ပါပလာကြောင့် အိန္ဒိယအမျိုးသမီးတွေ အလုပ်အကိုင်၊ ဝင်ငွေနဲ့ လူလေးစားမှု ရှိလာ

လီဂျက် တံဆိပ် ပါပလာကို အိန္ဒိယနိုင်ငံနေရာအများစုမှာ ကြိုက်ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လီဂျက် တံဆိပ် ပါပလာကို အိန္ဒိယနိုင်ငံနေရာအများစုမှာ ကြိုက်ကြပါတယ်
  • ရေးသားသူ, ဒဗီနာ ဂူတာ
  • ရာထူးတာဝန်, ဒေလီ

ဒီဇင်ဘာ မနက်ခင်းတခုမှာ တောက်ပတဲ့ ဆာရီ ရောင်စုံနဲ့ အမျိုးသမီး တစ်စုဟာ ဒေလီမြို့ လူစည်ကားတဲ့ အရပ်မှာ ရှိတဲ့ သုံးထပ် အဆောက်အအုံအပြင်ဘက်မှာ နွေးနွေးထွေးထွေး ဖြစ်အောင် ပုဝါတွေခြုံ ၊ သိုးမွှေး ဦးထုပ်တွေ ဆောင်းပြီး စုရုံးနေကြပါတယ်။

ဒီအဆောက်အအုံထဲမှာတော့ အိန္ဒိယမှာ သက်တမ်း အရင့်ဆုံး ဖြစ်ပြီး အမျိုးသမီးတွေချည်း ပါဝင် လှုပ်ရှားတဲ့ သမဝါယမလို လူမှုအသင်းအဖွဲ့ တဖွဲ့ ရှိပါတယ်။

Shri Mahila Griha Udyog Lijjat Papad ရှရီ မဟီလာ ဂရီဟတ် ရိုးဂလီဂျက် ပါပတ်ဒ် လို့ အမည်ရတဲ့ သမဝါယမ စံနစ်ပုံစံမျိုး ဖွဲ့စည်းထားတဲ့အဖွဲ့ကို ၁၉၅၉ ခုနှစ်က အရင်က ဘုံဘေလို့ခေါ်ပြီး အခုတော့ မွမ်ဘိုင်းလို့ ခေါ်တဲ့ မြို့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

အိမ်ထောင်ရှင် အမျိုးသမီး ၇ ယောက်နဲ့ စတင်ခဲ့တဲ့ဒီအဖွဲ့ဟာ အိန္ဒိယမှာ အဓိကထား စားသုံးတဲ့သရေစာ တစ်ခုဖြစ်တဲ့ ကြွပ်ရွ မွှေးကြိုင်နေတဲ့ ပါပလာ ဒါမှမဟုတ် အိန္ဒိယ အခေါ် ပါပတ်ဒ်/ပါပဒမ်တွေကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

နောက် ၆၅ နှစ်အကြာမှာတော့ မြို့တော် မွမ်ဘိုင်းမှာ ရုံးချုပ်တည်ထောင်ကာ နိုင်ငံတလွှားက အမျိုးသမီး လေးသောင်းငါးထောင်ကျော်ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ နှစ်စဉ် ဝင်ငွေ ရူပီး ၁၆ ဘီလျံ ရှိပြီး ယူကေနဲ့ အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများကို တင်ပို့နိုင်ခဲ့ပါတယ်။

အများအားဖြင့် အိမ်တွင်းဖြစ် ဒီစက်မှုလုပ်ငန်းမှာ အမျိုးသမီးတွေဟာ ဆပ်ပြာ ၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ ချာပါတီအပါအဝင် သမဝါယမစနစ်နဲ့ ပစ္စည်းတော်တော်များများ ထုတ်လုပ်ကြ ပေမယ့် သူတို့အကြိုက်ဆုံးကတော့ လီဂျက်တံဆိပ်နဲ့ ထုတ်တဲ့ပါပလာတွေပဲ ဖြစ်ပါတယ်။

''လီဂျက် က ကျွန်မတို့အတွက် အားထားရာပါ ၊ အဲဒါထုတ်လို့ရတဲ့ ဝင်ငွေနဲ့ မိသားစုတွေကို ထောက်ပံ့ရတာပါ'' လို့ ဒေလီစင်တာကို စီမံခန့်ခွဲ အုပ်ချုပ်နေတဲ့ အသက် ၇၀ အရွယ် လပ်ခ်ရှမီးက ပြောပါတယ်။

နာမည်တွေထဲက တစ်လုံးပဲ သုံးတဲ့ လပ်ခ်ရှမီးဟာ ခင်ပွန်းသည် သေဆုံးသွားပြီးနောက် မဖြစ်မနေ လုပ်ငန်းခွင်ထဲဝင်ရတဲ့ဘဝမှာ သမ၀ါယစနစ်နဲ့ ဒီလုပ်ငန်းထဲ ဝင်ရောက်ခဲ့တာ နှစ်ပေါင်း ၄၀ လောက် ရှိပါပြီ။

''ကျွန်မက ပညာရေးလည်း ဆုံးခန်းမတိုင် ဘာဆက်လုပ်ရမှန်းလည်း မသိဘဲရှိနေချိန်မှာ အိမ်နီးချင်းတွေက လီဂျက်တံဆိပ်အကြောင်း လာပြောတော့ အဲဒီမှာ ဝင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ'' လို့ လပ်ခ်ရှမီးက ပြောပါတယ်။

အခုတော့ သူဟာ အမျိုးသမီးတွေ ပူးပေါင်းလုပ်တဲ့ အိမ်တွင်းစက်မှုလုပ်ငန်းမှာ အမျိုးသမီး အယောက် ၁၅၀ ကို အုပ်ချုပ် အလုပ်လုပ်နေရပြီး သူ့ဘဝလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါပြီ။

လပ်ခ်ချမီးလို အမျိုးသမီးတွေအတွက် ဒီအိမ်တွင်းစက်မှု လုပ်ငန်းကြောင့် သင့်တင့်မျှတတဲ့ ဝင်ငွေ ရပေါက်ရလမ်း အခွင့်အရေးတွေ ပေါ်ပေါက်ခဲ့ပြီး အိမ်မှာနေရင် ကုန်ထုတ်ရတာမို့ မိသားစုကိုလည်း ကြည့်ရှု စောင့်ရှောက် နိုင်ခဲ့ကြပါတယ်။

အမျိုးသမီး အယောက် ၁၅၀ ကို စီမံ အုပ်ချုပ် နေရတဲ့ လပ်ခ်ရှမီးတို့ရဲ့ အိမ်တွင်းစက်မှုလုပ်ငန်း

ဓာတ်ပုံ ရင်းမြစ်, Devina Gupta

ဓာတ်ပုံ ပုံစာ, အမျိုးသမီး အယောက် ၁၅၀ ကို စီမံ အုပ်ချုပ် နေရတဲ့ လပ်ခ်ရှမီးတို့ရဲ့ အိမ်တွင်းစက်မှုလုပ်ငန်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မနက်တိုင်းမှာ အမျိုးသမီးတွေဟာ သူတို့လုပ်ငန်းက ငှားပေးထားတဲ့ ဘတ်စ်ကားကို စီးပြီး အနီးဆုံး လီဂျက် စင်တာဆီကို လာကြပါတယ်။ စင်တာကိုအရောက်မှာတော့ ပဲနီလေး ၊ ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ လုပ်ထားတဲ့ နယ်ပြီးသား မုန့်နှစ်အလုံးတွေကို ကိုယ်တာအလိုက်ယူကြပါတယ်။ အိမ်မှာ ဒလိမ့်တုံးနဲ့ လှိမ့်ပြီး ပါပလာ ထုတ်ဖို့ အဲဒီမုန့်လုံးတွေကို အိမ်ပြန်သယ်ကြပါတယ်။

''ဒီမုန့်နှစ် အလုံးတွေကို အိမ်သယ်၊ အိမ်အလုပ်တွေ အကုန်လုပ်၊ ကလေးတွေကို ကျွေးမွေးပြီး ချာလာလို့ ခေါ်တဲ့ စဉ့်နီတုံးလို့ အပြန့်ပါတဲ့ သစ်သားခုံနဲ့ ဒလိမ့်တုံးကိုင်ပြီး မွန်းလွဲပိုင်းလောက်မှာ ပါပလာ ချပ်ပြား အဝိုင်းတွေ ထုတ်တော့တာပါဘဲ'' လို့ မစ္စ လပ်ခ်ရှီမီးက ပြောပါတယ်။

အစပိုင်းတုန်းက ပါပလာ မုန့်အနှစ်လုံး တစ်ကီလိုအလုံးကနေ ပါပလာအဝိုင်းပြားအချပ်တွေ ထုတ်တာ လေးငါးနာရီကြာပေမယ့် အခုတော့ အဲဒီအလုပ်ကို နာရီဝက်အတွင်း လုပ်နိုင်တယ်လို့ သူကဆိုပါတယ်။

မွမ်ဘိုင်းမှာရှိတဲ့ရုံးချုပ်ကနေ ကုန်ကြမ်းတွေဖြစ်တဲ့ပဲနီလေး၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ဆီတို့ကို ပမာဏ အမြောက်အမြားဝယ်ပြီး ဂျုံမှုန့်နဲ့နယ်၊ အဲဒီနောက် မုန့်နှစ်အလုံးတွေကို နိုင်ငံတဝန်းက လီဂျက်ရုံးတွေဆီ ပို့ပေးပါတယ်။

ဒီလုပ်ငန်းမှာပါတဲ့အမျိုးသမီးက အိမ်မှာ ပါပလာပြားခြောက်တွေကို ထုတ်ပြီး ထုတ်ပိုးရေးစင်တာတွေဆီ ပို့ပါတယ်။ အဲဒီကတဆင့် လီဂျက်ဖြန့်ဖြူးရေးဌာနတွေကနေ လက်ကားဆိုင်တွေဆီ ဖြန့်ပါတယ်။

ဒီလုပ်ငန်းရပ်တည် လည်ပတ်နေတာကြာပါပြီ။ ၁၉၅၀ တုန်းက လွတ်လပ်ရေးရပြီးစ အိန္ဒိယမှာ ပြန်လည်တည်ဆောက်ရေးလုပ်နေချိန် လုပ်ငန်းငယ်လေးတွေနဲ့ ကျေးလက်က စက်မှုလုပ်ငန်းတွေကို မြို့ပေါ်က စက်ရုံကြီးတွေကြား မျှမျှတတတိုးတက်မှုဖြစ်အောင် ကူညီတွန်းအားပေးခဲ့ပါတယ်။

အဲဒီတုန်းက အစိုးရက တိုင်းပြည်မှာ စက်ရုံတော်တော်များများကို ပိုင်ဆိုင်ထားတာပါ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘဝတွေက စိန်ခေါ်မှုတွေ ရှိနေပြီး သူတို့အနေနဲ့ ရှေးရိုးဆန် အတွေးအခေါ်တွေနဲ့ အမျိုးသားတွေ ကြီးစိုးတဲ့ အနေအထားကြားမှာ ပညာတတ်ပြီး အလုပ်အကိုင် ရှိဖို့ လူမှုအသိုင်းအဝိုင်းထဲမှာ ရုန်းကန် ကြိုးစားခဲ့ကြရပါတယ်။

လီဂျက် တည်ထောင်တဲ့ အဖွဲ့ထဲမှာ ဂျက်စ်ဝန်တီဗျန် ဂျမ်နာဒါ ပေါ့ပက်ထ် ၊ ပါဗာတီဘီယန် ရမ်ဒက်စ် သိုဒါနီ ၊ အူဂျမ်ဗျန် နာရန်ဒက် ခွန်ဒါလီယာ ၊ ဘာနုဗျန် အန် တန်နာ ၊ လာဂူဗျန် အမ်ရီတယ်လ် ဂိုခါနီ ၊ ဂျာရာဗျန် ဗီ ဗစ်သာလာနီ နဲ့ ဒီဝါလီဗျန် လူခါ တို့ပါဝင်ပြီး သူတို့ဟာ အသက် ၂၀ နဲ့ ၃၀ ကြား ရှိသူတွေဖြစ်ပါတယ်။ လူနေထူထပ်တဲ့ မွမ်ဘိုင်းမြို့မှာ နေထိုင်ကာ မိသားစုကို ထောက်ပံ့ဖို့ နည်းလမ်းရှာခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဲဒီတုန်းက သူတို့တွေးတာက ရိုးရှင်းလှပါတယ်။ အိမ်နေရင်း ဝင်ငွေရှာမယ် ၊ အဲဒီလို ရှာရာမှာလည်း အမျိုးသမီး မျိုးဆက်သစ်တွေကို ချက်ပြုတ်ရေး နည်းလမ်းတွေ လက်ဆင့်ကမ်းနိုင်ရမယ်လို့ ဆိုပါတယ်။

ပါပလာထုတ်တဲ့ အိမ်တွင်းစက်မှုလုပ်ငန်းမှာ အမျိုးသမီး ၄ သောင်းခွဲ အလုပ်ခန့်ထားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါပလာထုတ်တဲ့ အိမ်တွင်းစက်မှုလုပ်ငန်းမှာ အမျိုးသမီး ၄ သောင်းခွဲ အလုပ်ခန့်ထားရ

ဒါပေမယ့် သူတို့မှာ ဟင်းချက်တဲ့အခါ ထည့်ရမယ့် ပါဝင်ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံမရှိတာကြောင့် လူမှုကူညီရေးအဖွဲ့တခုမှာ လုပ်နေသူတယောက် ဖြစ်တဲ့ ချဂနာလ် ခရာမ်ရှီ ပါရီကတ်ရှ် ဆီကနေ ငွေချေးခဲ့ရပါတယ်။

အဲဒီလူက သူတို့ကုန်ကြမ်းဝယ်ဖို့ အဲဒီအချိန်တုန်းက အလုံအလောက်ဖြစ်တဲ့ ငွေပမာဏ ရူပီး ၈၀ သူတို့ကို ထုတ်ချေးခဲ့ပါတယ်။

ဒါပေမယ့် သူတို့ထုတ်တဲ့ ပါပလာချပ်တွေကို ဘယ်သူမှ ဝယ်ယူ အားပေးတာ မရှိခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ မစ္စတာ ပါရက်ခ်ထံ ပြန်သွားပြီး အကြံတောင်းရတယ်လို့ အခုအခါ ဒီစုပေါင်းလုပ်ငန်းမှာ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဆဝါတီ ပရာဒ်ခါက ဇာတ်ကြောင်း ပြန်ပြောပြခဲ့ပါတယ်။

အဲဒီအခါမှာ သူက ရူပီး ၈၀ ထပ်ချေးခဲ့ပေမဲ့ ပြန်ဆပ်တော့ ရူပီး ၂၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ထုတ်ပြီးသား ပါပလာတွေက လူမှုကူညီရေးသမားတွေက ဒေသတွင်းမှာ ရှိတဲ့ ဆိုင်တွေဆီ လိုက်သွင်းခဲ့ရပါတယ်။

အဲဒီတုန်းက သူတို့ကိုကူညီခဲ့တဲ့၊ သူတို့က ဘါပါ (အဖေ) လို့ ခေါ်ကြတဲ့ မစ္စတာ ပါရက်ခ် ဟာ ထုတ်ထားတဲ့ ပါပလာတွေကို ရောင်းကုန်ပြီးရင် ငွေပြန်ပေးတဲ့စနစ်နဲ့ ဆိုင်ပေါ် တင် ခွင့်ပြုခဲ့ပါတယ်။

ဆိုင်တဆိုင်ကပဲ အမျိုးသမီးတွေဆီ တိုက်ရိုက် ချက်ချင်း ငွေပြန်ဆပ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။သူဟာ နေ့စဉ် ပါပလာ ၄ထုပ် ကနေ ၆ ထုပ်အထိ စတင်ဝယ်ယူခဲ့ပြီး တဖြည်းဖြည်း ပါပလာက လူတွေကြား သိလာတယ်လို့ မစ္စ ပရာဒ်ခါက ပြောပါတယ်။

လုပ်ငန်းတွယ်ကျယ်လာတာနဲ့အမျှ သူတို့လုပ်ငန်းမှာ အမျိုးသမီးတွေဟာ အလုပ်သမားအဖြစ် မဟုတ်ဘဲ စုပေါင်း စပ်တူ လုပ်ငန်းရှင်အဖြစ် စီမံဆုံးဖြတ်တဲ့အဆင့်မှာ ပါဝင်လာကြတယ် ၊ ဂူဂျာရက်တီ အလေ့အထ အရ တယောက်ကို တယောက်လည်း ညီအမ ဒါမှမဟုတ် ဘန်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

''ကျွန်မတို့က ကုမ္ပဏီ မဟုတ်ပါဘူး ၊ စုပေါင်းလုပ်ငန်းပါ ၊ ကျွန်မက ဥက္ကဋ္ဌဖြစ်ပေမယ့် ကျွန်မက ပိုင်ရှင် မဟုတ်ပါဘူး။ ကျွန်မတို့ အားလုံး ပူးတွဲ ပိုင်ရှင်တွေ ၊ အခွင့်အရေး တန်းတူ ရှိပါတယ်။ အကျိုးအမြတ် နဲ့ အရှုံးကို အညီအမျှ ခွဲဝေကြပါတယ်'' လို့ မစ္စ ပရာဒ်ခါက ပြောပြီး ''ကျွန်မ အထင် ဒါက ကျွန်မတို့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါ'' လို့ ဆိုပါတယ်။

သူတို့ဟာ ပါပလာကို လီဂျက် တံဆိပ်နဲ့ မဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ စုပေါင်း ထုတ်လုပ်ခဲ့ကြတာပါ။ ၁၉၆၆ ခုနှစ်ရောက်မှ ကျေးလက်က လုပ်ငန်းတွေကို တွန်းအားပေး ကူညီခဲ့တဲ့ Khadi Development And Village Industries Commission ဆိုတဲ့ အစိုးရ အဖွဲ့တခုက သူတို့ပါပလာကို နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ သတင်းစာထဲမှာ ကြော်ငြာထည့်ပြီး လူတွေရဲ့ အကြံပေးချက်ကို တောင်းခံခဲ့ပါတယ်။ အဲဒီအချိန်မှာ အကြံတော်တော်များများ ရခဲ့ပေမယ့် ကျွန်မတို့တွေထဲက တယောက်က Lajjat လာဂျက် အမည် အကြံပြုခဲ့တာပါ။

''ကျွန်မတို့က စာလုံးလှည့်လိုက်ပြီး Lijjat လီဂျက်လို့ ပြောင်းသုံးလိုက်တာပါ။ လီဂျက်က ဂူဂျာရက် အဓိပ္ပါယ်အရ အရသာ လို့ ဆိုလိုတာ ဖြစ်ပါတယ်'' လို့ မစ္စ ပရာဒ်ခါက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း သူတို့ရဲ့ အိမ်တွင်းမှု လုပ်ငန်းမှာ မျိုးဆက်သစ် အမျိုးသမီးတွေကို ငွေရေးကြေးရေး ဆိုင်ရာ အရ အကူအညီ ပေးခဲ့ပါတယ်။

''ဒီနေ့ အချိန်အခါမှာ ကျွန်မ ကလေးတွေကို ကျောင်းထားနိုင်တယ် ၊ အိမ်ဆောက် နိုင်တယ် ၊ မင်္ဂလာဆောင် ပေးနိုင်တဲ့ အနေအထား ဖြစ်လာပြီ ၊ ဒီမှာ လုပ်ရင်းနဲ့ ဝင်ငွေသာမက လူလေးစားမှုလည်း ရှိလာတယ်'' လို့ မစ္စ လပ်ခ်ရှမီးက ပြောပါတယ်။