တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁ဝဝ မှာ အာဏာပိုင်စိုးမှုအတွက် အားသစ်မွေး

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်ပါတီလူကြိုက်များအောင် ရာပြည့်အခမ်းအနားကို တရုတ်အစိုးရအသုံးချ
  • ရေးသားသူ, ပရာတစ် ဂျက်ခါး
  • ရာထူးတာဝန်, အရှေ့အာရှ ကျွမ်းကျင်သူ

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်တာ နှစ် တရာပြည့်ပွဲတွေ ဇူလိုင်လ ၁ ရက်ကစပြီး ဝှဲချီးကျင်းပဖို့ တပြည်လုံး အုံးအုံးကြွက်ကြွက် ဖြစ်နေကြပါတယ်။

စီစီပီလို့ အတိုကောက်သိကြတဲ့ ဒီတရုတ်ကွန်မြူနစ်ပါတီဟာ တခြား ကမ္ဘာတလွှားက ကွန်မြူနစ်ပါတီတွေနဲ့မတူ၊ ပြိုကွဲပျက်စီးသွားတာ၊ ဒီမိုကရေစီ အသွင် ကူးသွားတာတွေ မရှိဘဲ တည်တံ့ခိုင်မြဲနေတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်တွင်းမှာလည်း သုံးသပ်ချက်တွေနဲ့ ပြည့်လျှံနေပါတယ်။

မကြာခင်ကပဲ အာကာသထဲ လူလိုက်ပါတဲ့ ယာဉ်တစင်း လွှတ်တင်နိုင်ခဲ့တာကလည်း မျိုးချစ်သံစဉ်တွေ ပြင်းထန်လာစေပါတယ်။ အာကာသယာဉ်မှူး တဦးကဆို ပါတီရဲ့ အနှစ်တရာ လှုပ်ရှားရုန်းကန်မှုကြီးမှာ ပြောင်မြောက်တဲ့ ကဏ္ဍတရပ် ဖြည့်စွက် နိုင်ခဲ့တာလို့တောင် ဒီခရီးစဉ်ကို တင်စား ပြောခဲ့ ပါတယ်။

ဒီလို ခိုင်မာမြဲမြံတဲ့ ပါတီအုပ်စိုးမှုတောင် လူထုယုံကြည်မှု ကျဆင်းမှု အန္တရာယ်တွေနဲ့ ကြုံရတတ်ပါတယ်။ ဒါကြောင့် ပါတီသက်တမ်းရှည်နိုင်ဖို့ တရုတ် ကွန်မြူနစ်တွေ အလွန်အာရုံစိုက်ရပါတယ်။

ဒါကြောင့် ပါတီရဲ့ အာဏာပိုင်စိုးမှုကို မှန်မှန် ပြန်ပြီး မြှင့်တင်ပေးရပါတယ်။ ဒီလို ရာပြည့်ကာလမျိုးမှာ အတိတ်က အောင်ပွဲတွေကို ပြန်ဖော်ထုတ်တာ၊ ပစ္စုပ္ပန်အောင်ပွဲတွေ၊ အနာဂတ်မှာလာမယ့် မျှော်မှန်းချက်ကြီးတွေကို ရောမွှေပြီး တရုတ်ကွန်မြူနစ်ပါတီက ပုံဖော်ပါတယ်။

ဝါဒဖြန့် ယန္တရား၊ ပညာရှင်လောက၊ ပါတီဝင်တွေနဲ့ နိုင်ငံခြားသားတွေကိုတောင် သိမ်းသွင်းပြီး စီစီပီရဲ့ တရုတ်ပြည်ကို အုပ်စိုးမှုကို သက်တမ်းရှည်အောင် ကြိုးစား ပါတယ်။

တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီရဲ့ ရာပြည့် သမိုင်းကို ဘယ်လို ပြောဆိုနေကြသလဲ။

Presentational grey line

' ပြည်သူ့အတွက် ထမ်းဆောင်'

ကွန်မြူနစ်တွေက တရုတ်ပြည်သူတွေအတွက် ထမ်းဆောင်ဖို့ နိုင်ငံကို အုပ်ချုပ်ခွင့် ရှိတယ်ဆိုတဲ့ သတင်းစကားကို ပါးပြီး လူထုထောက်ခံမှု ယူပါတယ်။

ဒီ "ပြည်သူ့အတွက် ထမ်းဆောင် " ဆိုတာ မော်စီတုန်းခေတ် ၁၉၄၄ ကတည်းက စီစီပီမှာ ဒီအတိုင်း အလွယ် သုံးခဲ့ကြတဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ သမ္မတ ရှီကျင်ပင်း လက်ထက်မှာတော့ ဒီဆောင်ပုဒ်က တကျော့ ပြန်ပေါ်လာပုံရပါတယ်။

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါတီကို လူထုဗဟိုပြုနည်းနဲ့ လည်ပတ်တယ် ဆိုတယ်

ပါတီအနေနဲ့ သာမန်ပြည်သူတွေအတွက် ထမ်းရွက်ရမယ်၊ အခွင့်ထူးခံတွေအတွက်သာ မဟုတ်ဘူး ဆိုတဲ့ နဂို ရည်မှန်းချက်ကို မမေ့ဖို့ လိုတယ် ဆိုပြီး မစ္စတာ ရှီက သူ့မိန့်ခွန်းနဲ့ လမ်းညွှန်ချက် တွေမှာ ထပ်တလဲလဲ ပြောပါ တယ်။

နောက် ပါတီက တရုတ်ပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့ရေးအတွက် ရုန်းကန်အားထုတ် နေတယ်လို့ ဝါဒဖြန့်ချိရေး မှာ ခိုင်ခိုင်မာမာ ပြရမယ်လို့ သူ မကြာခင်ကပဲ ပြောခဲ့ပါတယ်။

ကွန်မြူနစ်ပါတီရဲ့ အုပ်စိုးမှုကြောင့် တရုတ်နိုင်ငံသားတွေက သူတို့အစိုးရကို ကျေနပ်အားရမှု တိုးတက်လာတယ် ဆိုတဲ့ ဟားဗတ်တက္ကသိုလ်က လေ့လာချက်တခုကို ကိုးကားပြီး တရုတ် အစိုးရ သတင်းဌာနတွေနဲ့ အာဏာပိုင်တွေက ပြောဆိုနေပါတယ်။

တရုတ်အစိုးရ ရဲ့ CGTN ရုပ်သံလိုင်းက လွှင့်တဲ့ "လူထုအတွက် လူသားများ " ဇာတ်လမ်းတွဲမှာလည်း ပြည်သူ့အတွက် ကြိုးပမ်းအားထုတ်တဲ့ ပါတီဝင်တွေ အကြောင်း တယောက်ချင်းစီ ဖော်ထုတ်ပြသပါတယ်။

"ကွန်မြူနစ်ပါတီက ဘာမှော်ပညာမှ မသုံးပါဘူး။ ပြည်သူတွေ တောင့်တတဲ့ အပြောင်းအလဲတွေကို သိပြီး ပြည်သူ့လိုအပ်ချက်နဲ့ ကိုက်မယ့် မူတွေကို ကျင့်သုံးတာပဲ ရှိပါတယ်" လို့လည်း တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ရှီဖန်းက နိုင်ငံခြား သံတမန်တွေကို ဇွန်လ ၁၄ ရက်က ပြောပါတယ်။

"ပြည်သူနဲ့ ပါတီကြားက ဆက်ဆံရေးက ရေနဲ့ငါးလို ခွဲမရပါဘူး" လို့လည်း သူက ဆိုပါတယ်။

ကွန်မြူနစ်ပါတီက လူထုကို အလေးထားတယ် ဆိုတဲ့ ပုံဖော်မှု အောက်မှာပဲ နောက်ထပ် အာရုံစိုက်မှုတခု ရှိပါသေးတယ်။ ဒါကတော့ ပါတီနဲ့ တရုတ် လူငယ်တွေကြားက အထူး ရင်းနှီးမှု ဖြစ်ပါတယ်။ ဒါကလည်း ပါတီနဲ့ ရှုပ်ထွေးတဲ့ အတိတ်ဇာတ်ကြောင်းတွေ ရှိတဲ့ တရုတ်လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်းအရ အရေးကြီးတဲ့ ကဏ္ဍတရပ် ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ် လူမှုအဆောက်အအုံမှာ အထက်တက်ဖို့ မလွယ်ကူတဲ့ တရုတ်လူငယ်အများအပြားရဲ့ အစာမကျေမှုတွေကို ဒီနေရာကနေ ကိုင်ဆုပ်ဖို့ ခက်နေပါတယ်။ ဒါကို ဘဝသေ လှုပ်ရှားမှုနဲ့ သူတို့က ထုတ်ပြကြသလို ဝင်ငွေ မညီမျှမှု ကြီးထွားလာတာကလည်း ရှိနေပါတယ်။

Presentational grey line

သမိုင်းကို ပြန်တူးဆွ

ကွန်မြူနစ်အုပ်စိုးမှု ရှေ့ဆက်ရာမှာ လူထုယုံကြည်မှုရဖို့နဲ့ လူတွေကို အားကျစရာတွေ ဝေငှနိုင်ဖို့ တော်လှန်ရေးအမွေအနှစ်တွေကို ကွန်မြူနစ်ပါတီက ပြန်ဆွဲထုတ်ပြီး သိမ်းသွင်းနေပါတယ်။

ပါတီရဲ့ ခမ်းနားတဲ့ အတိတ်က အောင်ပွဲတွေ၊ အနစ်နာခံမှုတွေကို နိုင်ငံပိုင်မီဒီယာတွေက ထုတ်လွှင့်သလို ဆိုင်းဘုတ်ကြီးတွေမှာ ထောင်ပြတာ၊ ရုပ်ရှင်နဲ့ ရုပ်သံ ဇာတ်လမ်းတွေ ရိုက်တာအပြင် အစိုးရမိန့်ခွန်းတွေမှာပါ အကြီးအကျယ် ဖော်ပြပါတယ်။

တရုတ်အစိုးရမီဒီယာကလည်း တော်လှန်ရေးသမားများရဲ့ ခြေရာလို ဆင်ဟွာသတင်းဌာနရဲ့ အထူးစာမျက်နှာမျိုးတွေ တင်ဆက်ပြီး နိုင်ငံကို ထူထောင် ခဲ့သူတွေအကြောင်း ဇာတ်လမ်းတွေကို အသားပေးတင်ဆက်တာတွေ လုပ်ပါတယ်။

ဒီလို သမိုင်းတွေ ပြန်ဖော်လာတဲ့အတွက် ကွန်မြူနစ် ခရီးသွား စီးပွားရေးက ခေတ်စားလာပါတယ်။ ပါတီပြတိုက်တွေ၊ သမိုင်းဝင်နေရာတွေနဲ့ တော်လှန်ရေး အမှတ်တရ ဌာနတွေကို သွားလည်ကြတာပါ။

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမိုင်းကိုလေ့လာတာက ဒီရာပြည့်အောင်ပွဲရဲ့ အဓိကဦးတည်ချက် တခု

ဒီနှစ် ဖေဖော်ဝါရီလကပဲ သမ္မတရှီက ပါတီသမိုင်းလေ့လာဖို့ လှုပ်ရှားမှုတခု စတင်ခဲ့ပါတယ်။ အလွှာစုံက ပါတီကေဒါတွေကို ကွန်မြူနစ်ပါတီအတိတ်ခရီး ကနေ အသိပညာ ရှာကြဖို့ သူက တိုက်တွန်းပါတယ်။

သမိုင်းဟာ ကွန်မြူနစ်ပါတီရဲ့ မပြောင်းလဲတဲ့ ရုန်းကန်မှုကို ယုံကြည်အောင် အပြနိုင်ဆုံး သင်ရိုးစာအုပ်ဖြစ်တယ် ဆိုပြီး ပါတီရဲ့ တရားဝင်စာစောင်ဖြစ်တဲ့ ကီရှီကနေ ရှီကျင်ပင်းက ထပ်မံနှိုးဆော်ပြန်ပါတယ်။ ဒီနားလည်မှု ကသာလျှင် ပါတီနဲ့ နိုင်ငံကို ချစ်တဲ့စိတ်ကို ဦးတည်စေတယ်လို့လည်း သူက ဆိုပါတယ်။

ဘာကြောင့် ကွန်မြူနစ်ပါတီ ဒီလောက်စွမ်းဆောင်နိုင်လဲ၊ ဘာကြောင့် မတ်ဝါဒ အောင်မြင်သလဲ၊ တရုတ်ဝိသေသလက္ခဏာတွေပါတဲ့ ဆိုရှယ်လစ်ဝါဒ ဘာကြောင့် ကောင်းသလဲ ဆိုတာတွေကို သေချာနားလည်ဖို့ အတွက် မကြာခင်က ဖွင့်လိုက်တဲ့ ပြတိုက်သစ်တခုက ပါတီဝင်တွေနဲ့ အာဏာပိုင်တွေအပြင် လူထုကိုပါ ကူညီလမ်းညွှန်ပေးလိမ့်မယ်ဆိုပြီး သမ္မတရှီရဲ့ နိုင်ငံရေး အကြံပေး ဝမ်ဟူနင်းက ပြောပါတယ်။

ဒါပေမဲ့လည်း သမိုင်းအပေါ်မှာ အာရုံပြုရာမှာ ပါတီရဲ့ ထွေပြားတဲ့ အတိတ်ဇာတ်ကြောင်းတခုလုံးကို စေ့စေ့ငုငု ကြည့်တာ မပါပါဘူး။ ဒီနှစ်တရာခရီးကို သန့်စင်စိစစ်ပြီးမှ ထုတ်ပြတာ ဖြစ်ပါတယ်။

တရားဝင် ပြဋ္ဌာန်းထားတဲ့ သမိုင်းကို စိန်ခေါ်တဲ့ " သမိုင်းကြောင်းအရ မင်းမဲ့ဝါဒ" ဆိုတာကိုတော့ ရှီက ထပ်တလဲလဲ သတိပေးခဲ့ပါတယ်။

အရင်လကပဲ အင်တာနက်ပေါ်က ပို့စ် နှစ်သန်းလောက်ကို ပါတီသမိုင်းကို ပုံဖျက်တယ် ဆိုပြီး တရုတ်အစိုးရက ဖျက်ပစ်ခဲ့ပါတယ်။ နောက် ဒီသမိုင်း ဆိုင်ရာ မင်းမဲ့ဝါဒနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ပြည်သူတွေ တိုင်ကြားနိုင်ဖို့ အရေးကြီး ဖုန်းလိုင်းတခုလည်း တပ်ပေးခဲ့ပါတယ်။

Presentational grey line

' ကောင်းကင်ဘုံက ဗျာဒိတ်ရ'

တရုတ်ကွန်မြူနစ်ပါတီက လူထု ယုံကြည်မှုရဖို့ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ လူမှုရေး တည်ငြိမ်မှုပေးနိုင်မှုအပေါ် ကာလကြာမြင့်စွာ အားထားခဲ့ပါတယ်။

ပြည်တွင်းထောက်ခံမှု ယူရာမှာ အရေးကြီးတဲ့ မဏ္ဍိုင်တခုကတော့ " လုပ်ဆောင်ချက် တရားဝင်ဖြစ်မှု" ဖြစ်ပါတယ်။ အဲဒါက ဘယ်လိုရလဒ် ဖော်ဆောင် နိုင်သလဲ ကြည့်ပြီးမှ အုပ်စိုးပိုင်ခွင့် ရှိမရှိ ဆုံးဖြတ်တာပါ။

"ကောင်းကင်ဘုံက ပေးတဲ့ ဗျာဒိတ်" လို့ခေါ်တဲ့ ရှေးဟောင်းတရုတ်အယူအဆမှာ ဧကရာဇ်တွေရဲ့ အုပ်စိုးပိုင်ခွင့်ဟာ သူတို့ ဘယ်လို စီမံအုပ်ချုပ်သလဲ ပေါ်မှာ မူတည်ပြီး သတ်မှတ်တာ ဖြစ်ကြောင်း တရုတ်ကွန်မြူနစ် ပါတီပေါ်လစ်ဗျူရိုမှာ နာမည်ကြီး တရုတ် ပညာရှင် ချန်ဝေဝေက မကြာခင်က ပြောကြား ခဲ့ပါတယ်။

"ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် " ဆိုတာတွေကို ရှုမြင်တာထက် ကျော်ပြီး "အစိုးရကောင်းလား၊ အစိုးရဆိုးလား" ဆိုတာကို အာရုံစိုက်တဲ့ လမ်းကြောင်းသစ်တခုကိုလည်း သူက နောက်ဆောင်းပါးတပုဒ်မှာ တင်ပြခဲ့ ပါတယ်။

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်စီးပွားရေး အံ့မခန်း ပြောင်းလဲမှုအတွက် ပါတီ အမှတ်ယူ

ကွန်မြူနစ်ပါတီလက်ထက် စီးပွားရေး အံ့မခန်းပြောင်းလဲမှုတွေနဲ့ မကြုံစဖူး အောင်မြင်မှုတွေအကြောင်း ရာပြည့်ပွဲအကြိုကာလမှာ အစိုးရမီဒီယာတွေက ဆောင်းပါးတွေ အပြည့် တင်ဆက်ကြပါတယ်။

ကိုဗစ် ၁၉ ကပ်ဘေးမှာ ကိုင်တွယ်ပုံနဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ အောင်မြင်ခဲ့မှုတွေမှာ ကွန်မြူနစ်ပါတီရဲ့ ဂုဏ်ပုဒ်တွေကို ဆက်ထိန်းထားဖို့ ပါတီပိုင် ပြည်သူ့နေ့စဉ် သတင်းစာထဲက သုံးသပ်ချက် ဆောင်းပါးရှည်ကြီး နှစ်စောင် မကြာခင်က အသားပေး ဖော်ပြခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ရဲ့ စွမ်းဆောင်မှုကို ဂျပန်ဝန်ကြီးချုပ်ဟောင်း၊ ဂါနာက ပါတီခေါင်းဆောင်၊ ရုရှားက ပညာရှင် စတဲ့ ပြည်ပက ချီးကျူးပြောဆိုမှုတွေကိုလည်း ထည့်သွင်းဖော်ပြတတ်ပါတယ်။

ဒါနဲ့ ဆန့်ကျင်ဘက် အမေရိကန်နဲ့ အိန္ဒိယမှာ ကိုဗစ် ၁၉ ကပ်ဘေးကိုင်တွယ်ပုံမှာ အိုးနင်းခွက်နင်း ဖြစ်တာတွေကို လက်ညှိုးထိုးပြပြီး ဒီမိုကရေစီရဲ့ အလုပ်မဖြစ်တဲ့ သဘောတွေကို တရုတ်ပြည်ထဲမှာ အသားပေး ပြောဆို တာတွေလည်း ရှိပါတယ်။

ဒါပေမဲ့လည်း ဒီ "လုပ်ဆောင်ချက် တရားဝင်ဖြစ်မှု "ရဲ့ ကြာရှည်ခံမှု ကတော့ ပြည်သူတွေရဲ့ အမြဲမြင့်တက်နေတဲ့ မျှော်လင့်ချက်တွေနဲ့ အချိုးကျနေပါတယ်။ တရုတ်ပြည်မှာ သက်ကြီးလူဦးရေတိုးပွားနေတာ၊ စီးပွားရေး၊ လူမှုရေး တည်ဆောက်မှုတွေ နှေးကွေးတာ၊ ပြုပြင်ရေးတွေ ကင်းမဲ့တာနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်တွေက ဒါကို စစ်ဆေးပါလိမ့်မယ်။

ဒီစိန်ခေါ်မှုတွေကို နောက်ပို့တဲ့အနေနဲ့ နိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝပေးဖို့၊ အားလုံးခြုံမိတဲ့ တိုးတက်မှုတွေ ပိုရဖို့ စတဲ့ ပစ်မှတ်တွေကိုပဲ တရုတ်အစိုးရဘက်က ပိုအလေးပေး ဖော်ပြနေပါတယ်။

Presentational grey line

' ကိုယ်တိုင် ပြောင်းလဲရေး'အတွက် စွမ်းအား

တရုတ်ကွန်မြူနစ်တွေက အခက်အခဲကြားမှာ သူတို့ ဘယ်လို ပြောင်းလဲ ကျော်ဖြတ်နိုင်သလဲ၊ "ကိုယ်တိုင် ပြောင်းလဲမှု" လို့ ခေါ်တဲ့ အနေအထားတခု ကိုလည်း လူသိများအောင် လုပ်ဖို့ စိတ်သန်ကြပါတယ်။

ရေတိုနိုင်ငံရေး အကျိုးစီးပွားနဲ့ သွားတဲ့ ဒီမိုကရေစီ ပါတီတွေနဲ့ မတူဘဲ တရုတ်ကွန်မြူနစ်ပါတီက ရေရှည်အမြင်နဲ့ ဆောင်ရွက် နိုင်တယ်၊ ကိုယ့်ဘာသာ ပြန်ပြီး တည့်မတ်နိုင်တယ်၊ ဒါက သူတို့ရဲ့ အထင်ရှားဆုံး ဝိသေသ ဖြစ်တယ် ဆိုပြီးလည်း ပြောကြပါတယ်။

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါတီရဲ့ ကိုယ်တိုင် ပြုပြင်ရေး ဘယ်တော့မှ မရပ်သင့်လို့ ရှီကပြော

ဒီအမြင်အရ မှားယွင်းတဲ့ ပါတီခြေလှမ်းမျိုး၊ ဥပမာ ကိုဗစ်ကပ်ဘေး အစပိုင်းတုန်းက ကိုင်တွယ်ပုံ ညံ့ခဲ့တာမျိုးကို ဒေသခံ အရာရှိတွေပေါ်သာ ပုံချတတ်ပြီး ထိပ်ပိုင်းက အာဏာပိုင်တွေဆီ မရောက်တော့ပါဘူး။

"ပါတီစုံစနစ်မှာရှိတဲ့ ပြိုင်ဆိုင်မှု အားနည်းချက်ကို တရုတ်ပြည်စနစ်က ရှောင်လွှဲနိုင်တယ် " လို့လည်း တရုတ်အစိုးရ အရာရှိ ရှူယူရှန်းက နိုင်ငံရဲ့ နိုင်ငံရေးစနစ်ကောင်းကျိုးအဖြာဖြာကို ရှင်းပြတဲ့ စာတမ်း ဖြန့်ချိပွဲမှာ ပြောကြားခဲ့ပါတယ်။

ပါတီဟာ သူ့အမှားတွေကို ရင်ဆိုင်ရဲ ပြုပြင်ရဲတယ်၊ နောက် ရဲရဲရင့်ရင့်နဲ့ ဘယ်လောက် ပင်ပန်းပါစေ၊ ကိုယ်တိုင် ပြင်ဆင်ရေး လုပ်နိုင်တယ်၊ တရုတ်ကွန်မြူနစ်ပါတီဟာ နောက်ထပ် ဆိုဗီယက်ကွန်မြူနစ်ပါတီ မဟုတ်ဘူး လို့လည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှီဖန်းက ပြောကြားပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုက တရုတ်အတွက် သင်ခန်းစာတွေ အများကြီး ရလိုက်ပါတယ်။ အထူးသဖြင့် ဒီလို ကံကြမ္မာမျိုး ထပ်မဖြစ်ဖို့ လိုတယ် ဆိုပြီး ပြောခဲ့တဲ့ ရှီကျင်ပင်းအတွက် ဖြစ်ပါတယ်။

၂ဝ၁၂ မှာ ရှီ အထွေထွေအတွင်းရေးမှူး တာဝန်ယူချိန်မှာ ပါတီတွင်း အခြေအနေ အတော်ဆိုး ခဲ့ပါတယ်။ အကွဲအပြဲတွေနဲ့ လုံးလည်ချာလည် လိုက်နေသလို လာဘ်စားမှုနဲ့ စွမ်းဆောင်ရည် ကျဆင်းမှုတွေကလည်း ပုံနေ ပါတယ်။ ကွန်မြူနစ်ပါတီကို သန့်စင်မယ် ဆိုပြီး ပါတီတွင်း တင်းတင်းကျပ်ကျပ် ပြုပြင်ရေးတွေ၊ စည်းကမ်းထိန်းသိမ်းရေး လှုပ်ရှားမှုတွေ နဲ့ ရှီက ကြိုးစားပါတယ်။ နောက် စုပေါင်း လေ့လာတဲ့ အစည်းအဝေးတွေနဲ့ ကိုယ့်ကိုယ့်ကိုယ် ပြန်ဝေဖန်ပွဲတွေလည်း လုပ်ပေးပါတယ်။

ကိုယ်တိုင် ပြုပြင်ရေးနဲ့ ပတ်သက်ပြီး အပြောအများဆုံးကတော့ လာဘ်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုက တရုတ်ပြည်သူတွေကြားမှာ အင်မတန် လူကြိုက်များပြီး ပြည်တွင်းမီဒီယာတွေမှာ နေရာ ကောင်းကောင်းရတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးပုံစံကောင်းလို့ ကိုယ့်ပါတီကိုယ် ကြေညာနေပေမယ့်လည်း ဆိုင်ရှီယားလို ဘေကျင်းက ပါတီ ဗဟိုကျောင်းက ပါမောက္ခဟောင်း တယောက်က ကွန်မြူနစ်ပါတီကို ပြဿနာကြီးတွေနဲ့ နိုင်ငံရေးဖုတ်ကောင် ကြီးလို့ ခေါ်ဖူးပါတယ်။

Presentational grey line

တရုတ်ပြည်ကြီးကို ကြီးမြင့်အောင် ကြံဆောင်

ကြီးထွားလာတဲ့ မျိုးချစ်ဝါဒကြောင့် ပါတီအပေါ် သစ္စာခံမှု ပိုများလာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမျိုးသားရေးမာန်ကို တရုတ် ကွန်မြူနစ်ပါတီက ပုံဖော်ဖို့ ကြံဆောင်နေပါတယ်။

၂ဝ၄၉ မှာ တရုတ်ပြည်ကို ပြန်ပြီး နိုးကြားတက်ကြွအောင် လုပ်ဖို့ ဆိုတဲ့ တရုတ်ပြည်သူတွေကို ရှီ ပေးထားတဲ့ ရည်မှန်းချက်ကို ပါတီအုပ်ချုပ်ရေးက လိုက်နာပါတယ်။

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာပိုင်စိုးမှုအတွက် အမျိုးသားရေးကို အားပြုဖို့ တရုတ်တွေ ပိုလေ့လာနေ

ဒီသတင်းစကားက ရှင်းပါတယ်။ ပါတီက တရုတ်ပြည်ကို ကမ္ဘာပေါ်မှာ သူနဲ့ ထိုက်တန်တဲ့ နေရာ ပြန်ရဖို့ ကြိုးစားနေတာပါ။ နောက် တရုတ်ပြည် နိုင်ငံခြားအစိုးရတွေ လက်ထဲမှာ ဒုက္ခရောက်ခဲ့တဲ့ အရှက်ကွဲခဲ့တဲ့ ရာစုနှစ် ကို ပြန်ချေဖျက်ဖို့လည်း လုပ်နေပါတယ်။ ပါတီမရှိရင် နိုင်ငံ ဖရိုဖရဲ ဖြစ်လိမ့်မယ်၊ အနောက်တိုင်းသားတွေ အမြတ်ထုတ်ကြမယ်လို့ ဆိုပါတယ်။

"ကွန်မြူနစ်ပါတီရဲ့ စွဲမြဲတဲ့ ခေါင်းဆောင်မှု မရှိဘဲ တရုတ်ပြည်မှာ အနာဂတ် မရှိပါဘူး။ တရုတ်ကို ဖိနှိပ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေက အနိုင်ကျင့်တာ အကြာကြီး ခံရလိမ့်မယ်၊ တရုတ်ပြည်ကို တပိုင်းတစစီ ဖဲ့ပစ်ကြ လိမ့်မယ်" လို့တောင် တရုတ်အစိုးရပိုင်တဲ့ ဂလိုဘယ်တိုင်း သတင်းစာ ခေါင်းကြီးက ရေးပါတယ်။

ဒီ အမျိုးသားရေး ဝေဒနာကို နှိုးဆွတဲ့အနေနဲ့ တရုတ်ပြည်ကို ကမ္ဘာ့စင်မြင့်အလယ်ကို ပို့ဖို့ ဆိုတဲ့ စကားကို ရှီနဲ့ လက်ထောက်တွေက ထပ်တလဲလဲ ပြောနေကြပါတယ်။ နောက် အရှေ့က တက်ချိန်၊ အနောက်က ကျချိန်၊ တရုတ်အတက် အမေရိကန်အကျ ဆိုတဲ့ စကားတွေကိုလည်း သူတို့ ပြောပါတယ်။ ရိုင်းစိုင်းတဲ့ နိုင်ငံခြား အင်အားစုတွေက တရုတ်ပြည်ကို ဝိုင်းထားဖို့ ကြံနေတယ်လို့လည်း ပြောတတ်ပါတယ်။

China

ဓာတ်ပုံ ရင်းမြစ်, mediaWEIBO

ဓာတ်ပုံ ပုံစာ, အနောက်တိုင်းကို ဟာသလုပ်တဲ့ နိုင်ငံရေးအနုပညာကို တရုတ်အစိုးရ အားပေး

"ကျွန်တော်တို့က အမိမြေကို ရှေ့ကနေ ကြံ့ကြံ့ခံကာကွယ်တဲ့ တိုက်ခိုက်ရေးသမားတွေပါ၊ ခွေးရူးတွေက တရုတ်ပြည်ကို တိုက်ခိုက်နေတာကို ရှေ့ကနေ ခုခံချင်ပါတယ်" လို့လည်း ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လူရှေးက မကြာခင်က ပြောပါတယ်။

ဒီလိုစကားမျိုးက ပြည်တွင်းပရိသတ်ကို စည်းရုံးနိုင်မှာ ဖြစ်ပေမယ့် နိုင်ငံတကာမှာတော့ တရုတ်ရဲ့ နိုင်ငံခြားရေးမူနဲ့ ပတ်သက်ပြီး မကောင်းတဲ့အမြင်တွေ တိုးပွားစေပါတယ်။

ဒါပေမဲ့ တရုတ် လူထုကြားထဲမှာ မျိုးချစ်ဝါဒတွေ အလွန်အကျွံတိုးပွားနေတာကိုတော့ အစိုးရမီဒီယာတွေက သိပ်ပူတဲ့ပုံ မရှိပါဘူး။

" ၂ဝ ရာစုအစက မထင်မရှား ကွန်မြူနစ် လှုပ်ရှားမှုလေးတခုက အစပြုခဲ့တဲ့ ပါတီဟာ သူ့ရဲ့ ဒုတိယရာစုကို နောက်ဖြစ်လာနိုင်တဲ့ မဟာ အင်အားကြီး နိုင်ငံ၊ ကမ္ဘာ့ရှေ့ဆောင် တနိုင်ငံအနေနဲ့ စတင်နေပြီ" ဆိုပြီး တရုတ် အစိုးရပိုင် တရုတ်နေ့စဉ် သတင်းစာက မကြာခင်က တင်ဆက်ခဲ့တဲ့ ဆောင်းပါးတပုဒ်မှာ ပါရှိပါတယ်။