ပဇီကြီးကောက်ကြောင်း
စစ်ကိုင်းတိုင်း၊ ကျေးလက်က အိမ်ခြေ နှစ်ရာကျော်ပဲ ရှိတဲ့ မထင်မရှား ရွာလေးတစ်ရွာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ခုခံတော်လှန်စစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား အသေအပျောက်အများဆုံး ရွာတစ်ခုအဖြစ် နေ့ချင်းညချင်း ကမ္ဘာသိသွားပါတယ်။
ဧပြီလ ၁၁ ရက်နေ့ မနက် ၈ နာရီလောက်မှာ စစ်တပ်က လေယာဥ်နဲ့လာပြီး ဗုံးကြဲတိုက်ခိုက်၊နောက်တစ်ဆက်တည်းမှာ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေကနေ ပစ်ခတ်ခဲ့လို့ လူဦးရေ တစ်ထောင်ကျော်ပဲရှိတဲ့ ပဇီကြီးရွာမှာ လူ ၁၆၈ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်ထုတ်ပြန်ခဲ့ပြီး တစ်ရွာလုံးနီးပါး နာရေးအိမ်ဖြစ်သွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
မြေပြင်ကယ်ဆယ်ရေးလုပ်သူတွေအပြောအရဆိုရင်တော့ အဲဒီရွာမှာ သေဆုံးခဲ့ရသူတွေဟာ ၁၇၀ ကျော် ရှိခဲ့ပြီး ကလေးငယ်တွေက ၃၈ ဦးထိ ပါဝင်ခဲ့ပါတယ်။
ရွှေဘို-မြစ်ကြီးနားကားလမ်း နဲ့ ဧရာဝတီမြစ်ကြားမှာ ရှိတဲ့ ဒီရွာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကနေ ကင်းလွတ်နေတဲ့ ရွာတစ်ရွာဖြစ်ပြီး ရွာခံတွေက သူတို့အစိုးရဟာ NUG အစိုးရပဲလို့ သတ်မှတ်ထားပါတယ်။
ဒီဖြစ်ရပ်ဆိုးကြီးမတိုင်ခင် မတ်လ ၁၈ ရက်နေ့က ဧရာဝတီမြစ်တစ်ဖက်ခြမ်းကနေ ပဇီကြီးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာကြုံခဲ့ပေမဲ့ အခုလောက်အထိ ရက်ရက်စက်စက်တိုက်ခိုက်လာလိမ့်မယ်လို့ မထင်ခဲ့ကြဘူးလို့ ရွာခံတချို့က ဘီဘီစီကိုပြောပါတယ်။
ပဇီကြီး ဘယ်လိုရွာလဲ
စစ်ကောင်စီက လေကြောင်းကနေ သဲသဲမဲမဲ တိုက်ခိုက်ပြီးတဲ့နောက် ပဇီကြီးဟာ စစ်ရေးအရအလွန်အရေးပါတဲ့ရွာတစ်ခုလား၊ ခုခံတော်လှန်စစ်ပြင်းထန်တဲ့ စစ်ကိုင်းတိုင်းထဲက သာမန် ရွာတစ်ရွာပဲလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာခဲ့ပါတယ်။
ယခင်စစ်အစိုးရရဲ့ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ရဲ့ ဇာတိကြောင့် ကန့်ဘလူမြို့နယ်ဟာ ကျော်ကြားပြီး အဲဒီမြို့နယ်ထဲမှာပါတဲ့ ပဇီရွာကြီးရွာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ထောက်ခံတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကန့်ဘလူမြို့ပေါ်ကနေ တစ်နာရီခွဲလောက်ကားမောင်းရတဲ့ ပဇီကြီးရွာဟာ လျှပ်စစ်မီးတောင်မရသေးတဲ့ ရွာတစ်ရွာဖြစ်ပြီး ကတ္တရာလမ်းရှိလာတာတောင် ဆယ်စုနှစ်တစ်ခုလောက်ပဲရှိပါသေးတယ်။
ပဇီကြီးမှာ ဆိုလာစနစ်တောင် မတွင်ကျယ်သေးဘဲ လျှပ်စစ်ရရှိဖို့ ဘက္ထရီကိုပဲ အဓိက အားထားနေရတဲ့ ရွာတစ်ရွာပါ။
ရွှေဘို-မြစ်ကြီးနားကားလမ်းကနေ ဧရာဝတီမြစ်ကမ်းနားဘေးမှာ ရှိတဲ့ မလည်တိုက်နယ်ကို သွားရင် ပဇီကြီးကိုဖြတ်ရလို့ အတော်အတန်စည်တဲ့ရွာဖြစ်ပါတယ်။
အတော်အတန်စည်တဲ့ရွာဆိုတာက အဲဒီအနီးအနားကရွာတွေနဲ့ နှိုင်းယှဥ်ပြီး ဆိုလိုတာဖြစ်ပြီး ကုန်စုံဆိုင် ၃ ဆိုင်သာ ရှိတဲ့ ရွာတစ်ရွာပါ။
ရွာသူရွာသားတွေဟာ ပဲ နဲ့ နှမ်းကို အဓိကစိုက်ပျိုးတဲ့ တောင်သူတွေဖြစ်ပါတယ်။
ရွာမှာ ကျေးလက်ဆေးပေးခန်းတစ်ခုနဲ့ အလယ်တန်း(ကျောင်းခွဲ) တစ်ခုပဲရှိတဲ့ ရွာငယ်လေး တစ်ရွာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၂၀ ခုနှစ်အထိ တရားဝင်စာရင်းတွေအရ ပဇီကြီးကျေးရွာအုပ်စုမှာ အိမ်ခြေ ခုနစ်ရာကျော်ရှိပြီး လူဦးရေ သုံးထောင်ကျော်ရှိတယ် လို့ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး NUG အစိုးရ ပေါ်ပေါက်လာပြီးတဲ့အချိန်မှာတော့ ပဇီကြီးရွာဟာ NUG ကို အစိုးရအဖြစ်သတ်မှတ်ပြီး ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့တဲ့ရွာတစ်ရွာဖြစ်လာပါတယ်။
ကြားကာလ ပညာရေးမှာ ရွာမှာရှိတဲ့လူငယ်တွေက ကျောင်းသားကျောင်းသူတွေကို စာပြန်သင်ပေးခဲ့ကြပါတယ်။
အချက်အလက်တွေအရ ပဇီကြီးဟာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၈၆ ခု ရှိတဲ့ ကန့်ဘလူမြို့နယ်ထဲက သာမန်ရွာလေးတစ်ရွာထက်မပိုပေမဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ ပဇီကြီးဟာ KIA နဲ့ PDF တို့ အဓိကစစ်ရေးလှုပ်ရှားတဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတောင်ပိုင်းကို လက်နက်ခဲယမ်းတွေပို့ဖို့ အဓိက စခန်းထောက်နေရာလို့ ရေးသားဖော်ပြထားပါတယ်။
ပဇီကြီးရွာသားတွေဘက်ကတော့ စစ်ကောင်စီပြောသလို မဟုတ်ဘူးလို့ ငြင်းဆန်ထားပြီး PDF တောင် များများစားစားမထွက်ဘဲ ရပ်ရွာကာကွယ်ရေးအတွက် ဖွဲ့ထားတဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းငယ်သာရှိတယ်လို့ ပြောပါတယ်။
လုပ်သေနတ်၊ တူမီးနဲ့ တစ်တောင့်ထိုး သေနတ်တချို့ကိုပဲ ကိုင်နိုင်တယ်လို့ ပဇီကြီးရွာခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ NUG ရဲ့တူညီတဲ့ ထုတ်ပြန်ချက်ကတော့ ပဇီကြီးဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်က လွတ်ကင်းနေတဲ့ နယ်မြေတစ်ခု ဖြစ်နေပြီး ရွာခံတွေကလည်း ဒီအချက်ကို ငြင်းဆိုမှုမပြုပါဘူး။
စစ်ကောင်စီနဲ့ ပဇီကြီး
စစ်ကိုင်းတိုင်းထဲမှာ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေ နဲ့ PDF တွေကြားမှာ တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပေမဲ့ ပဇီကြီးရွာကိုတော့ စစ်ကြောင်း နှစ်ခါပဲ ဝင်ဖူးတယ်လို့ ရွာခံတွေကပြောပါတယ်။
မနှစ်က မေလမှာ စစ်ကြောင်းတစ်ခု ပဇီကြီးမှာ ညအိပ်သွားတဲ့အကြောင်း ရွာခံတစ်ဦးက မှတ်မှတ်ရရပြန်ပြောပြပါတယ်။
‘’အပြန်မှာ ထန်းတော(ရွာ)ကို အဲဒီတပ်က မီးရှို့သွားသေးတယ်’’ လို့ အဲဒီရွာခံကပြောပါတယ်။
မနှစ်က ဇူလိုင်လကုန်ပိုင်းမှာပဲ စစ်ကြောင်းတစ်ခု ပဇီကြီးကိုနောက်ဆုံးရောက်လာခဲ့ပြီး တိုက်ပွဲဖြစ်တာ မရှိခဲ့ဘူးလို့ ရွာခံတွေကပြောပါတယ်။
ပဇီကြီးနဲ့ အနီးဆုံး စစ်ကောင်စီတပ်ဆိုရင် ရွာနဲ့ လေးမိုင်ခန့်အကွာက မလည်ရွာမှာရှိပြီး အဲဒီရွာက ရဲကင်းတစ်ခုမှာ စစ်သားတချို့ အစောင့်လာချထားတာပဲ ဖြစ်ပါတယ်။
‘’အဲဒီစခန်းကို ဒီဘက်ကသွားတိုက်တာမရှိဘူး။ အဲဒီစစ်သားတွေလည်း ရွာပြင်တောင်မထွက်ဘူး။ တစ်ခါတလေ တပ်လဲတယ်’’ လို့ ရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မလည်မှာ စစ်သားတချို့ရှိပေမဲ့ ပဇီမှာ သေနတ်လွယ်ပြီးလျှောက်သွားနေသူတချို့ကို တွေ့ရလေ့ရှိတယ်လို့ ပဇီအနီးက ကျေးရွာသားတချို့ကပြောပြီး ရွာခံတွေကတော့ ဒါဟာ ရပ်ရွာကာကွယ်ရေးအတွက် ဖွဲ့ထားသူတချို့သာဖြစ်တယ်လို့ ဆိုပါတယ်။
‘’ပဇီမှာ ထောက်ပို့တွေတော့ရှိတယ်။ ဒါပေမဲ့ စစ်တပ်ကပြောသလိုကြီးတော့ မဟုတ်ပါဘူး။ စစ်ကိုင်း တစ်တိုင်းလုံး ဒီလိုပဲ တော်လှန်ရေးကိုထောက်ပံ့နေကြတာပဲ’’ လို့ ပဇီကြီးရွာအနီးက ကျေးရွာတစ်ရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မတ်လ ၁၈ ရက်နေ့က ဧရာဝတီမြစ်တစ်ဖက်ခြမ်း သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ စမ္ပါယ်နဂိုရ်ရွာကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာက ပဇီကြီးအတွက် စစ်ကောင်စီရဲ့ အပြင်းထန်ဆုံး ခြိမ်းခြောက်မှု တစ်ခုဖြစ်ပါတယ်။
ဒီပစ်ခတ်မှုကြောင့် အဆောက်အအုံတစ်လုံး ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးတောင် လျှိုထဲမှာရှိနေသေးတယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းပိုင်းမှာရှိတဲ့ ကန့်ဘလူမြို့နယ်ဟာ မြောက်ဘက်မှာ ကောလင်း၊ တောင်ဘက်မှာ ခင်ဦး၊ အရှေ့ဘက်မှာ သပိတ်ကျင်း နဲ့ အနောက်ဘက်မှာ ကျွန်းလှ၊ တန့်ဆည် စတဲ့ မြို့နယ်တွေ နဲ့ထိစပ်နေပြီး အဲဒီမြို့နယ်အကုန်လုံးဟာ PDF တွေ အားကောင်းတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် ကန့်ဘလူအစွန်မှာရှိတဲ့ ပဇီကြီးကို စစ်ကောင်စီဟာ နှစ်နှစ်ကျော်အတွင်း ခြေလျင် နှစ်ခေါက်ပဲ ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နဲ့ အနောက်မြောက်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့ကတော့ ကန့်ဘလူမြို့ပေါ်ကို လာလေ့ရှိပြီး မတ်လ ၃၁ ရက်ကလည်း ရောက်လာခဲ့ပါတယ်။
စစ်ကောင်စီက ဘယ်လိုတိုက်ခိုက်ခဲ့လဲ
ပဇီကြီးရွာဟာ တိုက်ပွဲလည်း မဖြစ်၊ စစ်ကြောင်းတွေလည်း မဝင်တာကြာပြီဖြစ်လို့ အတော်အတန်ငြိမ်းချမ်းတဲ့နေရာတစ်ခုလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။
ရွာခံတွေကလည်း အဲဒီလို ခံယူထားပြီး ရွာထဲကအိုဟောင်းနေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို ရွာပြင်မှာပြောင်းရွှေ့ ပြီးဆောက်လုပ်ပါတယ်။
ရွာလမ်းဘေးမှာ ဒီအဆောက်အအုံဆောက်တာကို လမ်းသွားလမ်းလာတွေမြင်တွေ့ခဲ့ကြပြီး လျှို့ဝှက်အဆောက်အအုံလည်းမဟုတ်ဘူးလို့ ရွာခံတွေကပြောပါတယ်။
‘’ဒါဟာ လျှို့ဝှက် အစည်းအဝေးတစ်ခု မဟုတ်ဘူး။ ရပ်သိရွာသိ လူသိရှင်ကြားပြုလုပ်ခဲ့တဲ့ အစီအစဉ်တစ်ခုသာဖြစ်တယ်။ အညာဓလေ့ရွာဓလေ့အတိုင်း ရွာနီးချုပ်စပ်ကိုပါ ဖိတ်ပြီး ဧည့်ခံကျွေးမွေးကြတယ်။’’ လို့ ဧပြီ ၁၄ ရက် မနက်က ထုတ်လွှင့်တဲ့ ရေဒီယို NUG မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဒါဟာ စစ်စခန်းတစ်ခု မဟုတ်ဘူးဆိုတာ သိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတစ်ရွာအပေါ် အငြှိုးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
စစ်တပ်ဘက်ကတော့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဝန်ခံပြီး ကျေးရွာအပြင်ဘက်မှာရှိတဲ့ စစ်ဘက်ပစ်မှတ်တစ်ခု အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ တိုက်လေယာဥ်နဲ့ ဗုံးကြဲပြီး Mi-35 ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။
NUG က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီဟာ Yak-130 တိုက်လေယာဥ်၊ A5 တိုက်လေယာဥ် နဲ့ Mi-35 ရဟတ်ယာဥ်တွေကို အသုံးပြုသွားတယ်လို့ အသေးစိတ်ရှင်းလင်းခဲ့ပါတယ်။
Yak-130 တိုက်လေယာဥ်ပေါ်ကနေ ပြည်တွင်းထုတ် ပေါင် ငါးရာ ဗုံးနှစ်လုံး ကြဲချခဲ့တာလို့ NUG ရဲ့ လက်နက် ကျွမ်းကျင်သူ ကိုမင်းမင်းက ပြောပါတယ်။
ဒါ့အပြင် Mi-35 ရဟတ်ယာဥ်ပေါ်ကနေ S5 Rocket နဲ့ ၃၀ မီလီမီတာ စက်အမြောက်တွေကိုပါ အသုံးပြုပစ်ခတ်ခဲ့တယ်လို့ သူကပြောပါတယ်။
နောက်ဆုံးအနေနဲ့ A5 တိုက်လေယာဥ်ပေါ်ကနေ ၂၃ မီလီမီတာ စက်အမြောက်ကို အသုံးပြုသွားတယ်လို့ တွေ့ရှိချက်ကိုပြောပါတယ်။
‘’၂၃ မီလီမီတာ စက်အမြောက်တွေက အရာဝတ္ထုတွေကိုဖျက်ဆီးဖို့ ထုတ်လုပ်ထားတာဖြစ်တယ်။ လူကိုထိရင် ခြေလက်တွေပြတ်ထွက်သွားနိုင်တယ်။ မြေပြင်က အလောင်းတွေကို ကြည့်ရင်လည်း ဒီအချက်အလက်တွေကိုတွေ့ရတယ်’’ လို့ ကိုမင်းမင်းက ပြောပါတယ်။
Yak-130 နဲ့ Mi-35 ဟာ ရုရှားထုတ်ဖြစ်ပြီး မြေပြင်တိုက်ခိုက်ရေးရဟတ်ယာဥ်အမျိုးအစား A5 ကတော့ တရုတ်ထုတ်ဖြစ်ပါတယ်။
ပဇီကြီးဖြစ်စဥ်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အပြင်းအထန်ဝေဖန် ရှုတ်ချနေပေမဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ မပါဝင်ခဲ့ပါဘူး။
ဧပြီလ ၁၁ ရက် နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ သေဆုံးသူ ၁၆၈ ဦးကို နာမည်၊ အသက်၊ အဖအမည် စတဲ့အချက်အလက်တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရက အတိအကျထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာ အမည်မဖော်နိုင်သူ ၄ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။
သေဆုံးသူတွေအမည်စာရင်းမှာ ၅ နှစ်အောက် ကလေးငယ် ၆ ဦး၊ အသက် ၅ နှစ်နဲ့ ၁၄ နှစ်ကြားကလေးငယ် ၁၄ ဦး၊ အသက်ခွဲခြားလို့မရတဲ့ ကလေးငယ် ၁၀ ဦးနဲ့ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်အကြား ကလေးငယ် ၅ ဦးပါဝင်ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ ပဇီကြီးရွာတစ်ရွာတည်းကတင် လူ ၁၄၀ နီးပါး ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီက PDF တွေရဲ့ အဓိကစခန်းတစ်ခုလို့ ထုတ်ပြန်ခဲ့ပေမဲ့ NUG ရဲ့စာရင်းအရ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၁၆ ယောက်ကလွဲရင် ကျန်တဲ့ ရာဂဏန်းကျော်ဟာ အရပ်သားတွေပဲ ဖြစ်ကြပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကိုကြည့်ရင် PDF တွေ မရှိတဲ့ ရွာဖြစ်လို့ စိတ်ကြိုက်ပစ်ခတ်သွားနိုင်တာလို့ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကပြောပါတယ်။
‘’PDF တွေသာ စိုးမိုးနေရင် ဒီလိုအနိမ့်ပျံပြီး ပစ်ခတ်ရဲမှာ မဟုတ်ဘူး’’ လို့ သူကပြောပါတယ်။
အုပ်ချုပ်ရေးရုံးအနီးမှာ မိုင်းတွေထောင်ထားတယ် ဆိုတဲ့အကြောင်း ရွာခံတွေပြောတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီဘက်က ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်လို့ လည်း ဒါဟာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုကို နားလည်မှုလွဲပြီးပြောခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူ ကိုဘလိတ်က NUG သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မြေပုံပေါ်မှာပဲကျန်ခဲ့တဲ့ရွာ
စစ်ကောင်စီက ပဇီကြီးကို အပြီးသတ်ရှင်းလင်းရေးလုပ်မယ်လို့ ကြေညာထားတဲ့နောက် ပဇီကြီးရွာမှာ လူမရှိတော့ပါဘူး။
စစ်ကောင်စီကနောက်ထပ် လေကြောင်းကတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ရွာမှာမနေရဲကြတော့သလို လူစုလူဝေးလည်းမလုပ်ရဲကြတော့တဲ့ အခြေအနေဖြစ်ပါတယ်။
ဧပြီ ၁၁ ရက်နေ့ မှာ ဆုံးပါးသွားခဲ့ကြလို့ နှစ်ဆန်းတစ်ရက်နေ့မှာ ရက်လည်ဆွမ်းကျွေးတောင် တစ်ရွာလုံး မလုပ်ရဲခဲ့ကြပါဘူး။
‘‘ရွာထဲလည်း မသွားရဲပါဘူး၊ ရက်လည်အတွက် ဘုန်းကြီးတွေလည်း မဖိတ်ရဲပါဘူး။ လူစုလူဝေးဖြစ်တဲ့အခါ လာပြီးတော့ ပစ်ခတ် သတ်ဖြတ်တာတွေလုပ်မှာစိုးရိမ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အိမ်ခြေရာဂဏန်းပဲ ရှိတဲ့ရွာမှာ မိသားစုဝင်တွေ နဲ့ ရပ်ဆွေရပ်မျိုး ရာဏန်းအထိ ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်ဒဏ်ရာတွေ ကြီးကြီးမားမားရနေကြတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
‘’ဆိုင်ကယ်စက်နှိုးသံကြားရင်ကိုကြောက်နေတဲ့သူရှိတယ်။ ဒီတစ်ခါလေယာဥ်လာရင် လမ်းပေါ်ထွက်ပြီး အသေခံပစ်မယ်လို့ကို ပြောတဲ့ သူမျိုးလည်း ရှိတယ်’’ လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
မိသားစုဝင် ရာဂဏန်းကျော်ကို မိနစ်ပိုင်းအတွင်း တပြိုင်နက် ဆုံးရှုံးလိုက်ရတဲ့အခြေအနေကို လက်မခံနိုင်ဖြစ်နေကြတာပါ။
ပဇီကြီးဖြစ်စဥ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ခုခံတော်လှန်စစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား အသေအပျောက်အများဆုံးဖြစ်စဥ်အဖြစ် မှတ်တမ်းဝင်ခဲ့ပေမဲ့ ပဇီကြီးမတိုင်ခင်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်များစွာ ရှိနေခဲ့ပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လက NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးတဲ့နောက် လူ ၅ ဦးနဲ့ အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် အကြိမ် ၇၀ နီးပါး ရှိနေပြီး လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ၄၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အကြိမ်အများဆုံးဖြစ်ခဲ့တာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ PDF တွေနဲ့ သူတို့ကို ထောက်ပံ့ပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေကို ပြတ်ပြတ်သားသားအရေးယူမယ်လို့ ပြီးခဲ့တဲ့ တပ်မတော်နေ့မှာ စစ်ကြေညာပါတယ်။
အဲဒီမိန့်ခွန်းအပြီး နှစ်ပတ်ကျော်အတွင်း စစ်တပ်က ချင်းပြည်နယ်ထဲက ဝေဘူလမြို့နဲ့ ပဇီကြီးရွာ ကို ဆက်တိုက်လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင် နိုင်ငံတကာကဆက်တိုက် တောင်းဆိုနေပေမယ့် မြန်မာနိုင်ငံမှာ လူအစုလိုက်အပြုံလိုက်သေဆုံးတဲ့ ဖြစ်စဥ်တွေက မြင့်တက်လာ နေပါတယ်။
ပစ်မှတ်ဖြစ်နေဆဲ ပဇီကြီး
လေကြောင်းတိုက်ခိုက်ခံရလို့ လူရာကျော်သေဆုံးခဲ့တဲ့ ဖြစ်စဥ်အပြီး တစ်ပတ်အကြာ ဧပြီ ၁၈ ရက်မှာ ပဇီကြီးရွာအနီးက မလည်ရွာကို စစ်ကောင်စီက စစ်ကြောင်းတစ်ခု စေလွှတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီစစ်ကြောင်းဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းက သပိတ်ကျင်းမြို့နယ်ထဲကနေ မြစ်ကိုဖြတ်ကူးလာပြီး မလည်မှာ ညအိပ်ပါတယ်။
‘’ဧပြီ ၁၈ ရက်မှာ တပ်လဲတယ်။ ဒါပေမဲ့ အရင်ကထက် အင်အားတိုးချလိုက်တယ်’’ လို့ ရွာခံတစ်ဦးက ဘီဘီစီကိုပြောပြီး အင်အား တစ်ရာကျော်ရှိနိုင်တယ်လို့ ပြောပါတယ်။
ဧပြီ ၁၉ ရက် မှာ မလည်ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပဇီကြီးကို ညနေ ၄ နာရီမှာ ဝင်သွားတယ်လို့ အခြေအနေစောင့်ကြည့်နေတယ်လို့ ရွာခံတွေထံက သိရပါတယ်။
‘’ရွာသားတွေကို လိုက်ရှာနေကြတယ်။ စစ်ကြောင်း နှစ်ကြောင်းနဲ့ လာပြီး တစ်ကြောင်းက အရင်ဝင်သွားတာ’’ လို့ ရွာခံတစ်ဦးကပြောပါတယ်။
ဒေသခံတွေက မနေ့ညကတည်းက တပ်တွေရောက်လာတဲ့သတင်းကို ကြားတဲ့အတွက် ပဇီကြီး ဝန်းကျင်က ရွာ ရှစ်ရွာလောက်က ဒေသခံ ထောင်ဂဏန်းအထိ တိမ်းရှောင်ကုန်ကြပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
စစ်ကြောင်းမဝင်လာခင်ကတည်းက ပဇီကြီးရွာခံတွေဟာ ပူပြင်းတဲ့ အညာနွေအောက်မှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။
‘’နေ့လည်းပူ၊ ညလည်းပူ နဲ့ တောထဲ တောင်ထဲ ပြေးရလွှားရနဲ့ ဒုက္ခရောက်ပုံတော့ ပြောမနေပါနဲ့တော့ဗျာ။’’ လို့ ဧပြီ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှုမှာ သမီးလေးဆုံးပါးသွားတဲ့ ကိုရဲနိုင်က ပြောပါတယ်။