မြန်မာပြည်သို့ မိုင်ငါးထောင်၊ ဗြိတိသျှပြတိုက်က မြန်မာပြပွဲ

ကိုလိုနီခေတ် ကြော်ငြာပိုစတာများ

ဓာတ်ပုံ ရင်းမြစ်, Burma to Myanmar

ဓာတ်ပုံ ပုံစာ, ကိုလိုနီခေတ် ကြော်ငြာပိုစတာများ
  • ရေးသားသူ, ဘိုဘို
  • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဘားမားက မြန်မာသို့ နာမည်နဲ့ မြန်မာပြည်ဆိုင်ရာပြပွဲကို လန်ဒန်မြို့က ဗြိတိသျှပြတိုက်မှာ ၂ဝ၂၃ နိုဝင်ဘာကစခဲ့ပြီး ၂ဝ၂၄ ဖေဖော်ဝါရီလ အထိခင်းကျင်းပြသမှာဖြစ်ပါတယ်။ အရင်က မြန်မာပြည်နဲ့ ဆိုင်တဲ့ပြပွဲအဖြစ် ၂ဝဝဝ ပြည့်နှစ်က မြန်မာယွန်းပြပွဲနဲ့ ၂ဝ၁၅ က ထိုင်း-မြန်မာ ဗုဒ္ဓဘာသာနဲ့ ဘာသာရေးအလေ့အထပြပွဲတွေ ကျင်းပခဲ့ဖူးပါတယ်။ ဒီတခါ ပြပွဲကတော့ မြန်မာပြည် သီးသန့်ဖြစ်ပြီး ပျူခေတ်ကနေ မျက်မှောက်ခေတ်ထိ အနုပညာလက်ရာပစ္စည်းစုံကို ခင်းကျင်းပြသပါတယ်။

လန်ဒန်မြို့လယ်က ဗြိတိသျှပြတိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လန်ဒန်မြို့လယ်က ဗြိတိသျှပြတိုက်

ဒီပြပွဲမှာ အေဒီ ၅ ရာစုကနေ ဒီကနေ့ခေတ်ထိ မြန်မာပြည်နဲ့ဆိုင်တဲ့ ယဉ်ကျေးမှုအနုပညာလက်ရာစုံကို တွေ့ရပါတယ်။ မြန်မာပြည်ကို ၁၉၆၂ နောက်ပိုင်းမှာ တံခါးပိတ်တိုင်းပြည်အနေနဲ့ သိကြပေမယ့် အရင်က နိုင်ငံတကာနဲ့ ထိစပ်မှုများပြီး ယဉ်ကျေးမှုတွေ ကူးယှက်ခဲ့တာကို ပြဖို့ ရည်ရွယ်ကြောင်း ပြတိုက်မှူး အလက်ဇန္ဒရား ဂရင်းက ပြောပါတယ်။

ဒီပွဲမှာ မြန်မာပြည်မှာ မတွေ့နိုင်တဲ့ သမိုင်းဝင် ရှားပါးအနုပညာလက်ရာတွေကို တွေ့ရသလို မြန်မာပြတိုက်တွေမှာ မတွေ့ရတဲ့ ပြပွဲအခင်းအကျင်းနဲ့ စီစဉ်မှုတွေကို မြင်ရပါတယ်။

ရွှေနဲ့ ဆင်စွယ် လွှမ်းတဲ့ ပြခန်း

အလောင်းဘုရား ရွှေပေလွှာနဲ့ မူလဆင်စွယ်ကြုတ်

ဓာတ်ပုံ ရင်းမြစ်, Gottfried Wilhelm Leibniz Bibliothek – Niedersächsische Landesbibliothek

ဓာတ်ပုံ ပုံစာ, အလောင်းဘုရား ရွှေပေလွှာနဲ့ မူလဆင်စွယ်ကြုတ်

ဒီပြပွဲခန်းအဝင်မှာပဲ မင်းတုန်းမင်းခေတ်က မိုင်းညောင်မြို့ဝန်းကျင်ကို ရေးဆွဲပြထားတဲ့ အဝတ်မြေပုံကြီးကို အလောင်းဘုရားရဲ့ ရွှေပေလွှာနဲ့ မင်းတုန်းမင်းရဲ့ ထွက်တော်မူကြီး ပုရပိုက်က တစ်ဖက် တစ်ချက်စီ ရံပြီး ပြထားပါတယ်။ ဒီပြပွဲက ပစ္စည်းအများစုကို ဗြိတိန်နိုင်ငံထဲကပဲ စုဆောင်းပြသတာ ဖြစ်ပေမယ့် ရွှေပေလွှာကိုတော့ ဂျာမနီနိုင်ငံ ဟန်နိုဘာပြတိုက်ကနေ တကူးတကငှားရမ်း ပြသထားတာ ဖြစ်ပါတယ်။

ရွှေပေလွှာဟာ မြန်မာဘုရင်တွေက တိုင်းခြားဘုရင်တွေကို ပေးပို့တဲ့ အဆင့်အမြင့်ဆုံး သံဆက်သွယ်မှုပြယုဂ်ဖြစ်သလို ဗြိတိန် ဟန်နိုဘာမင်းဆက်က ဒုတိယဂျော့ဘုရင်ဆီပို့တဲ့ ရွှေပေလွှာဟာလည်း နောက်ဆုံးကျန်ခဲ့တဲ့ မြန်မာရွှေပေလွှာ ဖြစ်ပါတယ်။ သူနဲ့ မနီးယိုးစွဲ အဖြစ် တရုတ်ဘုရင့်မယ်တော်ဆီကို ပို့တဲ့ ငွေပေလွှာပဲ ထိုင်ဝမ်က နန်းတော်ပြတိုက်မှာ ပြသထားပါတယ်။

မြန်မာသံအမတ်ဦးကြင်နဲ့ ဆင်စွယ်ကုလားထိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာသံအမတ်ဦးကြင်နဲ့ ဆင်စွယ်ကုလားထိုင်

နောက် ဒီပွဲမှာ သီပေါမင်းသုံးခဲ့တယ်လို့ ယူဆကြတဲ့ ဆင်စွယ်ကုလားထိုင်ကိုလည်း ပြသထားပါတယ်။ ဒီကုလားထိုင်ဟာ ၁၉၅၆ က ဗြိတိန်မှာ မြန်မာသံအမတ်ကြီးဦးကြင် ကြည့်ရှုခဲ့တဲ့ ဆင်စွယ်ကုလားထိုင်မဟုတ်ပေမယ့် ခေတ်ပြိုင်ဖြစ်နိုင်ပါတယ်။ လန်ဒန်ပြတိုက်မှာ ပြထားတဲ့ ကုလားထိုင်ကတော့ လစ်ဗာပူးပြတိုက်က ငှားရမ်းပြတာဖြစ်ပြီး ဆင်ပေါများတဲ့ အရှေ့တောင်အာရှဒေသက ဆင်စွယ်လက်မှုပညာကို လက်စွမ်းပြကုလားထိုင်တလုံးဖြစ်ပါတယ်။

ဧရာမြစ်ဝှမ်းက ပဒေသရာဇ်ပြယုဂ်များ

burma

ဓာတ်ပုံ ရင်းမြစ်, British Museum

ဓာတ်ပုံ ပုံစာ, ဗုဒ္ဓဂါယာရောက် မွန်အုတ်ခွက်ဘုရား

ဒီပြပွဲမှာ ပထမဆုံး တွေ့ရမှာက အိန္ဒိယနဲ့ တရုတ်ကြား ရခိုင်၊ ဧရာဝတီနဲ့ စစ်တောင်း-သံလွင်မြစ်ဝှမ်းလွင်ပြင်တွေမှာ အနှစ် ၂ဝဝဝ အတွင်း ပေါ်ထွန်းခဲ့တဲ့ မြို့ပြနိုင်ငံတွေနဲ့ ပဒေသရာဇ်လက်နက်နိုင်ငံကြီးတွေရဲ့ ယဉ်ကျေးမှု လက်ရာတွေကို ဖော်ထုတ်တဲ့ ပျူခေတ်လက်ရာတွေ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတခုလုံးအတွက် ရှေးအကျဆုံး ပေစာဖြစ်တဲ့ အေဒီ ၅ ရာစုက သရေခေတ္တရာ မောင်ကန်ကုန်းက ပေစာကို ဗြိတိသျှစာကြည့်တိုက်က ငှားရမ်းပြသထားသလို ပျူဒင်္ဂါးတွေကိုလည်း တွေ့ရပါတယ်။

နာမည်ကျော် ပုဂံလက်ရာတွေထဲမှာတော့ ဗုဒ္ဓဂါယာက ရတဲ့ မွန်အုတ်ခွက်ဘုရားတွေကို တွေ့ရပါတယ်။ ၁၂ ရာစုက မွန်ခရီးသွားတွေ အိန္ဒိယမှာ ပြုလုပ်ပူဇော်ခဲ့တဲ့ ဒီလက်ရာတွေကို ၁၉ ရာစု ဗုဒ္ဓဂါယာနားက တူးဖော်ရေးတွေမှာ တွေ့ရှိခဲ့တာပါ။ နောက် ပုဂံမြေဘုံသာဘုရားကလို့ ယူဆရတဲ့ ဗြဟ္မာရုပ်တုကိုလည်း ဒီပြပွဲမှာ တွေ့ရပါတယ်။

လန်ဒန်မှာ ကျန်ခဲ့တဲ့ ဟင်္သာကွမ်းအုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လန်ဒန်မှာ ကျန်ခဲ့တဲ့ ဟင်္သာကွမ်းအုပ်

ကုန်းဘောင်ခေတ် လက်ရာတွေထဲမှာ တွေ့ရိုးတွေ့စဉ် ဆွမ်းအုပ်၊ ဘုရား၊ ပုရပိုက် စတဲ့ လက်ရာတွေအပြင် ရှားပါးလက်ရာဆန်းတွေလည်း ပါပါတယ်။ ဒီမှာ အလောင်းဘုရားခေတ် မြန်မာတပ်တွေရဲ့ မဏိပူရ စစ်ချီခရီးမြေပုံကို အင်္ဂလိပ်စစ်ဗိုလ် မေဂျာဘားနေးက ပြန်ကူးဆွဲတဲ့ မြေပုံကိုလည်း ပြထားပါတယ်။

၁၉၆၄ မှာ ဝိတိုရိယနဲ့ အဲလ်ဘတ်ပြတိုက်မှာ ပြထားတဲ့ မြန်မာ မင်းခမ်းတော်တွေ မြန်မာပြည် ပြန့်ပို့ရာမှာ ဗိုလ်ချုပ်ကြီးနေဝင်း လက်ဆောင်အဖြစ် ထားခဲ့တဲ့ ပတ္တမြားစီ ဟင်္သာကွမ်းအုပ်ကလည်း ဒီပွဲရဲ့ အလှတပါး ဖြစ်ပါတယ်။

မဟလ္လတာ ဝတ်ရုံတော်နဲ့ ညောင်ရွှေစော်ဘွားမောင်နှံ

ဓာတ်ပုံ ရင်းမြစ်, Burma to Myanmar

ဓာတ်ပုံ ပုံစာ, မဟလ္လတာ ဝတ်ရုံတော်နဲ့ ညောင်ရွှေစော်ဘွားမောင်နှံ

မြန်မာမင်းမိဘုရားနဲ့ ရှမ်းစော်ဘွားတွေ ဝတ်တဲ့ နန်းသုံးဝတ်လုံတွေကိုလည်း ဒီပွဲမှာ တွေ့နိုင်ပါတယ်။ မြန်မာနဲ့ ရှမ်းပြတိုက်တွေမှာ ရှိတဲ့ ဝတ်လုံအဆောင်အယောင်တွေထက်ပိုပြီး ထားသိုမှု ကောင်းတာကို တွေ့ရပါတယ်။ အလားတူပဲ ဒီမှာ ပြထားတဲ့ မင်းတုန်းမင်း ထွက်တော်မူပုရပိုက်ကြီးကလည်း မြန်မာပြည်က ခေတ်ပြိုင်ပုရပိုက်တွေထက် အများကြီး အခြေအနေကောင်းပါတယ်။

အလားတူပဲ မန္တလေးခေတ်က ရွှေချည်ထိုး ကန့်လန်ကာကြီးရဲ့ အရောင်အသွေးနဲ့ ဖန်တီးပြုလုပ်မှု သေသပ်အနုစိတ်ပုံက လက်ရှိ မြန်မာရွှေချည်ထိုးလက်ရာတွေ မယှဉ်နိုင်အောင် ကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ရာမဇာတ်သရုပ်ဖော်တဲ့ ဒီရွှေချည်ထိုးလက်ရာကို မြန်မာပြပွဲရဲ့ သရုပ်ဖော်ပုံအဖြစ် သုံးစွဲတာကို တွေ့ရပါတယ်။

ပထမကျူးကျော်စစ်က ပါလာတဲ့ ဆင်းတုတော်

ဓာတ်ပုံ ရင်းမြစ်, Brtish Museum

ဓာတ်ပုံ ပုံစာ, ပထမကျူးကျော်စစ်က ပါလာတဲ့ ဆင်းတုတော်

ပြပွဲထောင့်တနေရာမှာ တွေ့ရတဲ့ ဘုရားဆင်းတုကြီးကတော့ လွန်ခဲ့တဲ့ နှစ် ၂ဝဝ၊ ပထမ အင်္ဂလိပ်-မြန်မာစစ်အတွင်း ကပ္ပတိန် မားရီးယတ်ဆိုတဲ့ အင်္ဂလိပ် စစ်ဗိုလ်တယောက် မြန်မာပြည်က သိမ်းလာတဲ့ ဗုဒ္ဓရုပ်ပွားတော် ဖြစ်ပါတယ်။ ဒီစစ်ဗိုလ်ဟာ သင်္ဘောသား လူစွန့်စားဝတ္ထုတွေ ရေးလို့ နာမည်ကြီးပါတယ်။ မြန်မာပြည်က သူယူလာခဲ့တဲ့ တခြားပစ္စည်းတွေ ဘယ်ရောက်သွားတယ်တော့ မသိရပါဘူး။ တနင်္သာရီက သူယူသွားတဲ့ ဘုရင့်ရထားတော်နဲ့ ပလ္လင်ကြီးအကြောင်း အာရှအသင်းတော်ဂျာနယ်မှာ ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

ဒီမှာ တွေ့ရတဲ့ နန္ဒီနွားစီး သီဝနတ်ရုပ်နဲ့ ကုရ်အာန်ကျမ်းထည့်တဲ့ စာတိုက်ကလည်း ပဒေသရာဇ်ခေတ် မြန်မာပြည်က အယူဝါဒစုံမှာ မြန်မာမှုတွေ မွမ်းထုံထားတာကို ဖော်ပြနေပါတယ်။

နာမည်ကျော် မုတ္တမစဉ့်အိုး

ဓာတ်ပုံ ရင်းမြစ်, British Museum

ဓာတ်ပုံ ပုံစာ, နာမည်ကျော် မုတ္တမစဉ့်အိုး

မွန်စဉ့်အိုးနဲ့ ရှမ်းမြေပုံ

ဒီပြပွဲမှာ မြန်မာလူမျိုးကို အဓိကထားပြတဲ့ မြန်မာပြည်က အမျိုးသားပြတိုက်နဲ့မတူဘဲ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင် စတဲ့ လူမျိုးစုံလက်ရာတွေကိုလည်း တဆောင်တယောင် ပြသထားတာ တွေ့နိုင်ပါတယ်။

ဒီမှာ ပြထားတဲ့အထဲ သင်္ဘောပေါ် ရေသယ်တဲ့ ၁၆ ရာစုက မုတ္တမ စဉ့်အိုးကလည်း ရှားပါးပြီး မြန်မာပြည်မှာ လက်ကျန် ပြဖို့ မရှိသလောက်ဖြစ်တဲ့ ရှေးလက်ရာ ဖြစ်ပါတယ်။ ၁၅- ၁၆ ရာစုနှစ်တွေက အနောက်နဲ့ အရှေ့တိုင်း ကုန်သင်္ဘောတွေပေါ်မှာ လချီ ခရီးသွားတဲ့အခါ သောက်ရေချိုကို သိုမှီးနိုင်ဖို့ မွန်ပြည် မုတ္တမက တင်ပို့တဲ့ စဉ့်အိုးတွေကို သုံးလေ့ရှိပါတယ်။ မုတ္တမအိုးလို့ ကျော်ကြားပေမယ့် ဒီအိုးတွေကို ဒလနားက တွံတေးတောတန်းကြီးက လုပ်တာဖြစ်နိုင်တယ်လို့လည်း ယူဆကြပါတယ်။

ပဲခူး ရွှေဂူကြီးက စဉ့်ကွင်း

ဓာတ်ပုံ ရင်းမြစ်, wikipaedia

ဓာတ်ပုံ ပုံစာ, ပဲခူး ရွှေဂူကြီးက စဉ့်ကွင်း

ပဲခူး ရွှေဂူကြီးဘုရားက ဘီလူးရုပ်ကြွ စဉ့်ကွင်းကတော့ ကမ္ဘာအနှံ့ ပြန့်ကြဲ ရောက်ရှိနေတဲ့ မွန်စဉ့်ကွင်းလက်ရာတွေထဲက တခုဖြစ်ပါတယ်။ ရွှေတိဂုံဘုရားက ရတဲ့ ရွှေကြုတ်ကိုလည်း ဒီပြပွဲမှာ ခင်းကျင်းပြသထားပါတယ်။

ရခိုင်ပစ္စည်းတွေထဲမှာ ပြထားတဲ့ ဘုရင့် ထန်းဖူးပေစာက ၁၈ ရာစုက ဖြစ်ပြီး မြန်မာနိုင်ငံက အစောဆုံး ကျန်ရစ်တဲ့ ပေစာတချပ် ဖြစ်နိုင်ပါတယ်။

၁၈ ရာစု မြန်မာပြည်ရောက် ထိုင်းတွေရဲ့ လက်ရာ ကမာခွံနဲ့လုပ်တဲ့ ကမ္မ၀ါစာကိုလည်း တွေ့ရပြီး သူတို့အနုပညာတွေနဲ့ မြန်မာလက်ရာတွေ ရောယှက်ပြီး ကုန်းဘောင်ခေတ်မှာ အနုပညာလက်ရာသစ်တွေ ပေါ်ထွန်းခဲ့တာ ဖြစ်ပါတယ်။

ရွှေလီမြစ်ဝှမ်းက ရှမ်းပြည်မြေပုံ

ဓာတ်ပုံ ရင်းမြစ်, Burma to Myanmar

ဓာတ်ပုံ ပုံစာ, ရွှေလီမြစ်ဝှမ်းက ရှမ်းပြည်မြေပုံ

ရွှေလီမြစ်ဝှမ်းက ရှမ်းပြည်တွေကိုပြတဲ့ ရောင်စုံမြေပုံကြီးကတော့ ဒီပြပွဲရဲ့ အထင်ကရလက်ရာတခု ဖြစ်ပါတယ်။ ရှမ်းမြေပုံရေးဆွဲတဲ့ ပညာကို လေ့လာနိုင်တဲ့အပြင် တရုတ်နဲ့ မြန်မာကြားက ရှမ်းပြည်တွေရဲ့ နိုင်ငံရေးကဏ္ဍကိုလည်း ဒီမြေပုံက မီးမောင်းထိုးနေပါတယ်။

ကျိုင်းတုံစော်ဘွားက ရှမ်းပြည်ဝန်ထောက် ဆာဂျိမ်းစ်စကော့ခေါ် ရွှေရိုးကိုပေးတဲ့ လူမျိုးစုံပုံစာအုပ်ကလည်း တောင်ပေါ်မျိုးနွယ်စုတွေကို ခွဲခြားသတ်မှတ်ရာမှာ အရေးကြီးတဲ့ မှတ်တမ်းတခု ဖြစ်ပြီး ဖက်ဒရယ်ခေတ်ထိ အသုံးကျတဲ့ မနုဿဗေဒမှတ်တမ်းဖြစ်ပါတယ်။

အင်္ဂလိပ်ပုံစံ အမျိုးသမီးဝတ်ကုတ်အင်္ကျီ

ဓာတ်ပုံ ရင်းမြစ်, Burma to Myanmar

ဓာတ်ပုံ ပုံစာ, အင်္ဂလိပ်ပုံစံ အမျိုးသမီးဝတ်ကုတ်အင်္ကျီ

ရှမ်းစော်ဘွားတွေ အိန္ဒိယကအပြန်မှာ ပုံတူယူလာတဲ့ အင်္ဂလိပ်ပုံစံ အမျိုးသမီးဝတ်ကုတ်အင်္ကျီ တထည်ကိုလည်း ဒီပွဲမှာ ပြသထားပါတယ်။ ဒီကုတ်အင်္ကျီမှာ ဥရောပပိုးဘရိုကိတ်စကို တရုတ်ကြယ်သီး၊ အိန္ဒိယမဟာရာဇာတွေရဲ့ အနားပွဝတ်ရုံပုံစံ ချုပ်လုပ်ထားပြီး အင်္ဂလိပ်ကော်လာနဲ့ လက်နားတွေ တပ်ဆင်ထားပါတယ်။

ဒီမှာ အစောဆုံး ကရင်ဘာသာနဲ့ သမ္မာကျမ်းစာအုပ် ပုံနှိပ်မူကိုလည်း တွေ့ရပြီး ၁၉ ရာစုက ကရင်သင်တိုင်းတွေကိုလည်း မြင်နိုင်ပါတယ်။ မြန်မာပြည် အောက်ပိုင်း ဗြိတိသျှအောက် ကျရောက်ပြီးနောက် တင်သွင်းလာတဲ့ ဆိုးဆေးတွေနဲ့ ရိုးရာ ရက္ကန်းနည်းပညာတွေ ပေါင်းစပ်ပြီး လှပတဲ့ အထည်ဆန်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ခေတ်သစ်ကမ္ဘာထဲက မြန်မာ

ငွေပန်းထိမ်ဆရာ မောင်ရင်မောင်ရဲ့ လက်ရာ

ဓာတ်ပုံ ရင်းမြစ်, Burma to Myanmar

ဓာတ်ပုံ ပုံစာ, ငွေပန်းထိမ်ဆရာ မောင်ရင်မောင်ရဲ့ လက်ရာ

ကိုလိုနီခေတ်ကာလမှာတော့ ခေတ်နဲ့အညီ ပြည်ပက ဝင်လာတဲ့ ယဉ်ကျေးမှု အနုပညာလက်ရာပုံစံတွေ မြန်မာရေမြေမှာ ပုံစံတမျိုးနဲ့ ပွင့်ဖူးလာကြတာကို ပြသထားပါတယ်။

ဒီထဲမှာ ၂ဝ ရာစုဆန်းက မြန်မာပြည်မှာ ခေတ်စားခဲ့တဲ့ မိလ္လာထည်ခေါ် ငွေပန်းထိမ်လက်ရာတွေ ပါဝင်ပြီး ၁၉ ရာစုနှစ်က ဝိတိုရိယဘုရင်မရဲ့ ဦးရီးတော် စတုတ္ထဝီလျံဘုရင်ကို ဆက်သတဲ့ ငွေအိုးနဲ့ ၂ဝ ရာစုဦးက ငွေပန်းထိမ်ဆရာ မောင်ရင်မောင်ရဲ့ လက်ရာတွေကို တွေ့နိုင်ပါတယ်။

ဦးဘဥာဏ်ရဲ့ ပန်းချီကား

ဓာတ်ပုံ ရင်းမြစ်, British Museum

ဓာတ်ပုံ ပုံစာ, ဦးဘဥာဏ်ရဲ့ ပန်းချီကား

မြန်မာပန်းချီဆရာတွေထဲက ပထမဆုံး ဗြိတိသျှ တော်ဝင်အကယ်ဒမီကျောင်းမှာ ပညာသင်ခဲ့တဲ့ ဘိလပ်ပြန် ပန်းချီဆရာကြီး ဦးဘဥာဏ်ရဲ့ ပန်းချီကားပုံသေးတွေကိုလည်း စိတ်ဝင်စားစရာ တွေ့ရပြီး မြန်မာပြည်အကြောင်း စာအုပ်တွေ ရေးခဲ့တဲ့ ဗြိတိသျှစာရေးဆရာ မောရစ်ကောလစ်ဆီက ဝယ်ယူထားတာ ဖြစ်ပါတယ်။ ဒီထဲက တပုံက မန္တလေးမြောက်ဘက်မြို့ရိုးထိပ်က ဘုရင်ခံအိမ်တော်ရှေ့မှာ ဘုရင်ခံ ဆားချားလ်စ်အင်းနစ် ကြွချီလာပုံ ဖြစ်ပါတယ်။

မြိတ်က ကမာခွံပေါ်ရေးတဲ့စာ

ဓာတ်ပုံ ရင်းမြစ်, British Library, Or 16052.

ဓာတ်ပုံ ပုံစာ, မြိတ်က ကမာခွံပေါ်ရေးတဲ့စာ

မြိတ်က ကမာခွံပေါ်ရေးတဲ့စာကိုလည်း ထူးထူးခြားခြားပြသထားပြီး ၁၉၀၇ က မြိတ်မြို့ကို ကြွရောက်လာတဲ့ မြန်မာပြည် လက်ထောက်ဘုရင်ခံ ဆာဟားဗတ်သာကယ်ဝှိုက်ကို မြို့ခံတွေ ဆက်သတဲ့ သဝဏ်လွှာ ဖြစ်ပါတယ်။ မြို့သယ်ယူပို့ဆောင်ရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို စာကဗျာသံပါပါနဲ့ တင်ပြတောင်းဆိုတဲ့ စာပါ။

ရုပ်ရှင်သိပ္ပံဂျာနယ်မျက်နှာဖုံး၊ ကုလားမခြင်းတောင်းဆွဲနို့ဆီနဲ့ ဆန်းလိုက်ဆပ်ပြာ ကြော်ငြာပိုစတာတွေကိုလည်း ပြပွဲမှာ ချိတ်ဆွဲပြသထားပါတယ်။ ဒီပုံတွေကတော့ ကိုလိုနီခေတ်မှာ ဝင်လာတဲ့ အရင်းရှင်ကုန်သွယ်စီးပွားစနစ်၊ ကြော်ငြာပန်းချီ၊ ဓာတ်ပုံ၊ ရုပ်ရှင်၊ စာနယ်ဇင်းပညာတွေနဲ့ မြန်မာလူ့အဖွဲ့အစည်း ထိတွေ့မှု ပုံရိပ်တွေ ဖြစ်ပါတယ်။

ထောင်မလဲ သဲကော် ဆိုတဲ့ ဂျပန်ငွေစက္ကူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထောင်မလဲ သဲကော် ဆိုတဲ့ ဂျပန်ငွေစက္ကူ

ဂျပန်ခေတ် လက်ရာတွေအနေနဲ့ စစ်အတွင်း ငွေဖောင်းပွမှုကို ဖြစ်စေခဲ့တဲ့ ဂျပန်ငွေစက္ကူတွေကို ပြထားပါတယ်။ ဒီငွေတွေကို စစ်အပြီးမှာ ပြန်ဝင်လာတဲ့ ဗြိတိသျှအစိုးရက တရားမဝင် ကြေညာခဲ့လို့ အလဟဿ ဖြစ်ခဲ့ရပေမယ့် နှစ် ၈ဝ နီးပါးအကြာမှာတော့ သမိုင်းဝင်ရှားပါးပစ္စည်းတွေ ဖြစ်နေပါပြီ။

နောက် ကမ္ဘာစစ်အတွင်းက မြန်မာပြည်သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မဟာမိတ်တပ်တွေသုံးတဲ့ ပိုးစပေါ်က မြေပုံကလည်း ခေါက်ပြု သိမ်းလို့ လွယ်ပြီး ပေါ့ပါးလှပါတယ်။

လွတ်လပ်ပြီးခေတ် လက်ရာအနေနဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုက ဗြိတိသျှဘုရင်မ ဒုတိယအဲလစ်ဇဘက်ကို ၁၉၅၅ က ပေးတဲ့ ငွေလက်ဖက်ရည်အိုးနဲ့ ပန်းကန်စုံကို တွေ့ရပါတယ်။

စံမင်းရဲ့ ပန်းချီကား

ဓာတ်ပုံ ရင်းမြစ်, British Museum

ဓာတ်ပုံ ပုံစာ, စံမင်းရဲ့ ပန်းချီကား

ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ကစပြီး မြန်မာပြည်မှာ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေ ဆုံးရှုံးတဲ့အကြောင်း နဲ့ ပတ်သက်ပြီး ပန်းချီမောင်သိဒ္ဓိ ၁၉၇၄ က သံကြိုးနဲ့ သူ့ကိုယ်သူရော ပန်းချီကားပါ ချည်ပြီး ပါဖောင်း မန့်စ်လုပ်ခဲ့တဲ့ ပုံတူပန်းချီကို ပြထားသလို ပန်းချီစံမင်းရဲ့ တင့်ကားဘီးနဲ့ မောင်းတဲ့ကားပုံ ပန်းချီကားကိုလည်း ဒီပွဲမှာ တွေ့ရပါတယ်။

၁၉၈၈ နောက်ပိုင်း မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုမှာ အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီတချပ်ကိုလည်း ဒီပြပွဲမှာ ခင်းကျင်းထားပြီး ရိုဟင်ဂျာ ဒုက္ခသည်တယောက်ရဲ့ ဓာတ်ပုံနဲ့ အထက်အောက် ယှဉ်တွဲပြသထားပါတယ်။

ထူထူထဲထဲ မြန်မာပြပွဲ စာအုပ်ကြီး

ဓာတ်ပုံ ရင်းမြစ်, British Museum

ဓာတ်ပုံ ပုံစာ, ထူထူထဲထဲ မြန်မာပြပွဲ စာအုပ်ကြီး

မြန်မာတွေ ပါဝင်ရေးတဲ့ ရုပ်စုံပြပွဲစာအုပ်

ဒီပြပွဲရဲ့ အားနည်းချက်ကတော့ အီဂျစ်၊ တရုတ် စတဲ့ တခြားပြပွဲကြီးတွေလို မြန်မာအတွက် နေရာများများ မပေးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ မပြနိုင်တဲ့ လက်ရာ ပစ္စည်းတွေကို ကော်ဖီစားပွဲတင် ရုပ်စုံ စာအုပ်ကြီးအဖြစ် ပညာရှင်တွေရဲ့ လက်ရာ ဆောင်းပါးတွေနဲ့အတူ စုစည်းထုတ်ဝေထားပါတယ်။

စာမျက်နှာ သုံးရာနီးပါး ရှိတဲ့ ဒီစာအုပ်မှာ ဝင်ရောက်ရေးသားသူတွေကတော့ ပြပွဲစီစဉ်သူ အလက်ဇန္ဒရားဂရင်းနဲ့အတူ ဝါးရစ်တက္ကသိုလ်က ပါမောက္ခ မန်ဒီဆဒန်၊ အမေရိကန် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလက်တက္ကသိုလ်က ဘာသာရေးပညာ လက်ထောက် ပါမောက္ခ အလက်ဇန္ဒရား ကလေရာနီးဒက်စ်၊ စင်္ကာပူအမျိုးသားတက္ကသိုလ်က သမိုင်း တွဲဖက်ပါမောက္ခ မေထရီအောင်သွင်နဲ့ ပါရဂူကျမ်းပြုသူ အာသာ စွမ်းရည်ထွန်း စတဲ့ ပညာရှင်တွေ ပါရှိပါတယ်။

မျိုးနွယ်စုတွေ စုံလင်တဲ့ မြန်မာပြည်ထောင်စု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျိုးနွယ်စုတွေ စုံလင်တဲ့ မြန်မာပြည်ထောင်စု

ဒီစာအုပ်မှာ ပူးတွဲရေးသားပြီး ပြပွဲစီစဉ်ရာမှာ ကူညီပေးခဲ့သူ ကိုသော်ဇင်လတ်ကတော့ ဒီပြပွဲကနေပြီး မြန်မာပြည်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာရဲ့အမြင်ကို ပြောင်းလဲဖို့ အစပြုနိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။ အရင်က မြန်မာပြည်ပြပွဲ အများစုမှာ မြန်မာ ဗုဒ္ဓဘာသာ လက်ရာပစ္စည်းတွေပဲ ပြသလေ့ရှိပေမယ့် ဒီပြပွဲမှာတော့ ဒီနိုင်ငံ နယ်နိမိတ်ထဲက လူမျိုးစုံရဲ့ ဝိသေသလက္ခဏာတွေကို ပိုထင်ဟပ်အောင် ကြိုးစားထားတယ်လို့ သူက ဆိုပါတယ်။ ကိုသော်ဇင်လတ်ဟာ လန်ဒန်တက္ကသိုလ်က ရှေးဟောင်း သုတေသနပညာ မဟာဘွဲ့ရခဲ့သူပါ။

မြန်မာပြည်နဲ့ မိုင်ငါးထောင်ကျော်အကွာက ပြပွဲ

ဓာတ်ပုံ ရင်းမြစ်, British Museum

ဓာတ်ပုံ ပုံစာ, မြန်မာပြည်နဲ့ မိုင်ငါးထောင်ကျော်အကွာက ပြပွဲ

ဒီပြပွဲရဲ့ ရည်ရွယ်ချက် ကောင်းပေမယ့် ခင်းကျင်းပြသမှုမှာ ပြန့်ကျဲနေတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ မြန်မာသမိုင်းတခုလုံးကို ခြုံမိဖို့ ကြိုးစားထားပေမယ့် ပြပွဲစီစဉ်ပုံက နေရာတကျ မဖြစ်တာတွေ တွေ့ရကြောင်း ပွဲကို ကြည့်ခဲ့တဲ့ မြန်မာရေးရာ လေ့လာတဲ့ ကျောင်းသူတယောက်က ပြောပါတယ်။