်တွေဖြစ်ပြီး အပျက်အစီးပုံတွေထဲ ပုံနှိပ်ဖတ်စာအုပ်နဲ့ ဗလာစာအုပ်တွေလည်း ကျဲပြန့်နေတာလည်း လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာ တွေ့မြင်ရပါတယ်။
(ဒီဆောင်းပါးမှာ စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာတွေပါရှိကြောင်း ကြိုတင် အသိပေးပါရစေ။)
သေဆုံးသူ ကလေးငယ်တွေက အသက် ၁၀ နှစ်ကနေ ၁၃ နှစ်ကြား အရွယ်တွေဖြစ်ပြီး အဲဒီထဲမှာ သူတပည့် ကျောင်းသူတစ်ဦးပါဝင်တယ်လို့ အဲဒီစစ်ရှောင်စခန်းမှာ စာသင်ပေးနေတဲ့ ကျောင်းဆရာ ကိုဇော်ဟိန်းက ပြောပါတယ်။
အခုလို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကို ရှမ်း-ကယားအစပ်က စစ်ရှောင်ကလေးငယ်တွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာ ကိုဇော်ဟိန်းလည်း မကြာခဏ ကြုံတွေ့ရပါတယ်။
ဒီနှစ် ဧပြီ ၁၁ ရက်ကဆို သူရှိနေတဲ့ ကရင်နီဒေသတစ်နေရာက ဆေးရုံတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးနှစ်လုံးကြဲခဲ့ပေမဲ့ သေကံမရောက် သက်မပျောက်ခဲ့ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ အခုတစ်ခေါက် စစ်တပ်က ဗုံးကြဲလို့ ဘန်ကောက်စစ်ရှောင်စခန်းက သူ့ရဲ့ ကျောင်းသားကျောင်းသူတွေ အသက်ဆုံးခဲ့ရတဲ့အဖြစ်မျိုးဟာ ကိုဇော်ဟိန်းအတွက် ပထမဆုံးအကြိမ် မဟုတ်ခဲ့ဘူးလို့ ပြောပါတယ်။
“ဘုရားသခင်က ကျွန်တော့်လို ဆိုးတဲ့သူကို ဘာကြောင့် မခေါ်တာလဲ မသိဘူး။ ကျွန်တော့်ကို အမြဲစိုးရိမ်ပေးတဲ့ ကလေးတွေ။ အဲဒီလို ပါပါသွားတာ မြင်ရင် ယူကျုံးမရတဲ့ ခံစားချက်ကတော့ ဒီတစ်ခေါက်မှတော့ မဟုတ်ဘူး။ အရှေ့တွေမှာလည်း ရှိခဲ့ဖူးတယ်။” လို့ ကိုဇော်ဟိန်းက တုန်တုန်ရီရီနဲ့ ပြောတယ်။
အခုတစ်ခေါက်နဲ့ဆို ဖယ်ခုံက အဲဒီစစ်ရှောင်စခန်းနေရာဗုံးကြဲခံရတာ သုံးကြိမ်ရှိပြီး ဒီတစ်ကြိမ်က အဆိုးဆုံးနဲ့ အပျက်အစီးအများဆုံး ဖြစ်ပါတယ်။
စစ်တပ်က စက်တင်ဘာ ၃ ရက်ကစလို့ ရှမ်းတောင်၊ ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ မကွေးမှာ လေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့တာကြောင့် လူ ဆယ်နဲ့ချီသေဆုံးခဲ့ရပြီး အဲဒီထဲမှာကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများဆုံး ပါဝင်နေပါတယ်။
ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ လိုအပ်သလိုတုံ့ပြန်မယ် လို့ စစ်ခေါင်းဆောင်ပြောအပြီး ရက်ပိုင်းအတွင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ခုလို ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာတာပါ။
ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်(TNLA) ထိန်းချုပ်နယ်မြေ နမ့်ခမ်း၊ မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ချင်းပြည်နယ်ထဲက မင်းတပ်မြို့နယ်တို့ကိုလည်း တစ်ရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှုဆက် တိုက်ပြုလုပ်ခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာ သေဆုံးသူ အနည်းဆုံး အယောက် ၄၀ နီးပါးရှိပြီး အဲဒီထဲမှာ နမ့်ခမ်းမြို့ က ၁၃ ဦးနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ ညအချိန် ဗုံးကြဲခံရတာဖြစ်လို့ အိပ်စက်နေရင်းမှာပဲ မိသားစုလိုက် သေဆုံးသွားသူတွေရှိသလို ဗုံးခိုကျင်းထဲ ဆင်းပြီး ပုန်းရှောင်းရင်းကနေ အဲဒီကျင်းပေါ် တည့်တည့်ကျလို့ မိသားစုလိုက် ဆုံးပါးသူတွေလည်း ရှိခဲ့ပါတယ်။
နမ်းခမ်းမြို့ ဗုံးကြဲတိုက်ခိုက်ရမှုမှာ နမ့်ခမ်းမြို့ ကရုဏာပရဟိတအဖွဲ့ဝင် မိုင်းအိုက်လင်းတို့ မိသားစု လေး ဦးလုံး သေဆုံးခဲ့ပါတယ်။
မိုင်းအိုက်လင်းက ပရဟိတအသင်းကို ငွေအား လူအား ပါဝင်ဆောင်ရွက်ပေးနေသူဖြစ်ပြီး မိတ်ဆွေပေါ များသူပါ။ ငွေကြေးမတတ်နိုင်တဲ့ ဝါသနာရှင်လူငယ်တွေအတွက် ဘောလုံးအသင်းတည်ထောင်ပေးထားပြီး ဒီနှစ်အတွက် ထုတ်ထားတဲ့ အသင်းဝတ်စုံဂျာစီအင်္ကျီကိုတောင် ဝတ်မသွားရဘူးလို့ ငယ်သူငယ်ချင်းဖြစ်တဲ့ နမ့်ခမ်းမြို့ ကရုဏာပရဟိတအသင်း ဥက္ကဋ္ဌ မိုင်းရိုင်အေးက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတဲ့ စက်တင်ဘာ ၆ ရက် မနက် ၁နာရီလောက်မှာ သူတို့မိသားစုဟာ ညစျေးက မိုင်းအိုက်လင်းရဲ့ ဖုန်းဆိုင်အပေါ်ထပ်မှာ အိပ်ပျော်နေကြတာလို့ မိုင်းရိုင်အေးကပြောပါတယ်။
စစ်ကောင်စီက ဗုံးကြဲပြီး ၇ မိနစ်အကြာ ကယ်ဆယ်ရေးသမားတွေ အဲဒီကို ရောက်သွားချိန်မှာတော့ မိုင်းအိုက်လင်းတို့ အိမ်က မီးလောင်နေပါပြီ။
အထဲမှာတော့ မိုင်းအိုက်လင်းက အသက်မျော့မျော့သာကျန်တော့ပြီး သူ့ ဇနီးနဲ့ သမီးဖြစ်သူကတော့ အသက်မရှိတော့ဘူးလို့ ကယ်ထုတ်ခဲ့သူတစ်ဦးက ပြောပါတယ်။
အဲဒီအချိန် မိုင်းအိုက်လင်းက “ကျွန်တော်ဘာမှ မဖြစ်ပါဘူး။ ကျွန်တော့် မိန်းမနဲ့ သမီးကိုပဲ ကြည့်ပေးပါ။ ကျွန်တော့်အမေကိုလည်း မပြောပြပါနဲ့။ မနက်ရောက်မှ ပြောလိုက်ပါ။” လို့ လာပြီးကယ်ထုတ်ပေးတဲ့ သူ့ငယ် သူငယ်ချင်း မိုင်းရိုင်အေးကို ပြောပါတယ်။
အဲဒီလိုပြောနေချိန် မိုင်းအိုက်လင်းရဲ့ တင်ပါးဆုံက ဗုံးမှန်ထားလို့ အပေါက်ကြီးဖြစ်နေပါတယ်။ ကယ်ထုတ်ခဲ့သူတွေကတော့ မိုင်းအိုက်လင်းကို ဆေးရုံခေါ်သွားဖို့ ကားပေါ်အတင်မှာပဲ ဆုံးသွားခဲ့တာပါ။
မိုင်းအိုက်လင်း မိခင်ဖြစ်သူက တခြားတစ်နေရာမှာ နေထိုင်တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
လူချစ်လူခင်ပေါများတဲ့ သူငယ်ချင်းဖြစ်သူကို မျက်စိရှေ့တင်ဆုံးရှုံးလိုက်ရတဲ့ မိုင်းရိုင်အေးကတော့ “လူအယောက် ၁၀၀ မှာ တစ်ယောက်ပဲ သူ့လို ပရဟိတ စိတ်ဓာတ်ရှိတာ။ သူဒီလို ထိသွားတာ တအားဝမ်းနည်းတယ်။ မိသားစုလည်း တစ်ယောက်မှမကျန်တေ့ာဘူး။ မွေးလာမယ့်ကလေးလွယ်ထားတဲ့ သူ့မိန်းမတောင် မကျန်ခဲ့ဘူး။ ဘယ်လောက်စိတ်ဒုက္ခရောက်စရာကောင်းလဲဗျာ။” လို့ ပြောပါတယ်။
နမ့်ခမ်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၁ အပြီး တအောင်းတပ်(TNLA) က ထိန်းချုပ်ခဲ့တဲ့နောက် ငါးလကျော်အတွင်းမှာ အခုတစ်ကြိမ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
TNLA ကတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လေကြောင်းရန်အသိပညာပေးအစီအစဉ်တွေ လုပ်ပေမယ့် အခုလို လူတွေ အိပ်စက်ချိန်မှာ စစ်ကောင်စီ ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဘီဘီစီကို ပြောပါတယ်။
''ပြည်သူတွေကို ထိရောက်တဲ့ အကာအကွယ်တွေပေးဖို့ ကျွန်မတို့ အဖြေရှာနေကြပါတယ်''
ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုလည်း စက်တင်ဘာ ၈ ရက်၊ အရုဏ်တက် မနက်လေးနာရီ ဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် စက်တင်ဘာလ ၉ ရက် မနက်ပိုင်းမှာပဲ လားရှိုးက One Stop Service ရုံးကို စစ်တပ်က ဗုံးကြဲခဲ့လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ၁ ဦးသေဆုံးပြီး နောက်ထပ် လူ တစ်ဒါဇင်နီးပါး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာက ဒေသခံတွေလည်း ရှမ်းမြောက်နဲ့ တစ်ရက်တည်းမှာပဲ ကြုံတွေ့ခဲ့ရတယ်။
စက်တင်ဘာ ၆ ရက်၊ မွန်းလွဲချိန်လောက်မှာ စစ်တပ်လေယာဉ်ကနေ ကြဲလိုက်တဲ့ ဗုံးတွေဟာ လက်လက်မကျေးရွာက စာသင်ကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၆ ဦးသေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေဆီက သိရပါတယ်။
“တိုက်ပွဲထဲမှာလိုမျိုး ဝဲပြီးမှ ပစ်တာမဟုတ်ဘူး။ စလာလာချင်းကို ပစ်ချတာ။ ရှောင်ချိန်မရလိုက်ဘူး” လို့ သေဆုံးသူရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။
အဲဒီချိန် စစ်တပ်လေယာဉ်က ကြဲလိုက်တဲ့ ဗုံးဟာ ဗုံးခိုကျင်းထဲမှာရှိနေတဲ့ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိသားစုဝင် ၄ ဦးသေဆုံးခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူကပြောပါတယ်။
“အိမ်ရှင်မ တစ်ယောက်ကတော့ လက်ပြတ်တယ်၊ ခြေထောက်ပြတ်တယ်၊ ခါးကနေလည်းပြတ်တယ်။ တစ်စစီဖြစ်ကုန်တာ။ ခြောက်နှစ်အရွယ် ကလေးမကတော့ မျက်နှာတစ်ခြမ်းမရှိတော့ဘူး။ စုတ်ပြတ်ကုန်တာပေါ့။” လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့သူက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အဲဒီ စာသင်ကျောင်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အစည်းအဝေးလုပ်နေတာလို့ ရေးသားကြပါတယ်။ ဒေသခံတွေကတော့ စာသင်ကျောင်းပိတ်ထားရတာကြာပြီဖြစ်ကြောင်း၊ လက်ယက်မကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားတာတွေ၊ စစ်သင်တန်းပေးတာတွေလည်း မရှိကြောင်း ဘီဘီစီကို ပြောပါတယ်။
မြန်မာမှာ စစ်တပ်က အရပ်သားနေရာတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှာဟာ အခုနှစ် ပထမ ခြောက်လမှာတင် ၅ ဆအထိ မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူက ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ထုတ်ပြန်တဲ့သူ့အစီရင်ခံစာမှာပြောထားပါတယ်။
စစ်ကောင်စီတပ်ဟာ အခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာနေပြီး ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့လေ့လာချက်အရဆိုရင် အခုနှစ် ပထမ လေးလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၈၁၉ ကြိမ်အထိပြုလုပ်ထားပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က လေကြောင်းကနေ ပစ်ကူပေးဖို့၊ လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ ပစ်မိန့်ခွင့်ပြုတာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ရပါတယ်။ ဒီအတွက် ပစ်ခတ်မိန့်ရဖို့အတွက်ကိုတော့ အဆင့်ဆင့်တင်ပြပြီးခွင့်ပြုချက်ယူရတာရှိတယ်လို့ လေကြောင်းစစ်ဆင်ရေးတွေပြုလုပ်ခဲ့ဖူးတဲ့ စီဒီအမ်ဗိုလ်ကြီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှု ၄ နှစ်ထဲ ချင်းနင်းဝင်ရောက်လာချိန်မှာတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမိန့်ပေးကွပ်ကဲမှုအဆင့်အဆင့်မှာ ပြောင်းလဲလာတာကို စစ်တပ်က ပြုလုပ်နေတဲ့ အကြိမ်ရေ စိပ်စိပ်လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်ရင် မြင်သာပါတယ်။
အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတုံ့ပြန်ချက်ရဖို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော် မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမဲ့ လက်ခံဖြေကြားတာမရှိသေးပါဘူး။