သူလျှိုမှုနဲ့ မသင်္ကာလို့ အဖမ်းခံရတဲ့ခို

သူလျှိုလို့ မသင်္ကာတဲ့အတွက် အိန္ဒိယဘက်မှာ ထိန်းသိမ်းထား

ဓာတ်ပုံ ရင်းမြစ်, ANI

ဓာတ်ပုံ ပုံစာ, သူလျှိုလို့ မသင်္ကာတဲ့အတွက် အိန္ဒိယဘက်မှာ ထိန်းသိမ်းထား

ခိုတကောင်ဟာ သူလျှိုလုပ်တယ်လို့ မသင်္ကာတဲ့ အတွက် အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

အခုတော့ ပါကစ္စတန်ဘက်က ရွာသားတယောက်က အဲဒီသူလျှိုမှုနဲ့ အစွပ်စွဲခံထားရတဲ့ခိုဟာ သူ့ခိုပါ၊ အပြစ်ကင်းတဲ့ခိုမို့ ပြန်လွှတ်ပေးပါလို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီကို စာရေးတိုက်တွန်းလိုက်ပါတယ်။

အဲဒီရွာသားဟာ အိန္ဒိယနယ်စပ်နဲ့ ၂ မိုင်ခွဲသာ ကွာဝေးတဲ့ နေရာမှာရှိပြီး သူဟာ အဲဒီခိုကို အိဒ်နေ့ အထိမ်းအမှတ် လွှတ်ခဲ့တာလို့ ဆိုပါတယ်။

ရဲအဖွဲ့က ခိုရဲ့ခြေထောက်မှာတပ်ထားတဲ့ ကွင်းလေးကြောင့် မသင်္ကာတာပါ။

အဲဒီကွင်းလေးမှာရေးထားတဲ့ဂဏန်းတွေဟာ လျှို့ဝှက်စကားဆိုက်ဖာကို အဓိပ္ပာယ် ဖော်ရာမှာ အသုံးပြုဖို့ လျှို့ဝှက်ကုတ်နံပါတ်တွေလို့ ရဲအဖွဲ့က ယူဆပါတယ်။

ပါကစ္စတန်ရွာသားကတော့ ရေးထွင်းထားတဲ့ အဲဒီနံပါတ်တွေဟာ သူ့ဖုန်းနံပါတ်ပါလို့ ဆိုပါတယ်။အဲဒီရွာသားရဲ့ နာမည်ဟာ ဟာဘီဘူလာလို့ခေါ်ပြီး သူ့မှာခိုတွေမွေးထားတာ တဒါဇင်လောက်ရှိတယ်လို့ ပါကစ္စတန် Dawn သတင်းစာက ဖော်ပြပါတယ်။

ဟာဘီဘူလာက ခိုကို ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ်နဲ့ လွှတ်ခဲ့တာလို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် တခြမ်းစီအုပ်ချုပ်နေတဲ့ ကက်ရှ်မီးယားပြည်နယ်ရဲ့ နယ်စပ်အနီးမှာ အိန္ဒိယရွာသားတချို့က ခိုကို ဖမ်းမိခဲ့ပြီး တနင်္လာနေ့က ရဲလက်အပ်ခဲ့တာ ဖြစ်ပါတယ်။

ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယကရော၊ ပါကစ္စတန်ကရော သူတို့ပိုင်တယ်လို့ ဆိုနေကြပြီး နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ မကြာခဏ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိပါတယ်။

ပါကစ္စတန်ဘက်ကခိုဟာ အိန္ဒိယထဲရောက်လာလို့ ဒုက္ခတွေ့ရတာ ဒါပထမအကြိမ် မဟုတ်ပါဘူး။

၂၀၁၅ ခုနှစ်မေလထဲမှာလည်း ခိုဖြူတကောင်ကို နယ်စပ်အနီးမှာ အသက် ၁၄ နှစ်အရွယ် လူငယ်တယောက်က ဖမ်းမိပြီး ရဲလက် အပ်ခဲ့ဖူးပါတယ်။၂၀၁၆ ခုနှစ် အောက်တိုဘာလမှာလည်း ခိုတကောင်မှာ အိန္ဒိယဝန်ကြီးချုပ်ကို ခြိမ်းခြောက်တဲ့စာပါလာလို့ ဖမ်းဆီးခဲ့ဖူးပါတယ်။နျူကလီးယားပိုင်ဆိုင်တဲ့ အဲဒီနိုင်ငံနှစ်နိုင်ငံဟာ ကာလရှည်ကြာ ရန်ဘက်တွေ ဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးဖြစ်ခဲ့တဲ့ စစ်ပွဲက ၁၉၇၁ ခုနှစ်မှာ ဖြစ်ပါတယ်။