ပုသိမ်ထောင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းထား

ဇန်နဝါရီလ ၆ ရက်နေ့ ပုသိမ်ထောင် ပဋိပက္ခမှာ လူတစ်ဦးသေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလ ၆ ရက်နေ့ ပုသိမ်ထောင် ပဋိပက္ခမှာ လူတစ်ဦးသေဆုံးခဲ့

အကျဥ်းသားတစ်ဦး သေဆုံးပြီး လူ ၇၀ ခန့်ဒဏ်ရာရခဲ့တဲ့ ပုသိမ်ထောင် ဖြစ်စဥ်နဲ့ ဆက်စပ်ပြီး ပုသိမ်မြို့က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်နေ့ ညက ဖမ်းဆီးခဲ့တယ်လို့ ပုသိမ်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးက ကိုးသိန်း ရဲစခန်းအနီး အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ မစန္ဒာအေးဆိုသူ ဖြစ်ပြီးတော့ ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်ဟာ အကျဥ်းသားတစ်ဦးဆီမှာ ကီးပက်ဖုန်းတစ်လုံးတွေ့ရှိမူကို လိုအပ်သလို အရေးယူဖို့ လုပ်နေစဥ် ရုန်းရင်းဆန်ခတ်ဖြစ်အောင် အကျဉ်းသားတွေဘက်က ကြိုးပမ်းခဲ့တာကနေ စတင် ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ကီးပက်ဖုန်းတွေ့လို့ ထောင်အာဏာပိုင်တစ်ဦးက ဇန်နဝါရီလ ၅ ရက်နေ့ညက ခေါ်ယူ စစ်ဆေးခဲ့သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင် အပါအဝင် ၄ ဦးဖြစ်တယ်လို့ ပုသိမ်ထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

လူသေဆုံးခဲ့တဲ့ ပုသိမ်ထောင်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ဆက်လက်ပြီးခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပုသိမ်မြို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်အချို့ထံက တစ်ဆင့်သိရပါတယ်။

ကီးပက်ဖုန်းတစ်လုံးတွေ့ရှိမူကို  အရေးယူဖို့ လုပ်နေစဥ် ရုန်းရင်းဆန်ခတ်ဖြစ်အောင် အကျဉ်းသားတွေဘက်က ကြိုးပမ်းခဲ့တာကနေ စတင် ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAC

ဓာတ်ပုံ ပုံစာ, ကီးပက်ဖုန်းတစ်လုံးတွေ့ရှိမူကို အရေးယူဖို့ လုပ်နေစဥ် ရုန်းရင်းဆန်ခတ်ဖြစ်အောင် အကျဉ်းသားတွေဘက်က ကြိုးပမ်းခဲ့တာကနေ စတင် ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ပုသိမ်ထောင်ဟာ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် ဘူတာရုံလမ်းနဲ့ မရမ်းချိုလမ်းထောင့်မှာ တည်ရှိပါတယ်။

လူစည်ကားတဲ့ လူနေရပ်ကွက်တွေအကြားမှာ ရှိပြီး ပုသိမ်ထောင်မှာ အကျဥ်းသား ၁၅၀၀ ကျော်ခန့်ရှိတယ်လို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီအထဲမှာ စစ်ကောင်စီ လက်ထက် နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ ၅၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ ပြီးခဲ့တဲ့  ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားအချို့ကပြောတယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပြပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့က ပုသိမ်ထောင်တွင်းနိုင်ငံရေး အကျဉ်းသားအချို့ထံမှာ ကီးပက်ဖုန်းတွေ့တယ်ဆိုပြီး စတင်ခဲ့တဲ့ ပုသိမ်ထောင် ရုန်းရင်းဆန်ခတ်ဖြစ်စဥ်မှာ  နိုင်ငံရေး အကျဥ်းသားအချို့ကို ခေါ်ယူစစ်ဆေးရိုက်နှက်မှုတွေ ရှိတာကနေ စတင်ခဲ့တာလို့လည်း ယူဆမူတွေရှိပါတယ်။

အဲဒီနောက် ထောင်အတွင်း ပဋိပက္ခကြောင့် အချင်းချင်းရိုက်လို့ လူသေဆုံးခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွှတ်ရေး အစိုးရကတော့ ပုသိမ်ထောင် အကြမ်းဖက်ခံရမှု ဖြစ်စဥ်မှာ ထောင်ဝန်ထမ်းမဟုတ်ဘဲ ရဲနဲ့ စစ်တပ်က အကျဉ်းကျနေသူ ၂၀ ဦးခန့် ပါဝင်နေတယ်လို့ ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီကတော့ ထောင်အာဏာပိုင်တို့ဘက်က လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာ၊ အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်တာ ၊ လက်ပြန် ကြိုးတုပ်ပြီး အပြင်းအထန်ရိုက်နှက်တာ တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ 

 အကျဥ်းဦးစီးဌာန ဝန်ထမ်းတွေကို ရန်မူဖို့ ကြိုးစားကြရာကနေ အဓိကရုဏ်း‌ဖြစ်တာလို့ စစ်ကောင်စီက ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, SAC

ဓာတ်ပုံ ပုံစာ, အကျဥ်းဦးစီးဌာန ဝန်ထမ်းတွေကို ရန်မူဖို့ ကြိုးစားကြရာကနေ အဓိကရုဏ်း‌ဖြစ်တာလို့ စစ်ကောင်စီက ထုတ်ပြန်

 ထောင်အာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ပါ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးဖို့ဆိုတဲ့ အချက်ကို ချိုး‌ဖောက်တာလို့ လည်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ပြောထားပါတယ်။

 ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အထူးစုံစမ်းစစ်ဆေးရေးအရာရှိတွေကို အချက်အလက်တွေပေးပို့ထားသလို  မကြာမီတင်သွင်းမယ့် ကုလသမဂ္ဂ လူ့အခွင့်ရေးအကောင်စီ အစီရင်ခံစာမှာ အမျိုးသားညီညွှတ်ရေးအစိုးရဘက်က တင်ပြသွားဖို့ရှိတယ်လို့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

 ပုသိမ်အကျဥ်းထောင် ဖြစ်စဥ်မှာ အချုပ်သားသေဆုံးခဲ့တဲ့ ဖြစ်စဥ်အပါအဝင် အကျဉ်းထောင်တွေအတွင်း အကြမ်းဖက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ မတရား သတ်ဖြတ်ခံရတာတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပေးပို့ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။  

ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်အတွင်းမှာ သေဆုံးသူ ၁ ဦး ၊ ပျောက်ဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ  ၇၀ ခန့်ရှိနေပြီး ဒီအထဲ ၉ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့မှာ ဇန်နဝါရီလ ၈  ထုတ်ပြန်ခဲ့ပါတယ်။

NO TAG

ဓာတ်ပုံ ရင်းမြစ်, CJ

 မနေ့က ဇန်နဝါရီ ၇ရက် ညနေပိုင်း‌ကတော့  ‌အကျဥ်းထောင်ထဲ သေဆုံးခဲ့တဲ့ အချုပ်သား ကိုဝေယံဖြိုးကို ပုသိမ်မြို့ သရောင်းချောင်သုဿန်မှာ ထောင်အာဏာပိုင်တွေက သင်္ဂြိုဟ်ခဲ့ပါတယ်။

 ကိုဝေယံဖြိုးရဲ့  မိခင်ဖြစ်သူနဲ့ မိသားစုဝင်အချို့က နောက်ဆုံး အချိန်မှာ တွေ့ခွင့်ရဖို့ထောင်အာဏာပိုင်တွေကို သွားရောက် တောင်းဆိုခဲ့ပေမဲ့ ခွင့်မပြုခဲ့ပါဘူး။

 ဒါ့ကြောင့်ပဲ ပုသိမ်မြို့ က သရောင်းချောင်းသုဿန်မှာ မိသားစုက သွားရောက်စောင့်ဆိုင်းခဲ့ကြတဲ့အတွက် သင်္ဂြိုဟ်ခါနီးအချိန်မှာ ခဏတွေ့ခွင့်ရလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။  

NUG ရဲ့ ထုတ်ပြန်ချက်ထဲ ပုသိမ်ထောင် အကျဥ်းသားတွေ အကြမ်းဖက်ခံရတဲ့ ဖြစ်စဥ်မှာ ထောင် အာဏာပိုင်တွေ သာမကဘဲ ရဲနဲ့ စစ်ဥပဒေ ချိုး‌ဖောက်လို့ အကျဥ်းချခံထားရတဲ့ ရဲနဲ့ စစ်သား အဟောင်းတွေကပါ ဝင်ရောက်ကျူးလွန်တယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီ ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့  ဇန်နဝါရီ ၆ ရက်မနက်ပိုင်းက အကျဥ်းထောင်အိပ်ဆောင်တစ်ခုက အကျဥ်းသား အချုပ်သား ၇၀ ခန့်က အိပ်ဆောင်တံခါးတွေကို ချိုးဖျက်ပြီး အကျဥ်းဦးစီးဌာန ဝန်ထမ်းတွေကို ရန်မူဖို့ ကြိုးစားကြရာကနေ အဓိကရုဏ်း‌ဖြစ်တာလို့ ထုတ်ပြန်ပါတယ်။ ဒီဖြစ်စဥ်အတွင်း ရဲနှစ်ဦး၊ အကျဥ်းဦးစီးဌာန ဝန်ထမ်း၉ ဦး ဒဏ်ရာရခဲ့ပြီး အချုပ်သားတစ်ဦးမှာ အချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 ပုသိမ်ထောင်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူ မစန္ဒာအေးကို  ရဲစခန်းမှာ ဖမ်းထားတာမဟုတ်ကြောင်းနဲ့ ပုသိမ်မြို့က တောင်ပေါ်လို့ခေါ်တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲကို ခေါ်သွားတယ်လို့ သိရကြောင်း ပုသိမ်ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ပုသိမ်ထောင် ဖြစ်စဥ်မှာ နိုင်ငံရေး အကျဥ်းသားတွေ ထိခိုက်ဒဏ်ရာရှိမှုတွေ ရှိလို့ မိသားစုဝင်တွေကလည်း စိုးရိမ်မှုတွေရှိနေကြတယ်လို့ ပြောပါတယ်။

ပုသိမ်မြို့က အမျိုးသမီးတစ်ဦး ဖမ်းဆီးတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။