ကမ္ဘာ့ကင်ဆာနေ့ - ပုရွက်ဆိတ်တွေက ကင်ဆာရောဂါကို ရှာဖွေဖော်ထုတ်နိုင် ကြောင်း တွေ့ရှိ

An ant on a leaf

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြွက် ကျင်ငယ်ရည်ကို Formica fusca ပုရွက်ဆိတ်တွေကို အနံ့ခံစေပြီး ကင်ဆာ ရောဂါ ရှိ မရှိ ခွဲခြားနိုင်
  • ရေးသားသူ, ပက်ထရာ ဇက်ဗစ်
  • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်

သူတို့ရဲ့ အနံ့ခံ အာရုံစနစ်က သိပ်ကို ထက်မြက်ကောင်းမွန်တဲ့အတွက် ပုရွက်ဆိတ် တွေဟာ တချိန်ကျရင် လူတွေမှာ ကင်ဆာ ဖြစ်တာကို ရှာဖွေနိုင်ဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ သုတေသန အသစ်တခု အရ သိရပါတယ်။

အခုအချိန်မှာတော့ ကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို ပုရွက်ဆိတ်တွေက ခွဲခြား ဖော်ထုတ် ပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပထမဆုံးအကြိမ် အဖြစ် တွေ့ရှိ လိုက်ကြပါပြီ။

"ကြွက်ရဲ့ ကျင်ငယ်ရည်ကို အနံ့ခံပြီး (ဒီကြွက်မှာ) ကင်ဆာရှိ၊ မရှိ သိနိုင်ဖို့ ပုရွက်ဆိတ်တွေကို ၁၀ မိနစ်လောက် လေ့ကျင့်ပေးတာနဲ့ ရပါတယ်" လို့ ဒီသုတေသနကို ဦးဆောင်ခဲ့တဲ့ ဘက်တစ်စ် ပီကာရေးက ဘီဘီစီကို ပြောပါတယ်။

ပီကာရေးက သူ့သုတေသနကို ၂၀၁၇ မှာ စခဲ့ပြီး ရိုးရိုး ကျန်းမာကောင်းမွန်တဲ့ ဆဲလ်တွေနဲ့ ဓာတ်ခွဲခန်းထဲမှာ မွေးထားတဲ့ ကင်ဆာဆဲလ် တွေကို ခွဲခြားဖို့ ပုရွက်ဆိတ်တွေကို သူက လေ့ကျင့်ပေးနိုင်ပါတယ်။

အခုအချိန်မှာတော့ သူ့ရဲ့ အဖွဲ့ဟာ တစ်ဆင့်တက်ပြီး လူရဲ့ ကင်ဆာဆဲလ်တွေရှိနေတဲ့ ကြွက်တွေကို ပုရွက်ဆိတ်တွေက ရှာဖွေဖော်ထုတ် နိုင်အောင် လုပ်နိုင်ခဲ့ပါပြီ။

ကင်ဆာဆဲလ်ကို အနံ့ခံနိုင်အောင် ပုရွက်ဆိတ်တွေကို လေ့ကျင့်ပေး

ပီကာရေးနဲ့ သူ့အဖွဲ့က ဇီနို ဂရက်ဖ်တင်း (xenografting) လို့ အမည်ရတဲ့နည်း ကို သုံးပြီး လူ့ရင်သားကင်ဆာကို ကြွက်မှာ ထည့်လိုက်ကာ ကင်ဆာဆဲလ်တွေ တိုးပွား လာစေလိုက်ပါတယ်။

နောက် သူတို့က ကျန်းမာတဲ့ ကြွက်ရဲ့ ကျင်ငယ်ရည်နဲ့ ကင်ဆာဖြစ်နေတဲ့ ကြွက်ရဲ့ ကျင်ငယ်ရည်တို့ကို စုဆောင်းပါတယ်။

"လေ့ကျင့်တဲ့ သင်တန်းမှာ ကျွန်တော်တို့က ပုရွက်ဆိတ်တွေကို စက်ဝိုင်းပုံ အဝန်း အဝိုင်း တခုထဲမှာ ထည့်ထားလိုက်ပြီး ကင်ဆာဖြစ်နေတဲ့ ကြွက်ရဲ့ ဆီးတွေ ဘေးမှာ တော့ ဆုလာဘ်အဖြစ် အစာလေးတွေ ထားပေးလိုက်တယ်" လို့ ပီကာရေးက ပြောပါတယ်။

ပုရွက်ဆိတ်တွေက အစာကိုတွေ့တဲ့အခါ ဘေးမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေရဲ့ အနံ့ကို လည်း ရသွားပြီး အဲဒီအနံ့ကို မှတ်မိအောင် သူတို့ လုပ်နိုင်ပါတယ်။

Ants in nature

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစာတွေ ဖယ်ထားလိုက်တာတောင် ကင်ဆာဆဲလ်ပါတဲ့ ဆီးတွေနားမှာ ပုရွက်ဆိတ်က နေနေ

"ဆဲလ်တွေက စက်ရုံတွေလိုပါပဲ၊ သူတို့နေထိုင်အသက်ရှင်ဖို့ အာဟာရ လိုသလို၊ အညစ်အကြေးတွေ ကိုလည်း စွန့်ထုတ်ပါတယ်။ ကင်ဆာဆဲလ်တွေက ထုတ်လိုက်တဲ့ အညစ်အကြေးကို အနံ့နဲ့ သိနိုင်ပါတယ်" လို ပီကာရေးက ပြောပါတယ်။

ကင်ဆာဆဲလ်တွေဟာ သီးသန့်ဖြစ်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေ ဖြစ်ပြီး သူတို့ကို ဆီးနဲ့ အသက်ရှူ ထုတ်လိုက်တဲ့ လေထဲမှာ တွေ့ရှိ နိုင်ပါတယ်။

အစာတွေကို ပညာရှင်တွေက ဖယ်ထုတ်ပစ် လိုက်တဲ့ အချိန်မှာတောင် သင်တန်းတွေ နဲ့လေ့ကျင့်ပေးတဲ့ အခါမှာ ပုရွက်ဆိတ်တွေဟာ ကင်ဆာဆဲလ် ပါတဲ့ ဆီးနမူနာတွေ နားမှာ အတော်ကြာကြာ နေနေတာကို တွေ့ရပါတယ်။

လူမှာဖြစ်တဲ့ ကင်ဆာကို ရှာဖွေဖော်ထုတ်ဖို့ ပုရွက်ဆိတ်တွေကို သုံးနိုင်ပြီလား

အခုထိတော့ မရသေးပါဘူးလို့ ပီကာရေးက ပြောပါတယ်။

"ဆက်လုပ်သွားရင်တော့ လူရဲ့ဆီးနဲ့ စမ်းသပ်နိုင်တဲ့ အဆင့်ကိုရောက်မှာပါ" လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ အဲဒါက ကြွက်ရဲ့ ဆီးကို စမ်းသပ်တာထက် ပိုရှုပ်ထွေး ပါတယ်။

လူရဲ့ ကင်ဆာဆဲလ် အနံ့ကို ခံနိုင်ဖို့ ပုရွက်ဆိတ်တွေကို လေ့ကျင့်ပေးရာမှာ လူရဲ့ အသက်အရွယ်၊ လိင်၊ စားတဲ့ အစားအစာတို့အပေါ် မူတည် ကွဲပြားသလို လူတဦး ချင်းစီမှာ သီးခြား အနံ့ ရှိနေတာ ကိုလည်း ကြုံရတာပါ။

"လူတွေက အနံ့ အတူတူ မဟုတ်ဘူး။ လူတယောက်နဲ့ တယောက်ကွဲပြားနေပါတယ်။ ဒီတော့ ပုရွက်ဆိတ်တွေက ကင်ဆာဆဲလ် အနံ့တခုထဲကိုပဲ အာရုံစူးစိုက်ပါ့မလား ဆိုတာ ကျွန်တော်တို့ မသိသေးဘူး" လို့ ပီကာရေးက ရှင်းပြပါတယ်။

ဒါပေမဲ့ ပုရွက်ဆိတ်တွေက သိပ်ကို ထိရောက်အသုံးကျမှာရယ်၊ လေ့ကျင့်ဖို့ အချိန်သိပ်မကုန်နိုင်မှာရယ် စတာတွေကို သူ အသေ အချာယုံပြီး နောက်ထပ် သုတေသနတွေ လုပ်ဖို့ သူက ပိုင်းဖြတ်ထားပါတယ်။

"ပုရွက်ဆိတ်တွေက အုပ်လိုက် နေတဲ့ အကောင်တွေ ဆို‌တော့ သူတို့အချင်းချင်းကြား သတင်းအချက်အလက် မျှဝေနိုင်တယ် ဆိုတဲ့ အချက်ကလည်း အကျိုးများ စရာတွေ ထဲက တခုပါ" လို့လည်း သူက ဆိုပါတယ်။

ပုရွက်ဆိတ်အုံ တခုက ပုရွက်ဆိတ် ၁၀% ကို ကင်ဆာ ရှာဖွေ ဖော်ထုတ် တတ်ဖို့ လေ့ကျင့်ပေးပြီးရင် အဲဒီ အသိပညာက သူတို့ကတဆင့် တခြားပုရွက်ဆိတ်တွေဆီကို ပြန့်ပွား သွားမှာလို့ ပီကာရေးက မြင်ထားပါတယ်။

"ပညာက ပျံ့သွားမှာဆို‌တော့ ပုရွက်ဆိတ် တအုံလုံးကို ကျွန်တော်တို့ သင်တန်းပေး စရာ မလိုနိုင်ဘူး" လို့ သူက ပြောပါတယ်။

အဲဒီ သီအိုရီက ပျားတွေမှာ မှန်ကန်ကြောင်း သက်သေထူပြီး ဖြစ်တဲ့အတွက် ပုရွက်ဆိတ်မှာပဲ စမ်းဖို့ လိုတာလို့ ပီကာရေးက ပြောပါတယ်။

တခြားဘယ်တိရိစ္ဆာန်တွေက ကင်ဆာကို ဖွေရှာနိုင်ပါသလဲ

Dr Debajit Saha and his team

ဓာတ်ပုံ ရင်းမြစ်, Derrick L. Turner/Michigan State University

ဓာတ်ပုံ ပုံစာ, ဒေါက်တာ ဒီဘက်ချ် ဆာဟာ (ညာဘက် ဒုတိယလူ) နဲ့ အဖွဲ့က ကျိုင်းကောင်တွေရဲ့ ဦးနှောက်ကို လေ့လာနေ

မီချီကန်ပြည်နယ် တက္ကသိုလ်က ဒေါက်တာ ဒီဘက်ချ် ဆာဟာက ကျိုင်းကောင်တွေ ကို ၁၀ နှစ်ကြာလေ့လာခဲ့ပြီး သူတို့ဟာ ကင်ဆာ ဆဲလ်တွေကို ဖော်ထုတ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

သူ့အဖွဲ့ဟာ ကျိုင်းကောင်တွေက ကင်ဆာဆဲလ်နဲ့ ပုံမှန်ဆဲလ်တွေကို ခွဲခြားနိုင်တာကို သိမြင် သွားပါတယ်။

ဒါပေမဲ့ သူတို့က ကျိုင်းကောင်တွေကို လေ့ကျင့်ဖို့ မကြိုးစားခဲ့ကြပါဘူး၊ အဲဒီအစား သူတို့ရဲ့ ဦးနှောက်တွေကို လေ့လာခဲ့ကြပါတယ်။

"ကျွန်တော်တို့က သူတို့ ဦးနှောက်တွေကို လေ့လာပြီး ဦးနှောက်နဲ့ နာဗ်ကြောဆဲလ် တွေက အချက်ပြမှုတွေကို သိလာအောင် လုပ်ပါတယ်" လို့ ဒေါက်တာ ဆာဟာ က ဘီဘီစီကို ပြောပါတယ်။

ကျိုင်းကောင်တွေရဲ့ ဦး‌နှောက်ကို လေ့လာသိရှိချက်တွေကတဆင့် သူတို့အာရုံခံ ဆဲလ်တွေ အလုပ်လုပ်ပုံကိုအသုံးချတဲ့ ပစ္စည်းမျိုး တည်ဆောက်ပြီး လူနာတွေ ရှူထုတ်တဲ့ လေကို စမ်းသပ်ကာ ကင်ဆာရှိ၊ မရှိ ဆန်းစစ်နိုင်ဖို့ ပညာရှင်တွေက ရည်မှန်းထား တာပါ။

"ဇီဝပိုးကောင်တွေက ရောဂါကို ရှာဖွေဖော်ထုတ်နိုင်မယ်ဆိုတာကို လက်ခံပြီး သူတို့ ကို အသုံးချမယ်ဆိုတဲ့ အတွေးအမြင်ကို သဘောကျ ပါတယ်" လို့ ဆာဟာ က ဆိုပါတယ်။

အင်းဆက် ပိုးကောင်တွေကသာ ကင်ဆာကို ရှာဖွေဆန်းစစ်နိုင်တာ မဟုတ်ပါဘူး။

A dog on a bench in a park

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခွေးတွေကလည်း ကင်ဆာဆဲလ်ကို အနံ့ခံနိုင်ကြ

ယူကေနိုင်ငံက အနံ့ခံခွေးလို့ အမည်ရတဲ့ အဖွဲ့တခုက အီလက်ထရောနစ် နှာခေါင်း တခုကို တီထွင်နေပြီး အဲဒါက ဆီးကျိတ် ကင်ဆာကို ရှာဖွေဖော်ထုတ် နိုင်မယ်လို့ ရည်မှန်းထားပါတယ်။

"ခွေးတွေက ဆီးအိမ်ကင်ဆာကို ဖော်ထုတ်နိုင်မလားလို့ ကျွန်မတို့ စပြီး လေ့လာ ခဲ့ကြပါတယ်။ ကင်ဆာလူနာရဲ့ ဆီးနမူနာကို ခွေးတွေနဲ့ အနံ့ခံကြည့်စေရာမှာ ခွေးတွေမှာ ထူးခြားတဲ့ စွမ်းရည်ရှိတာကို တွေ့ရပါတယ်" လို့ သုတေသနအဖွဲ့ ခေါင်းဆောင် ဆိုဖီ အက်ဇစ်က ဘီဘီစီကို ပြောပါတယ်။

၂၀၀၄ မှာ ခွေးမျိုးကွဲ ၆ ကောင်ကို သူတို့အဖွဲ့က လေ့ကျင့်ပေးပြီး စမ်းကြည့်ရာမှာ တိကျမှန်ကန်မှု ပိုကောင်းတာကို တွေ့ရပါတယ်။ နောက်ထပ် လုပ်တဲ့ စမ်းသပ်မှု တွေမှာလည်း ခွေးတွေက ဆီးအိမ် ကင်ဆာကို ဖော်ထုတ်နိုင်ပြီး တိကျမှန်ကန်မှုက ၉၀% လောက်ရှိတာ ကို တွေ့ရပါတယ်။

လူနာရဲ့ သွေးနမူနာကို အနံ့ခံစေပြီး မမျိုးဥအိမ် ကင်ဆာ ရှိမရှိ ခွေးတွေက ဖော်ထုတ်နိုင်ကြောင်း နောက်ထပ် သုတေသန တခုမှာ တွေ့ရပါတယ်။ လေ့ကျင့် ထားတဲ့ ခွေးတွေဟာ ၉၉% မှန်အောင် ဖော်ထုတ်နိုင်ကြပါတယ်။

အခု သုတေသနရဲ့ နောက်အဆင့်က အီလက်ထရောနစ် နှာခေါင်း တီထွင်နေတာပါ။ ဒါပေမဲ့ အနံ့ရဲ့ ထွေပြားမှု အမျိုးမျိုးကြောင့် စိန်ခေါ်မှုတွေက ရှိနေပါတယ်။

"လူတယောက်ချင်းစီမှာ သီးခြားရှိနေတတ်တဲ့ မိုက်ခရို ဇီဝပိုးလေးတွေ၊ တဦးချင်းအလိုက် ရောဂါကို တုံ့ပြန်တဲ့ ကိုယ်ခံအား စနစ်တွေက ကွာခြားတော့ အနံ့က အလွန်ကွဲပြားပါတယ်။ ရောဂါ ရှိမရှိ ထုတ်ဖော်ရတာ သိပ်မလွယ်ပါဘူး" လို့ မစ္စ အက်ဇစ်က ပြောပါတယ်။

ဒါပေမဲ့ ကင်ဆာရောဂါ ရှာဖွေ ထုတ်ဖော်ရေးမှာ အင်းဆက်ပိုးတွေကိုလေ့လာတဲ့ သုတေသနတွေက တခြားနည်းလမ်းတွေအတွက် အထောက်အကူဖြစ်မယ်လို့ သူက ယုံကြည်ပါတယ်။

"တိရိစ္ဆာန် ကမ္ဘာကို ကျွန်မတို့ ပိုလေ့လာလေလေ ပိုကောင်းလေလေ ပါပဲ။ ကျွန်မ တို့လို ဖြစ်ဖြစ်၊ ပုရွက်ဆိတ်တွေကို လေ့လာတာပဲ ဖြစ်ဖြစ် ကောင်းပါတယ်။ ပိုပြီးတော့ တစုံလုံးကို သိလာကြတာပေါ့" လို့ အက်ဇစ်က ပြောပါတယ်။