ပဒေသရာဇ်ဥခွံထဲက မြန်မာအမျိုးသားရေး
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံဟာ မြန်မာလူမျိုးအများစုနေထိုင်တဲ့ ပြည်မဒေသနဲ့ ဘေးက ဝိုင်းနေတဲ့ တောင်တန်းကမ်းမြောင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပိုင်း နိုင်ငံ ဖြစ်ပါတယ်။ နှစ် ၇ဝ ကျော် ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ နိုင်ငံမှာ ဒါဇင်နဲ့ချီတဲ့ ဘာသာစကားတွေပြောတဲ့ လူမျိုးစုတွေနဲ့ မြန်မာလူမျိုးတွေကြား နိုင်ငံသစ်တည်ထောင်ရေးနဲ့ ပတ်သက်ပြီး ၂ဝ၂၁ အာဏာသိမ်းပွဲနောက်ပိုင်း အငြင်းပွားမှုတွေလည်း ပိုများလာနေပါတယ်။ ဗမာလို့ ခေါ်တဲ့ မြန်မာလူမျိုးကြီးဝါဒ ရှိတယ် မရှိဘူး ငြင်းကြသလို နိုင်ငံ နယ်မြေခွဲဝေမှုမှာ လူမျိုးအခြေပြုနဲ့ နယ်မြေ အခြေပြု ဖက်ဒရယ်စနစ် ဘယ်စနစ် ကျင့်သုံးသင့်သလဲ ဆွေးနွေးနှိုင်းယှဉ်တာတွေ ရှိခဲ့ပါတယ်။
ပုအင်းတောင်ကုန်း
တခြားဘက်မှာတော့ မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်လို့ နိုင်ငံအမည်ကို မြန်မာလူမျိုး ကိုယ်စားပြုတဲ့ မြန်မာနဲ့ ဘားမားထက် တခြား သင့်တော်တဲ့ နာမည် ပေးသင့်တယ်ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာပါတယ်။ မြန်မာလူမျိုးစုတွေ နိုင်ငံအလယ်ပိုင်းမှာ အခြေချနေထိုင်လာတာ အနှစ်တထောင်ကျော် ရှိခဲ့ပြီး ပုဂံ၊ အင်းဝ၊ တောင်ငူ-ညောင်ရမ်းနဲ့ ကုန်းဘောင်ဆိုတဲ့ မင်းဆက်ကြီးလေးဆက် အုပ်ချုပ်ခဲ့တာမို့ မြန်မာမျိုးနွယ်စုတွေရဲ့ အဆိုးအကောင်း လွှမ်းမိုးမှုတွေဟာ အနီးဝန်းကျင်က လူမျိုးစုတွေပေါ် အတော် သက်ရောက်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနဲ့ လူနည်းစု အားလုံး လက်ခံနိုင်မယ့် နိုင်ငံသစ် နာမည် ပေါ်ထွက်ဖို့ အတော်ခက်ခဲနေပါတယ်။
နောက်ပြီး ကိုလိုနီခေတ် မြန်မာအမျိုးသားရေး လှုပ်ရှားမှုတွေမှာ ကုန်းဘောင်မင်းဆက်ကို ပြန်လည်တမ်းတတဲ့ အငွေ့အသက်တွေ အတော်များခဲ့ပြီး ခုထိ အလောင်းဘုရားနဲ့ ဆင်ဖြူရှင် စတဲ့ ကုန်းဘောင်မင်းတွေနဲ့ သူတို့ရှေ့က အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ကို အားကျမှုက နေပြည်တော် စစ်အုပ်စုနဲ့ တပ်မတော်ထဲမှာ အတော်ကြီးမားတာကို တွေ့ရပါတယ်။ ဒီပဒေသရာဇ် ကိုးကွယ်မှုဟာ မွန်၊ ရခိုင်နဲ့ ရှမ်းအမျိုးသားရေး လှုပ်ရှားမှုတွေမှာလည်း ကျန်ရစ်ခဲ့ပေမယ့် လူများစု မြန်မာများရဲ့ ပဒေသရာဇ်အငွေ့မကုန်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေတ်သစ်ခေါင်းဆောင်တွေ ထူထောင်တဲ့ နိုင်ငံကို မြန်မာပိုင် ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံအဖြစ် အောက်မေ့စိတ်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အတော်ကြီးမားခဲ့ပြီး ဒီစိတ်ကြောင့်ပဲ လူမျိုးစုတွေ တောင်းဆိုတဲ့ ဖက်ဒရယ် လှုပ်ရှားမှုကို ငြင်းဆန်လိုစိတ်က မြန်မာနိုင်ငံရေးခေါင်းဆောင်ပိုင်းမှာ အတော်စွဲထင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပဒေသရာဇ်ကြီးဝါဒ၊ တနည်းပြောရရင် အရုပ်ကြီးသုံးရုပ်ဝါဒကို ဖြစ်စေတဲ့ အကြောင်းရင်းတချက်ကတော့ အမျိုးသားရေးလှုပ်ရှားမှုနဲ့ လွတ်လပ်ပြီးခေတ် အစိုးရကျောင်းတွေမှာ သင်ကြားခဲ့တဲ့ မြန်မာသမိုင်းနဲ့ စာပေရဲ့ လွှမ်းမိုးမှု ဖြစ်ပါတယ်။ ဒီစာပေနဲ့ သမိုင်းအများစုဟာလည်း အင်းဝခေတ်မှာ စတင်ထွန်းကားခဲ့တဲ့ မြန်မာဂန္ထဝင် ကဗျာတွေနဲ့ ညောင်ရမ်း၊ ကုန်းဘောင်ဆက်တွေမှာ ရေးသားခဲ့တဲ့ မြန်မာရာဇဝင် ဧချင်းမော်ကွန်း အရေးတော်ပုံကျမ်းတွေက အရင်းခံခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသားရေးစိတ်ကို သိနားလည်ဖို့အတွက် မြန်မာပဒေသရာဇ်ယဉ်ကျေးမှုနဲ့ နောက်ခံသမိုင်းကို သိဖို့လိုပါတယ်။
နိုင်ငံ ချဲ့ထွင်မှု
အတိတ်ခေတ်က မြန်မာမင်းပိုင်နက်နိုင်ငံက ဘယ်ရွေ့ဘယ်မျှဆိုပြီး မြေပုံဟောင်းတွေနဲ့ ဇာတိမာန်ကြွယ်တာကို အင်တာနက်ခေတ်မှာ ပိုပြီး တွေ့လာရပါတယ်။ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးစုတွေကလည်း လွန်ခဲ့တဲ့ အနှစ် သုံးလေးငါးရာက သူတို့ ပဒေသရာဇ်နိုင်ငံတွေ တည်ရှိခဲ့မှုကို အနောက်တိုင်းမြေပုံဟောင်းတွေနဲ့ပဲ ပြန်ပြီး သရုပ်ထူကြပါတယ်။ ခေတ်သစ် နယ်နိမိတ်စနစ် မပေါ်မီက နိုင်ငံပိုင်ဆိုင်မှုဟာ ဘုရင်တပါးချင်းစီရဲ့ ဘုန်းလက်ရုံးအားကို မူတည်တာ ဖြစ်လို့ မတိကျလှပေမယ့် မြန်မာပြည်လို့ အခုခေါ်တွင်နေကြတဲ့ နေရာမှာ ရာစုနှစ်တွေနဲ့ချီပြီး လူမျိုးစုနိုင်ငံတွေ အားပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက်ပြီး ပဒေသရာဇ်မှာ မျိုးချစ်စိတ်ရယ်လို့ မရှိဘဲ အာဏာနဲ့ မင်းစည်းစိမ်ရလိုမှုကို အခြေခံကြောင်း ဒေါက်တာသန်းထွန်းလို မြန်မာသမိုင်းပညာရှင်တွေက ထောက်ပြပါတယ်။ ဒါကြောင့် ဒီလက်နက်နိုင်ငံတွေမှာ လူမျိုးစု အခြေပြု နိုင်ငံသက်သက်ထက် စီးပွားရေးအင်အားသာတဲ့ နယ်မြေတွေကို စည်းရုံးသိမ်းပိုက်မှုက ပိုများပါတယ်။ ဒါကြောင့် နောက်ဆုံး မြန်မာဘုရင် မင်းဆက် ကုန်းဘောင်ခေတ်မှာ နိုင်ငံနယ်မြေဟာ တိုင်းရင်းသားလို့ အခု ခေါ်ဆိုနေကြတဲ့ ကချင်၊ ချင်း၊ ကရင်နယ်တွေထက် ထိုင်း၊ လာအို ၊ အာသံ၊ မဏိပူရ စတဲ့ နယ်ချင်းဆက်နေတဲ့ ပဒေသရာဇ်နိုင်ငံတွေကို သိမ်းပိုက်ဖို့ ပိုအားသန်တာကို တွေ့ရပါတယ်။ အခု မြန်မာပြည်တွင်း ဖြစ်နေတဲ့ မွန်နဲ့ ရခိုင်၊ ရှမ်းပဒေသရာဇ် နိုင်ငံနဲ့ စော်ဘွားနယ်တွေကိုလည်း မြန်မာဘုရင်တွေ နည်းမျိုးစုံနဲ့ သိမ်းသွင်းခဲ့ကြပါတယ်။
ဒီလို သိမ်းသွင်းရာမှာ အကြမ်းပတမ်းနည်းမျိုးစုံ သုံးတဲ့အတွက် ဟံသာဝတီ၊ အယုဒ္ဓယ၊ မဏိပူရနဲ့ ရခိုင် စစ်ဆင်ရေးတွေမှာ မြန်မာတပ်တွေရဲ့ ရက်စက်မှုဆိုပြီး ဒေသခံတွေကြား ပြောစမှတ်ကျန်ခဲ့သလို ရာဇဝင်မှတ်တမ်း ရေးသားထားခဲ့တာတွေလည်း ရှိပါတယ်။ ဒီမြန်မာရက်စက်မှုတွေကို ၂ဝ ရာစုကာလမှာ အသစ်ပေါ်လာတဲ့ မွန်၊ ရခိုင်နဲ့ ထိုင်းအမျိုးသားရေးလှုပ်ရှားမှုတွေမှာ မီးမောင်းထိုးပြတာတွေ ရှိသလို မြန်မာဆန့်ကျင်ရေးထိ ပြင်းထန်ခဲ့တာကိုလည်း တွေ့ရပါတယ်။
တို့ဗမာအစည်းအရုံးနဲ့ တခြားအမျိုးသားရေးဝါဒီတွေရဲ့ လှုံ့ဆော်ရေး သီချင်းတွေမှာ ယိုးဒယားနဲ့ ကုလားကိုပါ နိုင်ခဲ့တာ စတဲ့ အစွန်းရောက် အမျိုးသားရေးအမြင်တွေ ပါခဲ့တာကြောင့်လည်း လူမျိုးရေး မုန်းတီးမှုစွက်တဲ့ အစွန်းရောက်အမြင်တွေ ဖုံးလွှမ်းခဲ့ပါတယ်။
မြန်မာပုံစံ ဗုဒ္ဓဘာသာ
မြန်မာပြည်မှာ ဗုဒ္ဓအယူဝါဒပြန့်ပွားလာတာ ပုဂံနဲ့ အစောပိုင်း ကာလတွေထဲက ဖြစ်ပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်း ဗုဒ္ဓဘာသာ နှစ်မျိုးလုံးရဲ့ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ရာမာဓိပတိခေါ် ဓမ္မစေတီလက်ထက် သီဟိုဠ်ကျွန်းက ဗုဒ္ဓဘာသာသြဇာ ဟံသာဝတီမှာ ကြီးမားလာပြီး ဘုရင့်နောင်၊ ဘိုးတော်ဘုရားနဲ့ မင်းတုန်းမင်း စတဲ့ မြန်မာဘုရင်တွေ လက်ထက်မှာလည်း ဧရာဝတီမြစ်ဝှမ်းအပြင်ဘက်မှာ ဗုဒ္ဓဘာသာပြန့်ပွားရေးနဲ့ သာသနာသန့်စင်ရေး ဆိုတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ရှမ်းပြည်မှာ မူလကရှိခဲ့တဲ့ မိစ္ဆာဒိဋ္ဌိအယူအဆလို့ မြေပြန့်ဘုရင်တွေ ယူဆတဲ့ နတ်ကိုးကွယ်မှုနဲ့ မြောက်ပိုင်းမဟာယာနပုံစံ ဝတ်ပြုကိုးကွယ်မှုတွေကို ဖိနှိပ်ခဲ့သလို ရခိုင်မှာလည်း မူလရှိရင်း ရခိုင်စာပေကျမ်းဂန်တွေနဲ့ ဆင်းတုတော်တွေ ယူဆောင်သွားတာနဲ့ မြန်မာဗုဒ္ဓဘာသာပုံစံကို သွတ်သွင်းခဲ့တာတွေ ရှိကြောင်း မိုက်ကယ်ချာနေရဲ့ တိုင်းရင်းသားဆိုသော နိုင်ငံတော်ဒဏ္ဍာရီ ဖန်တီးခြင်း၊ တပ်မတော်၏ ရိုဟင်ဂျာနှင့် တခြား မြန်မာ လူမျိုးစုများအပေါ် စစ်ခင်းမှုများ စာတမ်းမှာ ပါရှိပါတယ်။ ဟံသာဝတီကို အပြီးတိုင်သိမ်းပိုက်ပြီးနောက်မှာ မွန်သံဃာတွေ ထိုင်းဘက်ကို ထွက်ပြေးရတာအပြင် ကျောင်းကန်ဇရပ်တွေကို မီးရှို့ဖျက်ဆီးပြီး မွန်ရဟန်းတော် သုံးထောင်ကို သတ်ဖြတ်ခဲ့ကြောင်း ဝေါဆရာတော်ရဲ့ ပဲခူးရာဇဝင်စတဲ့ မွန်သမိုင်းမှတ်တမ်းတွေမှာ ပါရှိပါတယ်။ မွန်စာသင်တာကိုလည်း ပိတ်ပင်တားမြစ်ခဲ့လို့ ဒါကြောင့် အောက်မြန်မာပြည် ဖြစ်နေတဲ့ မွန်နိုင်ငံဟောင်းမှာ တိုးပွားလာတဲ့ မြန်မာလူဦးရေနဲ့အတူ မြန်မာဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှုသြဇာက ဗြိတိသျှမသိမ်းမီမှာကတည်းက ကြီးထွားနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း တောင်တန်းသာသနာပြုတွေ စေလွှတ်ပြီး ပေါ်ထွန်းလာတဲ့ ပြည်နယ်သစ်တွေမှာ အသာရနေတဲ့ ခရစ်ယာန်သာသနာပြုတွေနဲ့ အပြိုင် စည်းရုံးဖို့ မြန်မာအစိုးရ သာသနာရေးဌာနက ကြိုးပမ်းခဲ့တာဟာ ရာစုနှစ်တွေနဲ့ချီပြီး လုပ်လာခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာပြုမှုနဲ့ ဗုဒ္ဓဘာသာနဲ့ နိုင်ငံစည်းရုံးရေးလုပ်တဲ့ နိုင်ငံရေးဓလေ့မှာ မြစ်ဖျားခံတာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၆၁ ခုနှစ် နိုင်ငံတော်ဘာသာပြဋ္ဌာန်းချိန်မှာ သမတဟောင်း ညောင်ရွှေစော်ဘွားကြီး မထောက်ခံခဲ့တာဟာ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာဝင် လူနည်းစုတွေကို ထောက်ထားတာအပြင် မြန်မာမှုပြု ဗုဒ္ဓဘာသာကို နိုင်ငံတော်အဆင့် သတ်မှတ်မှာကို စိုးရွံ့တဲ့ လူနည်းစုခံစားချက် ဖြစ်နိုင်ပါတယ်။
မြန်မာစံပြုယဉ်ကျေးမှု
ဂျပန်ခေတ် လွတ်လပ်ရေးရချိန်ကစပြီး မြန်မာအစိုးရအဆက်ဆက်ဟာ မြန်မာဘာသာကို ရုံးသုံးပြဋ္ဌာန်းတာ၊ မြန်မာ့ယဉ်ကျေးမှု အဆိုအက ဗိသုကာတွေကို ပွဲထုတ်အားပေးတာ၊ မြန်မာပုံစံ ဝတ်ဆင်မှုကို မြှင့်တင်တာ စတဲ့ မြန်မာဇာတ်သွင်းခြင်းကို တက်တက်ကြွကြွ လုပ်ခဲ့ကြပါတယ်။ ပြည်ထောင်စု ယဉ်ကျေးမှုဌာနကို ၁၉၅၂ မှာ သီးခြားဖွင့်လှစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှုတွေကို မြှင့်တင်ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာယဉ်ကျေးမှု ရှေ့တန်းပိုရောက်ခဲ့တာကတော့ မငြင်းနိုင်ပါဘူး။ ၁၉၆၂ နောက်ပိုင်း စစ်အစိုးရအဆက်ဆက် ခေတ်မှာ နိုင်ငံခြားယဉ်ကျေးမှု၊ အထူးသဖြင့် အနောက်တိုင်းဆန်တဲ့ အနေအထိုင် ဝတ်စားဆင်ယင်မှု စာပေဂီတတွေကို သရုပ်ပျက်တယ်ဆိုပြီး ဝေဖန်ရှုတ်ချမှုကို အစိုးရနဲ့ လူထုဒေါ်အမာလို အတိုက်အခံစာရေးဆရာတွေပါ လုပ်ခဲ့ကြောင်း ခရစ္စတီနာဖင့်က တိတ်တဆိတ် ရှင်သန်ခြင်း စာအုပ်မှာ ရေးသားပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာဆန်းသစ်ရေးလှိုင်းဟာ အနောက်တိုင်းမှာ လမ်းသရဲခေါ် ဟစ်ပီယဥ်ကျေးမှု ခေတ်ထချိန်၊ အမျိုးသမီး၊ လူမည်းနဲ့ လိင်တူချစ်သူ စတဲ့ လူနည်းစုအခွင့်အရေး တောင်းဆိုမှုတွေ ရှေ့ရောက်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အနောက်တိုင်းနဲ့ နီးစပ်တဲ့ နိုင်ငံတွေမှာ ခေတ်မီပြုပြင်ရေးတွေ လုပ်နေချိန်မှာ မြန်မာနဲ့ အရှေ့အုပ်စုနိုင်ငံတွေမှာတော့ ရိုးရာဆိုပြီး ရှေးမူတွေကို ဆုပ်ကိုင်တာ၊ အနောက်ဆန့်ကျင်ရေးလုပ်တာတွေ ဆက်ဖြစ်နေပါတယ်။
တကယ်က မြန်မာယဥ်ကျေးမှုဆိုပြီး ဂုဏ်ယူနေကြတဲ့ မဟာဂီတနဲ့ အကအခုန်အများစုဟာ ကုန်းဘောင်ခေတ် ထိုင်းက ယူဆောင်လာတဲ့ သီချင်းနဲ့ အဆိုအကတွေနဲ့ မွန်သံ၊ ထားဝယ်ဒိန်းသံ၊ ကောင်းတုံသံ၊ ဘုရင်ဂျီသံ၊ ခရာသံ စတဲ့ ပြင်ပဂီတတွေက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီသီချင်းတွေကို မြန်မာမှုပြုခဲ့တဲ့ မြဝတီမင်းကြီးကိုတော့ လွတ်လပ်ရေးခေတ် စစ်တပ်က ဂုဏ်ပြုပြီး မဂ္ဂဇင်းထုတ်ခဲ့ပါတယ်။ မြန်မာအချိတ်ထည်အဖြစ် ဂုဏ်ယူဝတ်ဆင်နေကြတဲ့ လွန်းရာကျော်ထည်တွေဟာ ကသည်းခေါ် မဏိပူရက ဆင်းသက်လာသလား၊ ပျူခေတ်ကတည်းက ရှိခဲ့သလား မသိရပေမယ့် ကုန်းဘောင်ခေတ်မှာ ခေတ်စားလာတာ ဖြစ်ပါတယ်။ မြန်မာရိုးရာ ပွဲတက်ဝတ်စုံအဖြစ် သတ်မှတ်ထားကြတဲ့ ထိုင်မသိမ်းနဲ့ သိုရင်းအင်္ကျီ၊ တောင်ရှည်ပုဆိုးစတာတွေဟာလည်း ကိုလိုနီ ဖြစ်ခါနီး မန္တလေးခေတ် ပုံစံတွေကို ယူတာ ဖြစ်ပါတယ်။ မြန်မာတွေ နေ့စဉ်ဝတ်တဲ့ တိုက်ပုံနဲ့ လုံချည်၊ ရင်ဖုံးအင်္ကျီ စတာတွေကတော့ ကိုလိုနီခေတ် အိန္ဒိယနဲ့ တရုတ်က ဝင်လာတဲ့ လွှမ်းမိုးမှုတွေ ဖြစ်ပါတယ်။
ရာဇဝင်နိုင်ငံရေး
နိုင်တဲ့သူက သမိုင်းရေးတယ်ဆိုတဲ့ ဆိုရိုးအတိုင်း မွန်နဲ့ ရခိုင်နိုင်ငံတွေ ဖျက်ဆီးလုယက်ခံရပြီးနောက် ရာဇဝင်သမိုင်းတွေ အသစ်ပြန်ရေးရပါတယ်။ မြန်မာဘက်ကတော့ ညောင်ရမ်းခေတ်မှာ ဦးကုလားမဟာရာဇဝင်ကြီးက စပြီး ရာဇဝင်ကြီးအနေနဲ့ ခိုင်ခိုင်မာမာ ကျန်ခဲ့သလို အင်းဝခေတ်က ရှင်မဟာသီလဝံသရဲ့ ရာဇဝင်ကျော်လည်း ရှိပါတယ်။ ကုန်းဘောင်ခေတ်အစမှာတော့ မွန်တပ်တွေ ဖျက်ဆီးလို့ ရှေးစာဟောင်းတွေ ပျောက်ပျက်တဲ့အတွက် နန်းထုံးစဉ်လာတွေကို သိဖို့ အင်ရုံဝန်ကြီးရဲ့ လောကဗျူဟာကျမ်း ထွက်ပေါ်လာပါတယ်။ အဲဒီနောက်မှာတော့ တွင်းသင်းမင်းကြီးရဲ့ မဟာရာဇဝင်သစ်နဲ့ မုံရွေးဆရာတော်၊ မောင်းထောင်လူထွက်ကြီး မဟာဓမ္မသင်္ကြံ စတဲ့ နန်းတွင်းပညာရှိတွေ ပူးပေါင်း ရေးသားတဲ့ မှန်နန်းမဟာရာဇဝင်ကြီး ပေါ်ထွက်လာပါတယ်။ မှန်နန်းဟာ ပထမအင်္ဂလိပ် မြန်မာစစ် ရှုံးချိန်မှာ ရေးတဲ့ကျမ်းဖြစ်လို့ တကောင်းမင်းဆက်ကို သာကီဝင်တွေနဲ့ အမျိုးစပ်ကြောင်း ရေးပါတယ်။ မင်းရာဇာလျှောက်ထုံးလို့ သိကြတဲ့ ဇမ္ဗူကွန်ချာကျမ်းကို ကူးတယ်ဆိုတဲ့ စဉ့်ကူးမင်းခေတ်က မဏိရတနာပုံကျမ်းမှာလည်း သာကီဝင်က ဆင်းသက်လာကြောင်း မှန်နန်းထက် စောပြီး ပါရှိပါတယ်။ ဒီလို ဗုဒ္ဓနဲ့ အမျိုးစပ်တဲ့ ရာဇဝင်ကျမ်းတွေကို မြန်မာမှာသာမက ထိုင်း၊ ရှမ်းနဲ့ ယူနန်နယ်တွေဘက်မှာလည်း တွေ့ရပါတယ်။
ရာဇဝင်သာမက လက်ဝဲနော်ရထာရဲ့ အလောင်းမင်းတရားကြီး အရေးတော်ပုံ ၊ ယိုးဒယားနိုင် မော်ကွန်း၊ ဓညဝတီနိုင် မော်ကွန်း ၊ ပလိပ်စားဦးဖျော်ရဲ့ စဥ့်ကူးမင်း ရွှေနားတော်သွင်း ဧချင်း စတဲ့ စာပေတွေဟာလည်း မြန်မာမင်းတို့ ဘုန်းတန်ခိုးကြီးကြောင်းကို အမွှမ်းတင်စပ်ဆိုတဲ့ လက်ရာတွေ ဖြစ်ပါတယ်။
ဒါကြောင့် ကိုလိုနီခေတ်မှာ မြန်မာဘုရင်တွေ ရက်စက်ကြောင်း အသားပေးတဲ့ ဟာဗေး၊ ကောက်စ်စတဲ့ ကိုလိုနီအရာရှိတွေရဲ့ ရာဇဝင်စာအုပ်တွေ ပေါ်ထွက်လာပြီး ကျောင်းသုံးပြဋ္ဌာန်းခဲ့ပါတယ်။ လွတ်လပ်ပြီးခေတ်မှာတော့ မြန်မာဘုရင်တွေကို ချီးမွမ်းတဲ့ သမိုင်းတွေ ပြန်ပေါ်လာပြီး ဘုရင့်နောင်၊ အလောင်းဘုရားတို့ကို သူရဲကောင်း မင်းကောင်းမင်းမြတ်အဖြစ် ရေးတဲ့ စာအုပ်တွေကို မြန်မာသမိုင်းအဖွဲ့က ထုတ်ဝေခဲ့ပါတယ်။ ၁၉၆၂ နောက်ပိုင်း မြန်မာသင်ရိုးတွေမှာလည်း မွန်နဲ့ ရခိုင်၊ ရှမ်း စတဲ့ ခေတ်ပြိုင် ပဒေသရာဇ်နိုင်ငံတွေအကြောင်းကို မြန်မာမင်းဆက်သမိုင်းတွေရဲ့ အခက်အလက်အနေနဲ့ပဲ အစဉ်အဆက် ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မြန်မာသမိုင်းကို မြန်မာအစိုးရနဲ့ နီးစပ်သူ ပညာရှင်တွေ အမြင်နဲ့ ကြည့်တာဟာ မြန်မာဗဟိုပြု သမိုင်းရေး လူမျိုးကြီးဝါဒကိုပဲ အားပေးသလို ဖြစ်ခဲ့ပြီး ရှေးမြန်မာရာဇဝင်တွေကို ခေတ်ပေါ်စာနဲ့ ပြန်ဖတ်သလို ဖြစ်နေပါတယ်။
ဧရာလွင်နဲ့ မြန်မာ
မြန်မာပြည်လို့ မြန်မာအများစုကို အစွဲပြုပြီး ဒီနိုင်ငံကို ဆက်ခေါ်သင့်သလား စဥ်းစားမှုတွေ ရှိခဲ့ရာမှာ သခင်ဂိုဏ်းက တို့ဗမာဝါဒကို ထူထောင်ပြီး ဗမာဟာ အများကို ကိုယ်စားပြုလို့ ဗမာနိုင်ငံ ဖြစ်သင့်တယ်လို့ ကြံဆခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂ၊ ကွန်မြူနစ်ပါတီ၊ တပ်မတော်နဲ့ အသံလွှင့်ရုံတွေအထိ ဗမာစကားလုံးကို သုံးပြီး ဗကသ၊ ဗကပ၊ ဗမာ့တပ်မတော်၊ ဗမာ့အသံ ဆိုပြီး တခေတ် ဖြစ်ခဲ့တာပါ။ လွတ်လပ်တဲ့ ထိုင်းနိုင်ငံမှာ ယိုးဒယားကနေ ထိုင်းကို ပြောင်းပြီး မဟာထိုင်းဝါဒ ထူထောင်နိုင်ပေမယ့် မြန်မာမှာတော့ ကိုလိုနီတခေတ်လုံး တောင်တန်း ပြည်မ သွေးစည်းရေးကို သေချာ မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နိုင်ငံတည်ဆောက်ရေး ပြည်ထောင်တွေ စုစည်းရေးဟာ မအောင်မြင်ခဲ့ပါဘူး။
ဗကပထဲက ဘာသာဗေဒပညာရှင် မင်းလတ်ရဲခေါင်ကလည်း ဧရာဝတီနဲ့ သံလွင်မြစ်တွေကို အစွဲပြုပြီး ဧရာလွင်လို့ နာမည်ပြောင်းဖို့ အဆိုပြုခဲ့ကြောင်း သန်းစိုးနိုင်က ရေးပါတယ်။ ယူအက်စ်ဘီ ညီညွတ်သော ဘားမားပြည်နယ်များ ဆိုတဲ့ အမေရိကန်ဆန်ဆန် နာမည်မျိုး ပေးချင်သူတွေကိုလည်း ၂ဝ၂၁ နောက်ပိုင်းမှာ တွေ့လာရပါတယ်။ ဘယ်လိုနာမည်ပြောင်းပြောင်း ပဒေသရာဇ်ဘောင်ထဲက ဖောက်မထွက်နိုင်တဲ့ မြန်မာစာပေနဲ့ သမိုင်းအမြင်ကို မလွန်ဆန်နိုင်သရွေ့ မြန်မာအများစုနဲ့ လူနည်းစုတွေကြား ပြည်ထောင်စုအသစ် ထူထောင်နိုင်ရေးက အလှမ်းဝေးနေမှာ ဖြစ်ပါတယ်။