အွန်လိုင်းပေါ်မှာ နာမည်ကြီးလာတဲ့ ခရစ်ကတ်ကစားသူလေး

ဆူရှီလာ မီနာရဲ့ ခရစ်ကတ်ဘောလုံးပစ်တဲ့အသွင်က အွန်လိုင်းပရိသတ်ကို ဖမ်းစားနိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Anshul Verma

ဓာတ်ပုံ ပုံစာ, ဆူရှီလာ မီနာရဲ့ ခရစ်ကတ်ဘောလုံးပစ်တဲ့အသွင်က အွန်လိုင်းပရိသတ်ကို ဖမ်းစားနိုင်ခဲ့

အသက် ၁၀ နှစ် အရွယ် ဆူရှီလာ မီနာဟာ အိန္ဒိယ နိုင်ငံ မြောက်ပိုင်းက ရာဂျက်စသန် ပြည်နယ်မှာ ရှိတဲ့ ရွာလေးတရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ သာမန်ဘဝကို ဖြတ်သန်း နေထိုင်နေတဲ့ မိန်းကလေး တယောက်ပါ။

သူ့အပေါ် လူအများရဲ့ စိတ်ဝင်စား အာရုံစိုက်မှုလည်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ နာမည်ကျော် ခရစ်ကတ် ကစားသမား ဆက်ချင် တန်ဒူလ်ခါက လူမှုကွန်ရက်ပေါ်မှာ ဆူရှီလာ မူနီး ရဲ့ ခရစ်ကတ် ကစားပုံ ဗီဒီယိုကို တင်ပြီး မျှဝေလိုက်ချိန်မှာတော့ တမဟုတ် နာမည်ကြီးသွားခဲ့ပါတယ်။

ဆူရှီလာရဲ့ ကစားပုံက ကစားသမားဟောင်း ဇာဟီရာခန်း ရဲ့ သဏ္ဌာန်နဲ့ အသွင်တူတယ်လို့ ပြောပြီး ချီးမွမ်း လိုက်ပါတယ်။

ဇာဟီရာခန်း ရဲ့ ကစားပုံက တိကျ သေသပ်ပြီး ပါးနပ် ဖြတ်လတ်တဲ့အပြင် ဘောလုံးပစ်ရာမှာ အကွာအဝေး ယူဆတဲ့ ပုံစံကလည်း နာမည်ကြီးလှပါတယ်။

ဆက်ချင် တန်ဒူလ်ခါ ဝေမျှလိုက်တဲ့ ဗီဒီယိုဟာ ချက်ချင်းဆိုသလို အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး အချိန်တိုအတွင်း ကြည့်သူ သန်းနဲ့ချီရှိကာ ထပ်ဆင့် ဝေမျှသူ သောင်းချီ ရှိခဲ့ပါတယ်။

ခရစ်ကတ် အကျော်အမော်တယောက်က သူလို သာမန် အရပ်သူ မိန်းကလေးတယောက်ကို ကျော်ကြားအောင် လုပ်ပေးလိုက်တဲ့ ထူးခြားမှု ကိုလည်း ဆူရှီလာ မီနာ မသိခဲ့ပါဘူး။

သူဘယ်သူလဲ ဆိုတာ ကျွန်မ မသိဘူးလို့ ဆူရှီလာက ပြောပြီး သူတို့မိသားစုမှာ ကြည့်စရာ ရုပ်မြင်သံကြားစက်မရှိလို့ ခရစ်ကတ်ကစားပွဲ တခါမှ မကြည့်ဖူးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဆက်ချင် တန်ဒူလ်ခါ ကိုတော့ သူက ကျေးဇူးတင်နေပါတယ်။

ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ဆူရှီလာဟာ အခုတော့ သူ့ကို တွေ့သူတိုင်းက အသိအမှတ်ပြု ၊ သူ့အရည်အချင်းကို ကျေနပ်နေကြတဲ့ အထိ ဖြစ်လာပါတယ်။

အခုတော့ နိုင်ငံရေးသမားတွေကစလို့ လူမှုရေး တက်ကြွ လှုပ်ရှားသူတွေ အပြင် အဝေးက ဆွေမျိုးတွေနဲ့ လူတိုင်းက သူနဲ့ ဓာတ်ပုံတွဲရိုက်ချင်ကြတဲ့ အနေအထားကို ရောက်လာပါတယ်။

လက်ရှိ ဖြစ်နေတဲ့ ဘ၀ အခြေအနေမှန်ကို ခိုင်းနှိုင်းပြဖို့ သူ့မှာ စကားလုံး မရှိဖြစ်ခဲ့ရပြီး ဓာတ်ပုံရိုက်ဖို့ ပြုံးရီ ဟန်လုပ်ပြနေရတာမို့ ရုတ်တရက်ကျော်ကြားမှုအပေါ် ခေါင်းရှုပ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

 ဆူရှီလာရဲ့ ဘောလုံးပစ်ပုံက သူ့ကစားဖော်ဟောင်း ဇာဟီရာခန်းနဲ့ သဏ္ဌာန်တူတယ်လို့ တန်ဒူလ်ခါ (၀ဲ) ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆူရှီလာရဲ့ ဘောလုံးပစ်ပုံက သူ့ကစားဖော်ဟောင်း ဇာဟီရာခန်းနဲ့ သဏ္ဌာန်တူတယ်လို့ တန်ဒူလ်ခါ (၀ဲ) ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ကျောင်း၀တ်စုံဝတ်ထားတဲ့ ဆူရှီလာ ဟာ ခရစ်ကတ် ကစားတဲ့ ရာဘာဘောလုံးကိုင်ပြီး ကွင်းထဲ ဆင်းတာနဲ့ ရှက်တတ်တဲ့ သူ့အသွင်အပြင် ပျောက်ပြီး အကြောက်တရားမဲ့ ၊ ခက်ထန် မာကျော အာရုံစိုက်တဲ့ ပုံပန်းသဏ္ဌာန် ကို ပြောင်းသွားပါတယ်။

ဘောလုံးလက်ထဲ ရောက်တာနဲ့ ဒါကို ဘယ်လို ပစ်ရမလဲ ဆိုတာကိုပဲ တွေးနေမိတယ်လို့ သူက ပြောပါတယ်။

ပြိုင်ဘက်အသင်းမှာ ရိုက်တံကိုင်ပြီး ကစားတဲ့ သူ့အတန်းဖော် အရှာ ကတော့ ဆူရှီလာ ရဲ့ ဘောလုံးကို ဖမ်းမိဖို့ အရမ်းခက်တယ်လို့ ဆိုပါတယ်။

ကြိုမှန်းလို့ မရတဲ့ သူ့ဘောလုံးက ရုတ်တရက် တိုင်သွားထိတတ်တယ်လို့ အရှာက ပြောပါတယ်။

အိမ်မှာ ဆူရှီလာ့အမေ ရှန်တီဘိုင် ကတော့ သူ့သမီး အောင်မြင်မှုအတွက် ဂုဏ်ယူနေပါတယ်။

လူတော်တော်များများက ဆူရှီလာကို တွေ့ဖို့ ကြိုးစားကြပေမယ့် လူတိုင်းကတော့ အထောက်အကူ မ ဖြစ်ဘူးလို့ သူက ဆိုပါတယ်။

တချို့ကလည်း အိမ်အလုပ်တွေပဲ မခိုင်းဘဲ ခရစ်ကတ်ဘဲ ကစားဖို့ ခွင့်ပြုတဲ့ မိဘတွေကို မေးခွန်း ထုတ်နေပါတယ်။

အခုလို အယူအဆတွေက အိန္ဒိယ နိုင်ငံ ကျေးလက်တောရွာ အရပ်မှာ အစဉ်အမြဲ ရှိနေပြီး မိန်းကလေးတွေကို အိမ်ထဲမှာပဲ နေစေချင်တာဖြစ်ပါတယ်။

မိန်းကလေးတယောက်အနေနဲ့ သာမန် လုပ်ရိုးလုပ်စဉ်တွေ မလုပ်ဘဲ အားကစား ဒါမှမဟုတ် လှုပ်ရှားမှု တခုခုကို လုပ်ကိုင်ရင် ရှုတ်ချလေ့ ရှိကြတာပါ။

ကျွန်မကတော့ သူတို့ ပြောတာကိုလည်း တခုမှ မတုန့်ပြန်သလို သူတို့ပြောတာကိုလည်း နားမထောင်ပါဘူး လို့ ရှန်တီဘိုင်က ဆိုပြီး ဆူရှီလာ ခရစ်ကတ်ကစားတာကို ဘယ်တော့မှ ရပ်ခိုင်းမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဆူရှီလာတို့ ကျောင်းမှာ လူတိုင်း ခရစ်ကတ် ကစားကြတာ သူတို့ဆရာ အစ်ရှ်ဝါလာ မီနာကြောင့်ပါ။

၂၀၁၇ ကျွန်တော် ဒီမှာ စလုပ်ကတည်းက ကျောင်းသားတွေကို ခရစ်ကတ် ကစားဖို့ တိုက်တွန်း အားပေးခဲ့ပါတယ်။ အဲဒီအခါ ကျောင်းစာသင်ချိန်ပြီးသွားလို့ အားလပ်ချိန်မှာ သူတို့အိမ်ပြန်ကြမယ့် အစား ကျောင်းမှာ အချိန်ပိုကြာကြာနေဖြစ်တာပေါ့လို့ ဆရာဖြစ်သူက ဆိုပါတယ်။

မစ္စတာ မီနာဟာ အစပိုင်းတုန်းက သူနဲ့ တခြား ဆရာတွေ အဖွဲ့ဖွဲ့ပြီး ကျောင်းသားတွေနဲ့ ခရစ်ကတ် ကစားခဲ့တာပါ။ နောက်ပိုင်းမှာတော့ သူတို့ကစားနေတာကို လူတိုင်းက ပါချင်လာတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မစ္စတာ မီနာဟာ ခရစ်ကတ် နည်းပြ နေရာယူထားပေမယ့် ကလေးတွေကို ပြန်သင်ကြားပေးဖို့ တရားဝင် သင်တန်းတက်ထားတာမျိုး မရှိပါဘူး။ သူလည်း ယူကျုပေါ်က ဗီဒီယိုတွေကြည့်ရင်း သင်ခဲ့ရသူ ဖြစ်ပြီး ကစားနည်းသစ်တွေကို ကျောင်းသားတွေဆီ ပြန်မျှဝေ ပေးလေ့ရှိတာပါ။

သူ့မှာ ကျောင်းသား အရေအတွက် အလုံအလောက် ရှိလာတဲ့အခါ လူမှုကွန်ရက်မှာ အကောင့်တခု ဖွင့်ကာ သူ့ကျောင်းသားတွေရဲ့ ခရစ်ကတ် အရည်အသွေးကို ပြခဲ့ရာမှာ တဖြည်းဖြည်းနဲ့ လူတွေက သူ့ဗီဒီယိုတွေကို စတင် တုန့်ပြန်ကြကာ တချို့ဆို ကစားနည်းပုံစံနဲ့ နည်းလမ်းတွေကို အကြံပေးကြတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

ဆူရှီလာ မိခင်ကတော့ သမီးအတွက် ဂုဏ်ယူနေ

ဓာတ်ပုံ ရင်းမြစ်, Anshul Verma

ဓာတ်ပုံ ပုံစာ, သမီးအတွက် ဂုဏ်ယူတဲ့ ဆူရှီလာရဲ့ မိခင်

ဆူရှီလာ တယောက်တည်း ဒီကျောင်းကနေ ပထမဆုံး အင်တာနက်ပေါ် နာမည် ကြီးလာတာ မဟုတ်ပါဘူး။

မနှစ်တုန်းကလည်း နောက်ကျောင်းသူတယောက် ဖြစ်တဲ့ ရီနူခါ ပါဂျီ ဆိုသူရဲ့ ခရစ်ကတ် ကစားနည်းအရည်အသွေး နဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နာမည်ကြီးခဲ့ပါတယ်။

သူကတော့ လက်ရှိ ပုဂ္ဂလိက ခရစ်ကတ် သင်တန်းကျောင်းတခုမှာ စရိတ်ငြိမ်းစံနစ်နဲ့ စာရင်း သွင်းခံထားရပြီး အဲဒီကျောင်းဟာ ရာဂျစ်စ်သန် ပြည်နယ်မြို့တော် ဖြစ်တဲ့ ဂျိုင်ပူမှာ ရှိပါတယ်။

ဒါပေမဲ့ အခု ဒီရွာက ကျောင်းလေးနဲ့ ကျောင်းသားတွေဟာ လူမှုကွန်ရက်ပေါ်မှာ အာရုံစိုက်ခံရမှုထက် လိုအပ်ချက်တွေ ရှိနေပါတယ်။

ဆူရှီလာ တို့ရွာက ကျောင်းလေးက ဆင်းရဲပါတယ်။ လူတွေက လာကြည့်ပြီး ကတိတွေ ကြီးကြီးမားမားပေးခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲဘူးလို့ ဆရာဖြစ်သူ မစ္စတာ မီနာက ပြောပါတယ်။

ဒါ့အပြင် ကျောင်းအနေနဲ့ မူလတန်း အဆင့်မှာ စာချည်း သင်ကြားပေးနိုင်တာပါလို့ သူက ဆိုပါတယ်။ ကျောင်းသားတွေ အနေနဲ့ မူလတန်းအောင်လို့ အဆင့် ၅ ပြီးသွားတာနဲ့ ခရစ်ကတ် ဆိုတာလည်း သူတို့အတွက် ဝေးသွားပြီပေါ့ ၊ ဆက်ကစားနိုင်တဲ့ အခွင့်အလမ်း သူတို့မှာ ရှိမှာ မဟုတ်တော့ဘူးလို့ သူက ထောက်ပြပါတယ်။

ဒေသန္တရ အစိုးရ အရာရှိတွေကတော့ ရွာနဲ့ ကျောင်းသားတွေကို ပိုကောင်းတဲ့ အထောက်အပံ့တွေ ပေးသွားမယ်လို့ ပြောပါတယ်။ သစ်တော ဌာနကလည်း သူတို့အရာရှိတွေ လွှတ်ပြီး အချက်အလက် ကောက်တာတွေ ကျောင်းရဲ့ ခရစ်ကက် ကစားကွင်း ချဲ့ပေးနိုင်မလား ဆိုတဲ့ စစ်ဆေးမှုတွေ ကွင်းဆင်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အခုထိတော့ ဘာမှ ဖြစ်မလာသေးပါဘူး။

ခရစ်ကတ် ကစားရင်း ကျောင်းပျော်နေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Anshul Verma

ဓာတ်ပုံ ပုံစာ, ကလေးတွေ ကျောင်းပျော်အောင် ခရစ်ကတ် ကစားဖို့ စီစဉ်ပေးရတာပါလို့ ဆရာဖြစ်သူကပြော

ဆူရှီလာရဲ့ အိမ်မှာတော့ လက်ဆောင်တွေနဲ့ ပြည့်နေပါတယ်။

သူက ခရစ်ကတ် ဘောလုံးပစ်ရသူ ဖြစ်ပေမယ့် သူ့အိမ်မှာတော့ လက်ဆောင်ပေးခံရတဲ့ ခရစ်ကတ် ရိုက်တံတွေက နေရာတိုင်းလိုလိုမှာပါဘဲ။

ဒီရိုက်တံတွေ အများကြီး ဘာလုပ်မှာလဲလို့ မေးတော့ ဆူရှီလာက ဒါတွေသူသုံးမှာပါလို့ ခပ်ရှက်ရှက်လေးနဲ့ ပြန်ပြောပါတယ်။

အခုတော့ အွန်လိုင်းပေါ် နာမည်ကြီးခဲ့တဲ့ ဆူရှီလာရဲ့ ကျော်ကြားမှုကြောင့် အခုလို လက်ဆောင်တွေ ၊ အာရုံစိုက်မှုတွေ ၊ စိတ်ဝင်စားမှုတွေနဲ့ အဆုံးသတ်သွားမှာလားလို့ ဒီရွာလေးမှာ မေးခွန်းထုတ်စရာ ဖြစ်ပေမယ့် တကယ်တော့ ဒါတွေက သူ့ဘဝကို အပြောင်းအလဲ ဖြစ်သွားစေမှာ မဟုတ်ပါဘူး။