သဘောထားကွဲလွဲမှုတွေရှိတဲ့ ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) ကြား ညှိနှိုင်းမှုလုပ်ငန်းစဉ်တွေ ဆက်လုပ်နေ

သဘောထားကွဲလွဲမှုတွေရှိတဲ့ ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) ကြား ညှိနှိုင်းမှုလုပ်ငန်းစဉ်တွေ ဆက်လုပ်နေတဲ့ သတင်းအပါအဝင် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ ဘီဘီစီသတင်းများတိုက်ရိုက်ထုတ်လွှင့်မှုကိုတင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ပြည်တွင်းရန်ကိုနှိမ်နင်းပြီး ပြည်ပရန်ကိုကာကွယ်ခဲ့တဲ့ သာလွန်မင်းကို ဂုဏ်ပြုတယ်ဆိုပြီး "သာလွန်မင်း" အမည်နဲ့ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ် ကို ၇၇ နှစ်မြောက် ရေတပ်နှစ်ပတ်လည်‌နေ့မှာ စစ်တပ်က ထုတ်ပြပါတယ်။
  • လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေ ပိုဆိုးလာမယ်လို့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမှာရှိတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းညှိနှိုင်းရေးမှူး စတီဖနီဟော့မန်းက X လူမှုကွန်ရက်ကနေ သတိပေးပါတယ်။
  • ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရေအတွက် ၆ သိန်းနီးပါး ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းဆက်သွယ်ရေးရုံး UNOCHA က ဒီဇင်ဘာ ၂၄ က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီဘီစီမြန်မာပိုင်းရဲ့ ဒီဇင်ဘာ ၂၅ ရက် သတင်းများတိုက်ရိုက်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

  2. ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ကြား ညှိနှိုင်းရေးဆက်လုပ်နေ

    ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ကြား ညှိနှိုင်းရေးဆက်လုပ်နေတယ်လို့ ပြော

    ဓာတ်ပုံ ရင်းမြစ်, Chin Brotherhood

    ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီးတွေ့မြင်ရတဲ့ ချင်းညီနောင်အဖွဲ့ဝင်တွေ

    သဘောထားကွဲလွဲမှုတွေရှိတဲ့ ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) ကြား ညှိနှိုင်းမှုလုပ်ငန်းစဉ်တွေ ဆက်လုပ်နေတယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ဘီဘီစီကို ပြောပါတယ်။

    မင်းတပ် နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင်အဖွဲ့ (CB) က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ပြု တယ်လို့လည်း ချင်းပြည်ကောင်စီ (CC) က မနေ့ ဒီဇင်ဘာ ၂၄ ရက် ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

    “စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်နေသူ ရဲဘော် ရဲမေအားလုံးကို လေးစားပါတယ်” လို့ CNF ပြောရေးဆိုခွင့် ရှိသူက ဆလိုင်းထက်နီက ဆိုပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း မင်းတပ်နဲ့ကန်ပက်လက် နှစ်မြို့ကို နှစ်သစ်လက်ဆောင်အဖြစ်ရယူပေးခဲ့တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေကို ချီးကျူးကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

    ချင်းပြည်နယ်တခုလုံးလွတ်မြောက်ရေးသာမက ပြည်ထောင်စုတခုလုံးလွတ်မြောက်ရေးအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအားလုံး နဲ့ လက်တွဲသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ဒီဇင်ဘာ ၂၃ ရက်မှာပြုလုပ်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ သတင်းစာရှင်းလင်းပွဲအရ ချင်းပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

  3. ဝေဖန်မှုမြင့်တက်ခဲ့တဲ့အွန်လိုင်းကြော်ငြာနဲ့ ပတ်သက်ပြီး ဆယ်လီဖြူဖြူထွေး ရုပ်သံနဲ့ပြန်တောင်းပန်

    “ခြံစည်းရိုးကြီးမယ်တော်ဟောင်စုဘဝ” ဆိုတဲ့ အွန်လိုင်းဇာတ်လမ်းတိုဟာ ပုဂ္ဂိုလ်ရေးစော်ကားတာမဟုတ် ကြောင်း ဆယ်လီ ဖြူဖြူထွေး တုံ့ပြန်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဆေးပရုတ်ဆီ အွန်လိုင်းကြော်ငြာရိုက်ကူးတာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုကိုတုပခဲ့သလို သရော်ခဲ့တယ်ဆိုပြီး ဆယ်လီ ဖြူဖြူထွေးကို အွန်လိုင်းပေါ်မှာ ဝေဖန်ကန့်ကွက်မှုတွေမြင့်တက်ခဲ့ပါတယ်။

    အဲဒီကြော်ငြာထဲမှာ ဖြူဖြူထွေးက မယ်တော်တစ်ဦးအဖြစ်သရုပ်ဆောင်ပြီး ပန်းပန်တာနဲ့ မြန်မာဝတ်စုံအဖြူဝမ်းဆက်ကိုဝတ်ဆင်တာအပြင် ဇာတ်ညွှန်းဒိုင်ယာလော့ခ်ထဲမှာ ၇၉ နဲ့ ဒိုးတော့ ဆိုတဲ့ အသုံးအနှုန်းတွေ ကို ထည့်ပြောခဲ့တာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ု ပုံဖော်ပြီး အသက်ကိုလည်း ရည်ရွယ်ချက်ရှိရှိ ထည့်ပြောခဲ့တာလို့ ဆိုရှယ်မီဒီယာသုံးစွဲသူ အများစုက ဝေဖန်ကန့်ကွက်ခဲ့ကြတာပါ။

    ဒါအပြင် အဲဒီ ''ဟောင်စု'' ဆိုတဲ့ဆေးပရုတ်ဆီကြော်ငြာဗီဒိယိုကို စတင်ခဲ့ချိန်မှာ “ခြံစည်းရိုးကြီးမယ်တော်ဟောင်စုဘဝ” လို့ Caption ရေးခဲ့တာက ကြော်ငြာနဲ့ သက်ဆိုင်မှုမရှိဘဲ နေအိမ်အကျယ်ချုပ်နဲ့ခြံစည်းရိုးအတွင်းနေရတဲ့ လူထုခေါင်းဆောင်ကို သရော်တာဆိုတဲ့အမြင်တွေနဲ့ ဆိုရှယ်မီဒီယာမှာ လူအများစုက ရေးသားကန့်ကွက်ခဲ့ကြတာတွေ့ရပါတယ်။

    ဖြူဖြူထွေးကလည်း ဝေဖန်မှုတွေကြောင့် ဗီဒီယိုခေါင်းစဉ်ကို အကြိမ်ကြိမ်တည်းဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှတေ့ တော်လှန်‌ရေးအင်အားစုတချို့က သရုပ်ဆောင်ဖြူဖြူထွေးကို ဒီဗီဒိယိုကြောင့် သတိပေးမှုတွေလုပ်ခဲ့တာတွေ့ရပါတယ်။

    အဲဒီနောက်မှာတော့ ဒီကနေ့မနက်ပိုင်းမှာ အဲဒီဗီဒီယိုကို ဖြူဖြူထွေးက သူ့ရဲ့ ပေ့ချ်ကနေဖြုတ်ချခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းမှာတော့ ဖြူဖြူထွေးနဲ့ ဇာတ်ညွှန်းရေးဆရာဆိုသူက သူတို့ ဘယ်သူ့ကိုမှစော်ကားလိုစိတ်မရှိခဲ့ဘဲ ရိုးရိုးသားသားရိုက်ကူးခဲ့တယ်ဆိုပြီး တောင်းပန်စကားပြောထားတဲ့ ဗီဒီယိုကို ဖြူဖြူထွေးပေ့ချ်ကနေတင်ပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။

    ဒီနေ့မနက်ပိုင်းကတေ့ာ ဆယ်လီ ဖြူဖြူထွေးရဲ့အခုလိုလုပ်ရပ်ကို ခွင့်လွှတ်မပေးတော့ကြောင်း Black Hero UG PDF ဆိုတဲ့ အဖွဲ့က ထုတ်ပြန်စာတစောင်လည်း ဆက်တိုက်ဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့လာပါ တယ်။

    စစ်တပ်ထောက်ခံသူတွေကလည်း ဆယ်လီ ဖြူဖြူထွေးရဲ့လုံခြုံရေးကိုစိုးရိမ်တယ်လို့ သူတို့ရဲ့ တယ်လီဂရန် ချန်နယ်တွေမှာရေးသားနေကြပါတယ်။

    အခုလို ဝေဖန်ခံရတာနဲ့ပတ်သက်လို့ ဆယ်လီ ဖြူဖြူထွေးကို ဆက်သွယ်နိုင်ဖို့ ဘီဘီစီက ကြိုးစားနေသလို Black Hero UG PDF အဖွဲ့ဆိုတဲ့ ထုတ်ပြန်စာနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။

  4. စစ်ကိုင်း၊ ဘုတလင်ထဲကရွာတွေကို စစ်တပ်စစ်ကြောင်းဝင်ပြီးနောက် ဒေသခံအယောက် ၅၀ ထက်မနည်းဖမ်းဆီးခံရ

    စစ်ကိုင်း၊ ဘုတလင်ထဲကရွာတွေကို  စစ်တပ်စစ်ကြောင်းဝင်ပြီးနောက် ဒေသခံအယောက် ၅၀ ထက်မနည်းဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အောက်တိုဘာလတုန်းကစစ်ကြောင်းထိုးခံရတဲ့ ဘုတလင်အပိုင် မုံရွာ- ရေဦးလမ်းဘေးက ကျေးရွာတရွာမြင်ကွင်း

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘုတလင်မြို့နယ်အပိုင် မုံရွာ -ရေဦးလမ်းဘေး တလျှောက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဘုတလင်ဒေသခံတွေဆီက သိရပါတယ်။

    စစ်ကြောင်းထိုးတာကြောင့် ဒေသခံ အယောက် ၅၀ လောက် ကို စစ်တပ်ကဖမ်းဆီးခံရသလို ဘုတလင်ထဲက ဇီးတော၊ ရွှေချောင်းလည်၊ သရက်တိုရိုး၊ ကံသစ် စတဲ့ ရွာတွေအပါအဝင် ကျေးရွာ (၁၅) ရွာထက်မနည်းက ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ဒေသခံအချို့ကပြောပါတယ်။

    ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်၊ မနက် ၄ နာရီခန့်တုန်းက နမခ ကနေ သံချပ်ကာကား ၅ စီးနဲ့ စစ်ကောင်စီ တပ်တွေ ရုတ်တရက်ရောက်ရှိလာပြီး မုံရွာ - ရေဦးလမ်းဘေးက ဇီးတောရွာကို စတင်စစ်ကြောင်းထိုးခဲ့တာလို့ဆိုပါတယ်။

    ဒီလိုစစ်ကြောင်းထိုးချိန် အနီးအနားမှာရှိတဲ့ ဒေသခံဒါဇင်နဲ့ချီအဖမ်းခံရတယ်လို့ဒေသ အခြေအနေသိသူတချို့က ပြောပါတယ်။

    “ဇီးတောကို စရောက်တာနဲ့ ကြက်သွန်ခင်းထဲ အလုပ်ဆင်းနေသူတွေရော မုံရွာ - ရေဦးလမ်းတလျှောက်က ဈေးဝယ်သူတွေရော အဖမ်းခံလိုက်ရတယ်။ အယောက် ၅၀ လောက်ရှိမယ်၊ နေ့လယ်ပိုင်းအထိ ပြန်မလွတ်သေးဘူး” လို့ ဘုတလင်ဒေသခံ ကိုကတုံးက ပြောပါတယ်။

    မြေပြင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကံသစ်ရွာအနီးကိုရောက်ရှိချိန် မနက် (၆) နာရီခန့်မှာ တော်လှန်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

    ဒီနေ့မနက်ပိုင်းမှာ မြေပြင်စစ်ကြောင်းအပြင် စစ်ကောင်စီတပ်မော်တော်ယာဉ်တွေလည်း မုံရွာ - ရေဦးလမ်းဘေးတဝိုက်ကို ထပ်မံရောက်လာနေတာကြောင့် ‌ဒေသခံတွေစိုးရိမ်နေကြပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး အရပ်သားနှစ်ဒါဇင်နီးပါးသတ်ဖြတ် ခံခဲ့ရပြီးနောက် နှစ်လနီးပါးအကြာမှ ဘုတလင်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ ထပ်မံရောက်ရှိလာ တာလည်းဖြစ်ပါတယ်။

  5. စစ်တပ်အားကောင်းတဲ့ မြင်းခြံခရိုင်က တော်လှန်တိုက်ပွဲတွေ

    စစ်တပ်အားကောင်းတဲ့ မြင်းခြံခရိုင်က တော်လှန်တိုက်ပွဲတွေ

    ဓာတ်ပုံ ရင်းမြစ်, USDP Women Committee

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ ပြည့်နှစ်တုန်းက ဦးအောင်သောင်းမွေးရပ်မြေ တောင်သာမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲမဲဆွယ်မြင်ကွင်

    စစ်တပ်အရာရှိဟောင်းတွေ ဦးဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ကို ထောက်ခံမှု အားကောင်းရာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲမှာ အခုတော့ တော်လှန်ရေးအင်အားစုတွေက အထူးစစ်ဆင်ရေးဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လတုန်း စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရပါတယ်။

    မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) လို့ ခေါ်တဲ့ ဒီစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံက ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ရင်းတွေက ဦးဆောင်ခဲ့တာပါ။

    မြင်းခြံတိုက်ပွဲဟာ မန္တလေးမြို့နဲ့ မိုင် ၁၀၀ ပတ်လည်အတွင်း ဖြစ်ပွားခဲ့ပြီး မန္တလေးမြို့ မြောက်ပိုင်း မတ္တရာတကြော စစ်မြေပြင်ဖြစ်ခဲ့ရာကနေ မြို့တောင်ပိုင်းမှာပါ စစ်ကောင်စီအတွက် စစ်မျက်နှာပြင်အသစ် ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

    နအဖ ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး ကြံ့ခိုင်ရေးပါတီမှာ သြဇာညောင်းတဲ့ ဗိုလ်မှူးကြီးဟောင်း ဦးအောင်‌‌သောင်း ဟာ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ဇာတိ ဖြစ်တာကြောင့် ကြံ့ခိုင်ရေးပါတီ အမာခံဒေသတွေက တိုက်ပွဲအကြောင်း ဒီဆောင်းပါး မှာ ပြန်လည်ဖတ်ရှုနိုင်ပါပြီ။

  6. မန္တလေး၊ နွားထိုးကြီးထဲကရွာတွေ ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံနေရ

    နွားထိုးကြီးမြို့နယ် မြိုင်သာရွာကို စစ်ကောင်စီတပ်ကလေကြောင်းဗုံးကြဲ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ပုံဟောင်း

    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အရှေ့မြောက်ဘက်မှာရှိတဲ့ မြိုင်သာရွာရဲ့ ဘုန်းတော်ကြီးကျောင်းကို မနေ့ ဒီဇင်ဘာ (၂၄) ရက် ညနေ (၆) နာရီတုန်းက စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် (၅၀၀) ဗုံးလာကြဲခဲ့ တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၄) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    “ဘုန်းတော်ကြီးကျောင်းမှာ ဘယ်သူမှမရှိနေတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ဒေါင်းဘိုရွာမှာကြဲတုန်းက တော့ ၂ ဦးနေရာမှာတင်သေဆုံးပြီး ၁ ဦးက ဒဏ်ရာပြင်းထန်ပါတယ်” လို့ မြင်းခြံခရိုင်တပ်ရင်း (၄) ပြန်ကြားရေးတာဝန်ခံ က‌ ဆိုပါတယ်။

    ဒီဇင်ဘာ (၂၃) ရက် မနက်ပိုင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မန္တလေးနဲ့ မိတ္ထီလာကြား၊ မိုင်တိုင်အမှတ် ၃၁၈ ဝန်းကျင်မှာ နွားထိုးကြီး PDF တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၄) နဲ့ အမှတ် (၁၀) တပ်ရင်းတွေက ခရီးသွားကားတွေကို စစ်ဆေး၊သတိပေးတာတွေ လုပ်ခဲ့ပါတယ်။

    အဲဒီနေ့ညနေပိုင်းမှာပဲ ရန်ကုန်-မန္တလေးအမြန်လမ်းနဲ့ ၁၀ မိုင်ဝန်းကျင်အကွာ ဒေါင်းဘိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ပါတယ်။

    ဒေါင်းဘိုရွာကို ဗုံးကြဲခံပြီးတဲ့နောက် ‌အမြန်လမ်းကတဆင့် နွားထိုးကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက မြေပြင်စစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။

    မနေ့ကတော့ ဒေါင်းဘိုရွာအနီးတဝိုက်ကို စစ်ကြောင်းထိုးခဲ့ပြီး အဲဒီစစ်ကောင်စီတပ်တွေ ရှေ့ဆက်သွားမယ့် လမ်းကြောမှာရှိနေတဲ့ မြိုင်သာရွာကို မနေ့ညနေက ဗုံးကြဲခဲ့တာလို့ PDF တွေက ပြောပါတယ်။

    ဒီနေ့မနက်ပိုင်းအထိ မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပါသလို စစ်ကောင်စီတပ်ကလည်း အမြန်လမ်းပိုင်းအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့မနက်အထိ တစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။

    နွားထိုးကြီးမြို့နယ်ထဲမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစပြီးနောက်ပိုင်း တစ်ပတ်ကို ၃ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ားထိုးကြီး PDF ပြန်ကြားရေးတာဝန်ခံက ‌ဒီဇင်ဘာ ၂၄ ရက်က ပြောထားပါတယ်။

  7. နိုင်ငံတဝန်းမြို့ပေါင်း (၉၀) ထက်မနည်း လွတ်မြောက်နယ်မြေလို့ NUG ယာယီသမ္မတပြော

    ယာယီသမ္မတ ဒူဝါလရှီးလ

    ဓာတ်ပုံ ရင်းမြစ်, NUG

    ဓာတ်ပုံ ပုံစာ, ယာယီသမ္မတ ဒူဝါလရှီးလ

    နိုင်ငံတဝန်းမြို့ပေါင်း (၉၀) ထက်မနည်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ခရစ္စမတ်နေ့ ဆုတောင်းစကားမှာထည့်ပြောပါတယ်။

    စစ်တပ်ကြောင့် ကလေးသူငယ်တွေနဲ့ မိခင်တွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုများနဲ့ မိမိရဲ့ နေရပ်တွေကို စွန့်ခွါပြီး ခရစ္စမတ်အချိန်အခါသမယကို ဖြတ်သန်းနေရတယ်လို့လည်း သူက‌ ပြောပါတယ်။

    '' ချစ်မြတ်နိုးရတဲ့ ပြည်သူလူထုအပေါင်း ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေအပေါ် အင်မတန်မှ စိတ်ထိခိုက်ရပါတယ်'' လို့ ယာယီသမ္မတကပြောပါတယ်။

    တော်လှန်ရေးကာလ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို လူထုက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရတယ်လို့ သူကဆိုပါတယ်။

    ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့တယ်လို့ပြောပြီး ကိုးကန့်တပ်သိမ်းထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့အေအေ သိမ်းထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေကို စစ်တပ်လက်လွှတ်ခဲ့ရတာကို ယာယီသမ္မတက ပမာပြုပြောထားပါတယ်။

    ဘီဘီစီ ကမ္ဘာတလွှားဌာနရဲ့ စုံစမ်းဖော်ထုတ်မှုအရ နယ်မြေတွေကို ဘယ်ဘက်က ဘယ်သူတွေထိန်းချုပ်ထားနိုင်ပြီလဲဆိုတဲ့ အခြေအနေကို ရွာပေါင်း ၁၄,၀၀၀ ကျော်မှာ ဘီဘီစီက အခုနှစ် နိုဝင်ဘာလအထိ လေ့လာသုတေသန လုပ်ခဲ့ပါတယ်။

    အဲဒီကနေ ပဋိပက္ခ စချိန်ကနေ လေးနှစ်နီးပါးအကြာမှာ စစ်တပ်ဟာ နိုင်ငံရဲ့ နယ်မြေ ၂၁ ရာခိုင်နှုန်းပဲ အပြည့်အဝ ထိန်းချုပ်နိုင်တော့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    ဒီလေ့လာ ဖော်ထုတ်မှုအရ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ အခုအခါ နယ်မြေ ၄၂ ရာခိုင်နှုန်း ထိန်းချုပ်ထားတာကို ဖော်ထုတ်တွေ့ရှိရပါတယ်။ ကျန်နေရာအများစုကတော့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

  8. လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေပိုဆိုးလာမယ်လို့ MSF ပြော

    လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေပိုဆိုးလာမယ်လို့ MSF ပြော

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ကော့ဘဇားဒုက္ခသည်စခန်းမြင်ကွင်း

    မြန်မာ - ဘင်္ဂလာဒေ့ရှ်နယ်စပ်နဲ့ ကပ်နေတဲ့ ရခိုင်စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒုက္ခသည်စခန်းကို ရိုဟင်ဂျာထောင်နဲ့ချီ ထပ်မံရောက်ရှိလာပြီး လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာတွေရဲ့အခြေအနေပိုဆိုးလာမယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းညှိနှိုင်းရေးမှူးဟောင်း စတီဖနီဟော့မန်း က ပြောပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင် နဲ့ မောင်တောမြို့တို့မှာ နေအိမ်တွေမီးရှို့ခံရတာ၊ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကို ထပ်တိုးခိုလှုံ‌နေကြတယ်လို့ ဆိုပါတယ်။

    ကော့ဘဇားဒုက္ခသည်စခန်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ စတီဖနီဟော့မန်းရဲ့ အပြောအရတော့ စစ်ကောင်စီ တပ်ရော အာရက္ခတပ်တော် (အေအေ) တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေက အဓိကပစ်မှတ်ထား ခံနေရပြီး အဲဒီဒေသတွေက အခြားလူမျိုးတွေလည်း အလားတူအခက်အခဲတွေရင်ဆိုင်နေရပါတယ်။

    မောင်တောမြို့ကို အေအေကို ထိုးစစ်အရှိန်မြှင့်ခဲ့တဲ့ သြဂုတ်လကစလို့ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်ခိုလှုံလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် တိုးလာတာလည်းဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး Md. Touhid Hossain က ရခိုင်ဘက်က တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၂ လကစပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာအယောက် ၆၀,၀၀၀ (ခြောက်သောင်းကျော်) ထပ်မံဝင်ရောက်လာခဲ့တယ်လို့ပြောထားပါတယ်။

    ၂၀၁၇ ခုနှစ်ကတည်းက ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော် ကော့ဘဇားမှာလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ထပ်တိုးလာမယ့် ရိုဟင်ဂျာတွေကို ဆက်ပြီးလက်မခံတော့ဘူးလို့ ပြောဆိုထားတာပါ။

    အေအေဟာ မြန်မာ - ဘင်္ဂလာဒေ့ရှ်နယ်စပ်နဲ့ ကပ်နေတဲ့ ဘူးသီးတောင်မြို့ကို ပြီးခဲ့တဲ့မေလကတည်းက သိမ်းပိုက်ထားပြီး မောင်တောမြို့ကို တော့ လနဲ့ချီတိုက်ခိုက်အပြီး အခုဒီဇင်ဘာပထမအပတ်မှာသိမ်းယူခဲ့တာပါ။

    အဲဒီဒေသက နှစ်ဖက်တိုက်ပွဲတွေအတွင်း လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုး ရှိ မရှိ ဆန်းစစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ က ကြေညာထားပါတယ်။

  9. မြန်မာရေတပ်မှာ အရွယ်အစားအကြီးဆုံးဖြစ်လာတဲ့ ''သာလွန်မင်း''စစ်ရေယာဥ်ကို စစ်တပ်ထုတ်ပြ

    “သာလွန်မင်း” အမည်နဲ့ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, “သာလွန်မင်း” အမည်နဲ့ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်

    “သာလွန်မင်း” အမည်နဲ့ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ် ကို ၇၇ နှစ်မြောက် ရေတပ်နှစ်ပတ်လည်‌နေ့မှာ စစ်တပ်က ထုတ်ပြပြီး အမည်ပေးတာနဲ့ ရေချအခမ်းအနားလုပ်ခဲ့ပါတယ်။

    အဲဒီရေတပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ပါတယ်။

    နိုင်ငံရဲ့ ပြည်တွင်းရန်ကိုနှိမ်နင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့တဲ့ သာလွန်မင်းတရားကြီးကို ဂုဏ်ပြုပြီး အမည်ပေးတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

    သာလွန်မင်းဖရီးဂိတ်ရေယာဥ်ကို ၂၀၁၇ ခုနှစ်၊ မတ်လက ရေတပ် သင်္ဘောကျင်းဌာနချုပ်မှာ စတင်တည်ဆောက်ခဲ့တာလို့ဆိုပါတယ်။ ရေယာဉ်ကိုယ်ထည်ကြီးမားတဲ့အတွက် ကိုယ်ထည်တွေ ခွဲခြားတည်ဆောက်ခဲ့ကာ ရေယာဉ်ကိုယ်ထည်ကြီးအဖြစ် တွဲဆက်တည်ဆောက်ခဲ့သလို မြန်မာစစ်တပ်ရဲ့ ရေတပ်က တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ်တွေထဲမှာ အရွယ်အစားအကြီးမားဆုံးလို့ စစ်တပ်ကပြောပါတယ်။

    ခေတ်မီစစ်ရေယာဉ် တစ်စီးရဲ့ လိုအပ်ချက်နဲ့ အညီ ကိုယ်ထည်ပိုင်း၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ လက်နက် နဲ့ လက်နက်စနစ်ပိုင်းတို့ကို ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

    ရေယာဉ် ဟာ အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီကို ရေမိုင် ၃၀ အထိမောင်းနှင်နိုင်မယ်လို့ဆိုပါတယ်။

    ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ဟာ ၂၁ ရာစု ရေတပ်ရဲ့ ရည်မှန်းချက်တာဝန်တွေနဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်မယ့် စစ်ရေယာဉ် ကြီးလို့ စစ်တပ်က ဖော်ညွှန်းနေပါတယ်။

    တဖက်မှာလည်း အာရက္ခတပ်တော် အေအေနဲ့ ရခိုင်လို ကမ်းရိုးတန်းဒေသကတိုက်ပွဲတွေမှာ မြန်မာရေတပ်ရဲ့ စွမ်းဆောင်ရည်အပေါ် စစ်တပ်ထောက်ခံသူတချို့က မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

  10. ၂၀၂၄ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်း‌တွေကို ဘီဘီစီက တင်ဆက်ပေးမှာဖြစ်ပါတယ်။