ဝန်ကြီးချုပ်ကတော် ပေးတဲ့ စာပေဆုနဲ့ အမျိုးသားစာပေဆုရသမ္မတ

burma

ဓာတ်ပုံ ရင်းမြစ်, Education Images

ဓာတ်ပုံ ပုံစာ, ပိဋကတ်ကျောက်စာချပ်တွေကို ကျောက်စာရေးထိုး
  • ရေးသားသူ, ဘိုဘို
  • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာစာပေမှာ ပုံနှိပ်နည်းပညာကျေးဇူးကြောင့် ၁၉ ရာစုနှောင်းပိုင်းမှာ အပျော်ဖတ်နဲ့ ဘာသာရေးစာပေတွေ ထွန်းကားလာပြီး စာဖတ်သူ ဦးရေကလည်း ကျေးလက်မြို့ပြအနှံ့ တိုးပွားလာပါတယ်။ ဘုန်းကြီး ကျောင်းနဲ့ နန်းတော်ထဲမှာသာ ကိန်းအောင်းနေတဲ့ ရှေးဟောင်းစာပေတွေဟာ အဖိုးနှုန်းချိုချိုနဲ့ အရပ်သားတွေလက်ထဲ ရောက်လာပြီး ဒီစာတွေကို ဖတ်ရှုလေ့လာရာကနေ မြန်မာယဉ်ကျေးမှုနဲ့ ဘာသာရေးစံတွေကို လေးစား လိုက်နာမှုတွေ တိုးလာပါတယ်။ ၁၈၈၅ မှာ နိုင်ငံ ဗြိတိသျှအောက် ကျခဲ့ပေမယ့် စာပေနဲ့ ရာဇဝင်လေ့လာမှု တိုးလာတဲ့အတွက် ဘာသာရေး၊ ပညာရေးနဲ့ လူမှုရေး လှုပ်ရှားမှုတွေကနေ နိုင်ငံရေးကို ဦးတည်တဲ့ လှုပ်ရှားမှုတွေ ပေါ်လာခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Print Collector

ဓာတ်ပုံ ပုံစာ, ဘုရင့်နိုင်ငံဟောင်းကို တမ်းတတဲ့စာတွေပေါများ

စာဆိုတော် နိုင်ငံရေး

မြန်မာပြည် နိုင်ငံရေးကို ဘုန်းကြီး၊ နိုင်ငံရေးသမား၊ ကျောင်းသားနဲ့ စာရေးဆရာတွေ ခေါင်းဆောင်တယ်ဆိုပြီး ပညာရှင်တွေ ပြောစမှတ်ရှိတဲ့အတိုင်း တက်ကြွတဲ့ အမျိုးသားရေးလှုပ်ရှားမှုကို စာပေ၊ ဘာသာရေးနဲ့ နိုင်ငံရေး စိတ်သန်တဲ့ လူအုပ်စုတွေက ခေါင်းဆောင်ခဲ့ကြပါတယ်။ ဒါကြောင့် စာပေနဲ့ နိုင်ငံရေး ပူးတွဲဆောင်ရွက်တဲ့ ပညာရှင်တွေကို သခင်ကိုယ်တော်မှိုင်းတို့ခေတ်ကတည်းက တွေ့ရပြီး ဘုရင်ခေတ်က နန်းတွင်းပညာရှိ မှူးမတ်ကြီးတွေပုံစံ ပညာရှင် နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ တခြားဘက်မှာလည်း မအေးမိရဲ့ စာဆိုတော် သီချင်းထဲကလိုပဲ မြန်မာဘုရင်ရှိရင် ဘုန်းတော်ဘွဲ့တွေရေးပြီး ရွာစားမြို့စားချီးမြှင့်ခံရမယ် ဆိုတဲ့ တွေးခေါ်မှုကလည်း အစဉ်အလာ ဘုန်းကြီးကျောင်းထွက် မြန်မာစာရေးဆရာတွေရော အနောက်တိုင်းပညာရေးကို ရရှိခဲ့တဲ့ ခေတ်ပညာတတ်စာဆိုတွေကြားမှာပါ အသွင်တမျိုးစီနဲ့ စိမ့်ဝင်နေခဲ့ပါတယ်။ ဘုရင်ကို မျှော်တဲ့ ကိုယ်တော်မှိုင်းနဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီး တို့လို လက်ဟောင်းစာရေးဆရာကြီးတွေရော ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ နိုင်ငံခြား ပညာတတ် စာဆိုတွေပါ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ လွတ်လပ်ရေးရရင် ကိုယ့်အစိုးရ၊ ကိုယ့်လူမျိုးချင်းအောက်မှာ ကိုယ့်စာပေ ပိုမိုကြီးပွားတိုးတက်မယ် ဆိုတဲ့ အမြင်တွေ ရှိခဲ့ကြပါတယ်။

burma
ဓာတ်ပုံ ပုံစာ, စစ်ပြီးခေတ် စာရေးဆရာ ခေါင်းဆောင် နှစ်ယောက်

နောက်ဆုံး မြန်မာဘုရင်ခေတ်က ဝန်ကြီးချုပ် ကင်းဝန်မင်းကြီး၊ ဗြိတိသျှခေတ်က နန်းရင်းဝန် သူရိယသတင်းစာပိုင်ရှင် ဂဠုန်ဦးစော၊ လွတ်လပ်ရေးရခါနီး ဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ပြီးခေတ် ဝန်ကြီးချုပ် သခင်နု သူတို့အားလုံးရဲ့ တူညီချက်က စာပေ၊ စာနယ်ဇင်းနဲ့ ဆက်စပ်မှု ရှိတာဖြစ်သလို စာပေနဲ့ ပညာကို သုံးပြီး နိုင်ငံရေးသြဇာကြီးမားမှုရလာကြတာတွေမှာလည်း တူကြပါတယ်။ ဒါကြောင့် စစ်အစိုးရခေတ် အဆက်ဆက် ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေမှာလည်း စာပေဘက်က အမှုထမ်းကြမယ့် ဘက်တော်သားတွေ ရှိကြသလို စာပေသြဇာနဲ့ နိုင်ငံရေးထူထောင်မှုတွေကိုလည်း တွေ့ခဲ့ရ ပါတယ်။ အာဏာအသိမ်းခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူကိုယ်တိုင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ စာရေးဆရာဖြစ်လို့ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာသမားတွေနဲ့ ရင်းနှီးနီးစပ်မှု ပိုများသလို သူ့ဖခင် အရှိန်အဝါအရ စာပေနိုင်ငံရေး မိသားစုဝင်အဖြစ် သြဇာညောင်းပြီးဖြစ်ပါတယ်။

ဖျင်ထပ်သဘင်

စာဆိုတော်နေ့ ကျင်းပတာနဲ့ စာပေဆုပေးတာတွေဟာ တကယ်က ပဒေသရာဇ်ခေတ်က နတ်တော်လမှာ ကျင်းပတဲ့ ဖျင်ထပ်ပွဲမှာ မင်းမှုထမ်းတွေကို ဘွဲ့မည်ရည် ချီးမြှင့်တဲ့ အလေ့အထကနေ လာတာပါ။ ရှေးဟောင်းစာပေတွေ နှံ့စပ်တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်က ဒီအလေ့အထကို ပြန်ဆန်းသစ်ပြီး စာဆိုတော်နေ့ သတ်မှတ်ဖို့ ဂျပန်ခေတ် ၁၉၄၄ မှာ အဆိုပြုခဲ့ရာကနေ စာပေအတွက် နေ့တနေ့ ပေါ်ထွန်းလာခဲ့ပါတယ်။ အစပိုင်းမှာ ပြဇာတ်ကတဲ့ ဓလေ့နဲ့ စခဲ့ပေမယ့် စစ်ပြီးခေတ်မှာ စာပေဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲတွေ လုပ်တဲ့ အလေ့အထတွေ ပေါ်ထွန်းလာခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Wikipaedia

ဓာတ်ပုံ ပုံစာ, ပြည်လမ်းက မူလစာပေဗိမာန်အဆောက်အအုံ

၁၉၄၇ မြန်မာပြည် လွတ်လပ်ရေး မရခင် လပိုင်းမှာပဲ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ဝန်ကြီးချုပ် ဦးနုက ထူထောင်ပြီး စာပေဗိမာန်ကြီး တခု ဖြစ်လာအောင် ပျိုးထောင်ခဲ့ပါတယ်။ ဒီစာပေဗိမာန် သုခမိန်အဖွဲ့ကနေ စာပေဗိမာန်တထောင်ဆု ဆိုပြီး ၁၉၄၈ အတွက် အကောင်းဆုံး ဝတ္ထုကို ငွေ တထောင် ဆုပေးရာကနေ အစိုးရအမအစနဲ့ စာပေဆု ပေးတဲ့ အစဉ်အလာ ဖြစ်လာခဲ့ပါတယ်။ အရင်က မြန်မာပြည်မှာ ဝေလမင်းသားဆု၊ သစ္စာဝါဒီဆု၊ ဂရိတ်တား အေးရှားဆု စတဲ့ စာပေဆုတွေ ရှိခဲ့ပေမယ့် အစိုးရအထောက်အပံ့နဲ့ နှစ်စဉ်သတ်မှတ်ချီးမြှင့်တာ မရှိခဲ့ပါဘူး။ ဒါကြောင့် မိုးအောက်မြေပြင် ဝတ္ထုနဲ့ စာပေဗိမာန်ဆုကို ပထမဆုံး ရခဲ့တဲ့ စာရေးဆရာ မင်းအောင်ဟာ သီပေါမင်းခေတ်အလွန်မှာ ပထမဆုံး အစိုးရဆုတော်ငွေရတဲ့ စာဆိုတော် ဖြစ်လာပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဆုနဲ့လွဲတဲ့ဝတ္ထု

စာပေဆု အငြင်းပွားမှုများ

နိုင်ငံရေး မုန်တိုင်းထန်တဲ့ ပြည်တွင်းစစ်အစကာလမှာ စတင်ခဲ့တဲ့ စာပေဗိမာန်ဆုဟာ ဒုတိယနှစ်မှာ မပေးနိုင်ဘဲ ရပ်နားခဲ့ရပါတယ်။ အဆင့်မီတဲ့ ဝတ္ထု တပုဒ် ရှိပေမယ့် ပါတီသံယောဇဉ်ကိုငဲ့ပြီး အငြိအစွန်းမကင်းလို့ အငြင်းပွားမှုဖြစ်ပေါ်စေတတ်ခြင်းကို ရှောင်ရမယ်ဆိုတဲ့ အသင်းရည်ရွယ်ချက်နဲ့ ဆန့်ကျင် နေတယ်၊ ဒါကြောင့် မရွေးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပြီး မြန်မာ့စွယ်စုံကျမ်းမှာ အကြောင်းပြပါတယ်။ ၁၉၄၉ အတွက် ပေးဖို့ စဉ်းစားခဲ့တဲ့ သိန်းဖေမြင့်ရဲ့ လမ်းစပေါ်ပြီ ဝတ္ထုဟာ ပြည်တွင်းစစ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကို လိုက်ဖို့ ကျေးလက်နောက်ခံဇာတ်လမ်းဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ သူ့ရှေ့က ထွက်တဲ့ မိုးအောက်မြေပြင်ဟာလည်း ကျေးလက်လယ်သမားဖွဲ့ဝတ္ထုဖြစ်တဲ့အတွက် လွတ်လပ်စနှစ်တွေမှာ အရေးကြီးတဲ့ လယ်ယာနဲ့ လယ်သမား လူတန်းစားကို အခြေခံတဲ့ ဝတ္ထုတွေကို စာသုခမိန်တွေ မျက်စိကျခဲ့ပုံ ရပါတယ်။

သိန်းဖေမြင့်ရဲ့ လမ်းစပေါ်ပြီမှာ စစ်ပြီးစက ဖျာပုံမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော်တွေ ညီညွတ်ပြီး စုပေါင်းလယ်ထွန်ပွဲကျင်းပတဲ့အကြောင်း ဇာတ်လမ်းဆင်တာ ဖြစ်လို့ အုပ်စုတွေကွဲပြီး သတ်ပွဲဆင်နေတဲ့ ၁၉၄၉ အခြေအနေနဲ့ ဒီဆုကို မပေးနိုင်အောင် နိုင်ငံရေးဘက်က စွက်ဖက်ခဲ့ပုံပေါ်ပါတယ်။ အာဏာရ ဆိုရှယ်လစ်တွေနဲ့ အချင်းမများချင်လို့ ဒီစာအုပ်ကို မပေးနိုင်ရကြောင်း ဦးသိန်းဖေမြင့်ဇနီး ဒေါ်ခင်ကြည်ကြည်ကို ဆုရွေးချယ်ရေးအဖွဲ့ဝင် ဇော်ဂျီက ရှင်းပြပါတယ်။ စာပေဗိမာန်ဥက္ကဋ္ဌ ဦးနုကိုလည်း ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ မလွှမ်းမိုးနိုင်ဖြစ်ရတယ်လို့လည်း ဒဂုန်တာရာက ပြောကြောင်း ဂျာမနီ ပါဆောင်း တက္ကသိုလ်ထုတ် မြန်မာစာပေစီမံကိန်း စာတမ်းစဉ်က ဘိုဘိုရဲ့ အငြင်းပွားဖွယ် စာရေးဆရာရဲ့ အငြင်းပွားဖွယ်ဝတ္ထု စာတမ်းမှာ ပါရှိပါတယ်။ ဆုမရပေမယ့် ဒီစာအုပ် ထည့်သွင်းစဉ်းစားခံရတဲ့အတွက် ဆုရွေးချယ်ရေးအဖွဲ့က သိန်းဖေမြင့် နုတ်ထွက်ခဲ့ပါတယ်။ ၁၉၄၉ အတွက် မရခဲ့တဲ့ စာပေဆုကို ၁၉၅၈ မှပဲ အရှေ့ကနေဝန်းထွက်သည့်ပမာ ဝတ္ထုရှည်ကြီးနဲ့ သူ ဆွတ်ခူးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Khin Hnin Yu

ဓာတ်ပုံ ပုံစာ, ယောက်မ ဒေါ်မြရီက ခင်နှင်းယုကို စာပေဆုနှင်း

၁၉၅၈ မှာတော့ ပထမဆုံး စာပေဗိမာန်ကဗျာဆုပေးရာမှာ နုယဉ်နဲ့ လက်ဝဲမင်းညိုကို ပေးရာမှာ နုယဉ်က ငြင်းပယ်ပါတယ်။ ကဗျာဆရာမကြီး ဒေါ်နုယဉ် ဟာ ဆုရွေးချယ်ရေးအဖွဲ့က မင်းသုဝဏ်ရဲ့ နှမ ဖြစ်ရုံမက ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကတည်းက ကဗျာရေးလာသူ ဖြစ်ပါတယ်။ ပူးတွဲရရှိတဲ့ လက်ဝဲမင်းညို ခေါ် ဦးချမ်းသာ ကတော့ ဝန်ကြီးချုပ် ဦးနုရဲ့ မိတ်ဆွေရင်း စသုံးလုံးအဖွဲ့ဥက္ကဋ္ဌဖြစ်ရုံမက မြန်မာပညာရှိနဲ့ ကုန်းဘောင်ဆက်ရာဇဝင်ဆရာ ဦးမောင်မောင် တင်ရဲ့ သမက်ဖြစ်ပါတယ်။ နုယဉ်ကဗျာများဟာ ခေတ်စမ်းပုံစံ ကျေးလက်နဲ့ မေတ္တာဖွဲ့ကဗျာတွေ ဖြစ်ပြီး လက်ဝဲမင်းညိုရဲ့ ပဒေသာရတုများ ကတော့ ရှေးဟောင်း ကဗျာပုံစံ စပ်ဆိုမှုတွေ ဖြစ်ပါတယ်။ ပဒေသာရတုများဟာ ၁၉၅၇ က ထုတ်တဲ့စာအုပ်ဖြစ်ပြီး အိုင်စီအက်အရာရှိကြီး ရေးတဲ့ စာအုပ်မို့ ပေးလို ဟန်ရှိတယ်ဆိုပြီး ၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီလထုတ် ရုပ်ရှင်အောင်လံမဂ္ဂဇင်းပါ ပညတ်နှင့်ပရမတ် ဆောင်းပါးမှာ နုယဉ်က ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ, ဆုကိုငြင်းတဲ့ ဗန်းမော်တင်အောင်

အဲဒီနောက် ၁၉၆ဝ မှာ ဗန်းမော်တင်အောင်ရဲ့ မမကြီးနဲ့ အောင်လင်းရဲ့ အရိုင်းစပယ်တို့ကို ပူးတွဲဝတ္ထုရှည်ဆုပေးရာမှာ ဗန်းမော်တင်အောင်က ငြင်းပယ် ပါတယ်။ ဗန်းမော်တင်အောင်က ဗကပဘက်လိုက်ပြီး အောင်လင်းက အလံနီကွန်မြူနစ်အနွယ်မို့ အတူဆုမယူတာလို့ ယူဆကြသလို အောင်လင်းဝတ္ထု မူရင်းက အမေရိကန်ရုပ်ရှင်ကို မှီးလို့ ဆုပေးတဲ့မူနဲ့ မကိုက်လို့ ဗန်းမော်တင်အောင် ငြင်းပယ်တာလို့လည်း တွက်ဆကြပါတယ်။ ဒီဆုဟာ လွတ်လပ်ရေး ရပြီးနောက် ထောင်သက်အရှည်ဆုံး စာရေးဆရာဖြစ်ခဲ့တဲ့ ဗန်းမော်တင်အောင်အတွက် တခုတည်းသော အစိုးရစာပေဆုလည်း ဖြစ်ပါတယ်။ ဝတ္ထု ဇာတ်ကွက်ကလည်း သူရေးနေကျ နိုင်ငံရေးနဲ့ တော်လှန်ရေးနောက်ခံမဟုတ်ဘဲ သာမန်အချစ်နဲ့ မေတ္တာဖွဲ့သာ ဖြစ်ကာ နာမည်ထင်ရှားမှုလည်း မရှိလှ ပါဘူး။ နောက် စာရေးဆရာအသင်းကို အလံနီအနွယ်တွေနဲ့ လက်ဝဲမဟုတ်သူတွေ အုပ်စီးထားတာကို မကြိုက်လို့ ဗကပဘက်သားတွေက စာပေ ကလပ်ဆိုပြီး ၁၉၆၁ မှာ အဖွဲ့ခွဲ ထောင်ရာမှာ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ဂျာနယ်ကျော်မမလေးတို့ ပါကြောင်း စာပေစာနယ်ဇင်းဘဝ ကြုံရသမျှမှာ တက္ကသိုလ်မြတ်သူက ရေးပါတယ်။

၁၉၆၂ နောက်ပိုင်းမှာတော့ နိုင်ငံရေးပြောင်းသွားတဲ့အတွက် အစိုးရနဲ့ မသင့်မြတ်သူတွေကို စာပေဆုပေးတာ မရှိသလောက် ဖြစ်သွားပြီး စာပေဗိမာန် ကလည်း အစိုးရအုပ်ချုပ်မှုအောက်ကို လုံးလုံးရောက်သွားပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thierry FALISE/Gamma-Rapho

ဓာတ်ပုံ ပုံစာ, အာဏာပျော့ကိုသုံးတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်

စစ်ဆိုရှယ်လစ်နဲ စစ်မျိုးချစ်စာပေ

စာပေဗိမာန်ဆု၊ အနုပညာဆိုင်ရာ စာပေဆု၊ အမျိုးသားစာပေဆု ဆိုပြီး ပြောင်းလဲလာတဲ့ အစိုးရစာပေဆုတွေဟာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်တွေမှာ စာပေတန်ဖိုးထက် အစိုးရအလိုကို လိုက်တဲ့ဆုတွေ ပိုဆန်လာပါတယ်။ မဆလခေတ်မှာ တပါတီစနစ်ကို သွားနေချိန်ဖြစ်လို့ အရှေ့ အုပ်စုနိုင်ငံတွေ မှာလည်း ဝါဒဖြန့်စာပေတွေကို ပိုမြှောက်စားတဲ့သဘော ဖြစ်ပါတယ်။ နဝတခေတ်မှာတော့ အမျိုးသားရေးကို စန်းတင်ချိန်ဖြစ်လို့ မျိုးချစ် စာပေနဲ့ အနောက်ဆန့်ကျင်ရေးစာပေတွေ နေရာရခဲ့ပါတယ်။

စာပေဗိမာန်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဌာနနဲ့ နိုင်ငံပိုင် စာနယ်ဇင်းတွေမှာ စစ်အရာရှိတွေ ကြီးစိုးလာချိန် ဖြစ်လို့ စစ်ဝါဒဖြန့်စာပေတွေနဲ့ စစ်နွယ် စာရေး ဆရာတွေကို ဆုပေးရေးအဖွဲ့က ပိုလက်တွေ့လာပါတယ်။ ဒါကြောင့် ၁၉၆၉ မှာ မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်နဲ့ တရားရေး ဝန်ကြီး ဒေါက်တာမောင်မောင် နိုင်ငံရေးဆိုင်ရာ အမျိုးသားစာပေဆု ရပါတယ်။ ၁၉၈၈ မှာ သမ္မတထိ ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်ဟာ သက်ရှိရာဇဝင်ဆိုပြီး ၁၉၅၆ က အာဏာရ ဖဆပလခေါင်းဆောင်တွေရဲ့ ရုပ်ပုံလွှာစာတွေကိုလည်း ရေးဖွဲ့ခဲ့ဖူးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ, ထောင်စာအုပ်နဲ့ ထောင်ဆုရ

ရှားရှားပါးပါးအနေနဲ့ လွတ်လပ်ပြီးခေတ်အဆက်ဆက် အတိုက်အခံသဖွယ် ရပ်တည်ခဲ့တဲ့ လူထုသတင်းစာက အယ်ဒီတာ ဒေါ်အမာကို ၁၉၆၄ မှာ ပြည်သူ ချစ်သောအနုပညာသည်များ စာအုပ်နဲ့ အနုပညာဆိုင်ရာ စာပေဆုပေးပါတယ်။ ဒီဆုဟာလည်း ဒေါ်အမာအတွက် တခုတည်းသော အစိုးရစာပေဆု ဖြစ်သလို ဆုရတဲ့ စာအုပ်ကလည်း သူ့ရဲ့ အကောင်းဆုံးလက်ရာ တအုပ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ သူ့ခင်ပွန်း လူထုဦးလှကတော့ ဖဆပလခေတ်မှာ သုံးနှစ် အထိန်းသိမ်းခံရပြီးနောက် ၁၉၅၇ မှာ ထောင်နှင့်လူသား စာအုပ်နဲ့ စာပေဗိမာန်ဆု ရသလို ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာလည်း ရခိုင်ကျေးလက် ပုံပြင် များနဲ့ ၁၉၆၃ မှာ စာပေဆု ရခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN

ဓာတ်ပုံ ပုံစာ, စာပေပွဲတော်လာ ဒေါက်တာသော်ကောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

အရပ်သားအစိုးရခေတ် ဆုများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ဒုတိယအကြိမ် ပြည်လုံးကျွတ် ရွေးကောက်ပွဲနိုင်ပြီးနောက် ၂ဝ၁၆ နောက်ပိုင်းမှာ ပေးတဲ့ စာပေဆုတွေ ပြောင်းလဲ လာပါတယ်။ စစ်ဗိုလ်စာရေးဆရာတွေရဲ့ လက်ရာတွေနဲ့ စာပေဗိမာန်ထုတ် လူသိနည်းတဲ့ စာအုပ်တွေကို ဆုတွေ ဆယ်စုနှစ်တွေနဲ့ချီ ပေးခဲ့လို့ ပြင်ပစာဖတ် ပရိသတ်တွေ စိတ်ဝင်စားမှု မရခဲ့တဲ့ စာပေဆုတွေကို စစ်အစိုးရဟောင်းနဲ့ မနီးစပ်တဲ့ စာပေသမားအများစုနဲ့ စိစစ်ရွေးချယ်တဲ့ စနစ်ပြောင်းလဲ ခဲ့ပါတယ်။ အဲဒီနောက် လူကြိုက်များ ထင်ရှားတဲ့ စစ်အစိုးရဆန့်ကျင်သူတွေရဲ့ စာတွေ၊ စကားပြောပုံစံနဲ့ ရေးတဲ့ စာတွေကို ဆုပေးတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ထောင် ဆယ်နှစ်နီးပါး ကျခဲ့ပြီး စကားပြောပုံစံနဲ့သာ ရေးခဲ့တဲ့ ညီပုလေးရဲ့ ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက် စာအုပ် ၂ဝ၁၆ မှာ အမျိုးသားစာပေဆု ရခဲ့ပါတယ်။ တောင်ပေါ်က ဆရာဝန်တယောက်ရဲ့ ဘဝကို ရေးတဲ့စာအုပ်ကို ဝတ္ထုရှည်ဆုပေးတာလည်း ဖြစ်ပါတယ်။ နောက် နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ အဝေးရောက် သတင်းစာဆရာ ကျော်စွာမိုးရဲ့ The Cell, Exile, and the New Burma: A Political Education amid the Unfinished Journey toward Democracy ကလည်း ၂ဝ၁၈ မှာ အင်္ဂလိပ်ဘာသာ (သုတ)ဆုရခဲ့ပါတယ်။

စစ်ကောင်စီခေတ် စာပေဆု

၂ဝ၂ဝ အတွက် ပေးတဲ့စာပေဆုတွေကို စစ်ကောင်စီဘက်က ထုတ်ပြန်ချိန်မှာ လူမှုကွန်ရက်တွေမှာ ရိုက်ခတ်ခဲ့ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌက တစ်သက်တာစာပေဆုတွေ ရခဲ့လို့ ဖြစ်ပါတယ်။ နောက်ပြီး စစ်ကောင်စီပေးတဲ့ဆုကို ယူသင့်မယူသင့်လည်း အငြင်းပွားခဲ့ကြပါတယ်။ ဒီပြဿနာကလည်း ၁၉၈၈ အရေးအခင်းအပြီး ၁၉၈၉ မှာ စစ်အစိုးရပေးတဲ့ ဘာသာပြန်စာပေဆုကို ခန်းဆောင်နီအိပ်မက် တရုတ်ဝတ္ထုဘာသာပြန်နဲ့ ယူတဲ့ မြသန်းတင့်ကို စာရေးဆရာ မင်းလူ ဝေဖန်တာနဲ့ တူနေပါတယ်။ ခန်းဆောင်နီအိပ်မက်ဟာ မြသန်းတင့်ရဲ့ အားထုတ်ပြန်ဆိုမှုကြီး တခု ဖြစ်ပေမယ့် ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းပြီး တက်လာတဲ့ အစိုးရက ပေးတဲ့ စာပေဆုဖြစ်လို့ အတိုက်အခံဘက်က မနှစ်ခြိုက်ပါဘူး။ ဒါကြောင့်

ရေးဘော်ရေးဘက်တွေ ကြမ်းပိုးကိုက်လို့ အိပ်မပျော်တဲ့အချိန်မှာ

ခန်းဆောင်နီထဲမှာ ပန်းရောင်အိပ်မက်မက်တဲ့သူ

လူတကာ ထောင်ဆုရတဲ့အချိန်မှာ သောင်းဆုယူမယ့်သူ

အရိုးတောင်ကိုကျော်၍ သွေးပင်လယ်ကိုဖြတ်မည်တဲ့လား ဆိုပြီး ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာနဲ့ မင်းလူက သရော်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN

ဓာတ်ပုံ ပုံစာ, ပြုံး၍လည်းကန်တော့ခံပါနဲ့ နုနုရည် (အင်းဝ)

ဆုအားနည်းချက်များ

မြန်မာအစိုးရစာပေဆုပေးစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေက ပထမဆုံးဆုမှာကတည်းက ရှိခဲ့ပါတယ်။ မိုးအောက်မြေပြင်ဝေဖန်ချက်ကို ရွှေဥဒေါင်း၊ ဒဂုန်တာရာတို့ ရေးခဲ့သလို ၁၉၅၉ က စပြီး တင်မိုး၊ ကြည်အောင်၊ ဘုတလင်ချစ်လေး၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝဂုဏ်ရည်) စတဲ့ အထက်ပိုင်းက စာရေးဆရာ လူငယ် တွေကို ကဗျာဆုတွေ ပေးခဲ့တဲအတွက် ဆုပေးရာမှာ ပါတဲ့ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကို ရန်ကုန်ဘက်က ကဗျာဆရာတချို့က ဆန့်ကျင် ရေးခဲ့တာတွေ ရှိပါတယ်။

စာပေဝေဖန်ရေးကို စိုက်လိုက်မတ်တတ်ရေးခဲ့တဲ့ စာရေးဆရာတက်တိုးကတော့ ဆုရွေးချယ်မှုအမှားအယွင်းတွေကို စာပေဗိမာန်ဆုပြဿနာဆိုပြီး ၁၉၆ဝ ကျော်ကပဲ ထောက်ပြခဲ့ပါတယ်။ စာပေဆုပေးရာမှာ ဆုပေးမူ ခိုင်မာပြတ်သားစွာ မရှိခြင်း၊ ရွေးချယ်ပုံစနစ်မကောင်းခြင်းနဲ့ ဆုကော်မတီရဲ့ပျော့ညံ့မှု ဆိုပြီး ချို့ယွင်းချက်တွေ ရှိကြောင်း တက်တိုးက ဆိုပါတယ်။ အနှစ် ၆ဝ ကျော်အကြာမှာတော့ ဒီထက်ဆိုးရွားတဲ့ အမှားအယွင်းတွေနဲ့ အမျိုးသားစာပေဆုတွေ နိမ့်ကျခဲ့ရပါတယ်။

ဒီဆုဟာ ပြည်ထောင်စုနိုင်ငံတခုမှာ ပေးတဲ့ဆုဖြစ်ပေမယ့် မြန်မာစာနဲ့ ရေးတဲ့စာအုပ်တွေကို အနှစ် ၇ဝ ကျော် ပေးခဲ့သလို လူမျိုးစုစာပေတွေကို ထည့်သွင်း စဉ်းစားတာ မရှိခဲ့ပါဘူး။ နောက် မြန်မာအမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာကိုအားပေးတဲ့ စာပေတွေကို ရွေးချယ်တာများပြီး ခရစ်ယာန်၊ အစ္စလာမ်စတဲ့ ဘာသာတွေအကြောင်း ရေးတဲ့စာတွေကို လျစ်လျူရှုခဲ့ပါတယ်။ အဆိုးဆုံးကတော့ မောင်မောင်စိုးရဲ့ မြောက်ဦးစစ်တမ်းလို ရိုဟင်ဂျာတွေအပေါ် ခွဲခြား ပုတ်ခတ်တဲ့ စာအုပ်ကို ၂ဝ၁၇ က ဆုပေးခဲ့တာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရန်ကုန် လမ်းဘေးတက္ကသိုလ်

တခါ ဝတ္ထုရှည်ဆုတွေဟာ အဓိကဆုကြီးတွေ ဖြစ်ပေမယ့် စာရေးဆရာရဲ့ အကောင်းဆုံးလက်ရာကို မပေးနိုင်တာတွေ ကြုံခဲ့ရပါတယ်။ ဒါကြောင့် မြသန်း တင့်ဟာ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်နဲ့ ဆုမရခဲ့ဘဲ ဘာသာပြန်ဆုတွေသာ ရခဲ့ပါတယ်။ နုနုရည် အင်းဝကတော့ ပြုံး၍လည်း ကန်တော့ခံပါနဲ့ ကမ္ဘာ့စာပေစင်မြင်ကို ရောက်ခဲ့ပြီး တခြားဝတ္ထုနဲ့ ပြည်တွင်းမှာ ဆုရပါတယ်။

တခါ သုတစာပေဆုပေးမှုတွေမှာ လူအများလက်ခံနိုင်တဲ့ စာပေပညာရှင်တွေရဲ့ လက်ရာတွေကို ပေးတတ်ပေမယ့် ကဗျာ၊ ကလေးစာပေ၊ လူငယ်စာပေ၊ နိုင်ငံရေး စာပေ စတဲ့ဆုတွေမှာ စာပေဗိမာန်ထုတ် လူသိနည်းတဲ့ စာအုပ်တွေနဲ့ စစ်သည်စာဆိုတွေရဲ့ လက်ရာတွေကို တွင်တွင်ကြီးချီးမြှင့်ခဲ့တာတွေဟာ နဝတ၊ နအဖ ခေတ်မှာ ပေါများခဲ့ပါတယ်။ ဒါကြောင့် ၁၉၈၁ ကနေ ၂ဝဝ၆ အတွင်း ကဗျာဆု ခြောက်ဆုရခဲ့တဲ့ မြင်းမူမောင်နိုင်မိုးကို ပြင်ပစာပေလောကမှာ လူသိနည်းတာ ဖြစ်ပါတယ်။ လွတ်လပ်ကာရန်နဲ့စပ်တဲ့ ခေတ်ပေါ်ကဗျာပုံစံတွေ ၁၉၇ဝ ကျော်ကတည်းက ရှိခဲ့ပေမယ့် အနှစ် ၄ဝ ကျော် စာပေဆု မရခဲ့ကြဘူးလို့လည်း ဧရာဝတီ မီဒီယာက အမျိုးသားစာပေ ကဗျာဆု လာရာနှင့် လားရာ ဆောင်းပါးမှာ စာရေးဆရာမ ခင်မြဇင်က ရေးပါတယ်။ ၂ဝ၁၆ မှ ကိုရွေးရဲ့ ရန်ကုန်ကိုအလစ်မပေးနဲ့ ဒေလီယာ ကဗျာစာအုပ်က ခေတ်ပေါ်ကဗျာထဲမှာ ပထမဆုံး အမျိုးသားစာပေဆု ရခဲ့ပါတယ်။

၂ဝဝ၁ ခုနှစ်က စပေးတဲ့ တစ်သက်တာစာပေဆုတွေမှာလည်း စစ်အစိုးရတွေကို မဆန့်ကျင်တဲ့၊ နိုင်ငံရေးအားဖြင့် မတက်ကြွတဲ့ စာရေးဆရာကြီး တွေကိုသာ အာရုံစိုက်ချီးမြှင့်ခဲ့တဲ့အတွက် မင်းသုဝဏ်၊ လူထုဒေါ်အမာ စတဲ့ ဒီမိုကရေစီရေးတက်ကြွတဲ့ စာရေးဆရာတွေ မရရှိခဲ့ပါဘူး။ နောက် စာရေးဆရာ၊ စာပေပညာရှင်နဲ့ ပညာရပ်ဆိုင်ရာ စာရေးသူကြားက ကွဲပြားမှုကိုလည်း အရေးမထားတဲ့အတွက် ဘာသာရေးစာပေရေးသူ၊ စာကြည့်တိုက်ပညာရှင်၊ ဘာသာပြန်ဆရာနဲ့ သမိုင်းဆရာတွေကို တစ်သက်တာစာပေဆုတွေ ပေးတာတွေလည်း ဖြစ်ခဲ့ပါတယ်။

၁၉၆၁ က စာပေဗိမာန်ဆုရခဲ့ဖူးတဲ့ စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာဟာ အသက် ၈ဝ အရွယ်မှာ အလှဗေဒစာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့ ပေမယ့် တစ်သက်တာစာပေဆုကို မရခဲ့ပါဘူး။

burma

ဓာတ်ပုံ ရင်းမြစ်, Kyi Aye

ဓာတ်ပုံ ပုံစာ, နက်နဲတဲ့ ဝတ္ထုဆရာမ ကြည်အေး

စာပေဆုနဲ့ လွဲခဲ့သူများ

နာမည်ကြီးထင်ရှားပြီး စာပေအရည်အသွေးမြင့်ပေမယ့် စာပေဆုပေးတဲ့ စံနဲ့ ဘောင်တွေကျဉ်းမြောင်းမှုကြောင့် ဆုမရခဲ့သူတွေ အများအပြား ရှိပါတယ်။ ဒီထဲမှာ ထိပ်ဆုံးက ရှိသူတွေက စကားပြောသလို စာရေးနည်းကို စတင်ခဲ့သူထဲမှာပါတဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ဖြစ်ပါတယ်။ နောက် အင်္ဂလိပ်လိုရေးတဲ့ စာရေးဆရာမအဖြစ် မြန်မာထဲက ရှားရှားပါးပါးရှိခဲ့တဲ့ ခင်မျိုးချစ်လည်း မရခဲ့ပါဘူး။ အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့စာတွေကို အမျိုးသား စာပေဆု ပေးတာက ၂ဝ၁ဝ မှ စတာ ဖြစ်ပါတယ်။

အစောဆုံး ဖြစ်တည်မှုပဓာနဝါဒီ မြန်မာစာရေးဆရာမအဖြစ် ထင်ရှားခဲ့တဲ့ ကြည်အေးဟာလည်း နွမ်းလျအိမ်ပြန်၊ မောင် ကိုကိုနှင့် မြနန္ဒာလို နာမည် ကျော် ဝတ္ထုတွေ ရေးခဲ့ပေမယ့် တခါမှ စာပေဆု မရခဲ့ပါဘူး။ နိုင်ငံခြားမှာ နေထိုင်သူဖြစ်လို့ တစ်သက်တာစာပေဆုအတွက် ထည့်သွင်းစဉ်းစား မခံခဲ့ရဘူး လို့လည်း ကြည်မင်းက ရေးဖူးပါတယ်။

အသက်အကြီးဆုံးစာပေဆုရှင်ကတော့ ၉၁ နှစ်အရွယ် ၂ဝဝ၉ မှာ ကုန်းဘောင်ခေတ် အခွန်တော်ရေးရာ စာအုပ်နဲ့ အမျိုးသားစာပေဆုရတဲ့ မကြန်ပါ။ မကြန်ဟာ အမျိုးသားစာပေဆု ငါးဆု ရခဲ့ပြီး တစ်သက်တာစာပေဆုလည်း ရခဲ့ပါတယ်။ နောက် ၂ဝ၁၆ က ၈၇ နှစ်မှာ The Historic Bells of Yangon နဲ့ အမျိုးသားစာပေဆုရတဲ့ ဒေါက်တာ ခင်မောင်ညွန့် ၊ ၂ဝဝ၈ က ၈၆ နှစ်အရွယ်မှာ ခါကာဘိုခရီးသည်နဲ့ စာပေဆုရတဲ့ ယိမ်းနွဲ့ပါးခေါ် ဗိုလ်မှူးကြီးစောမြင့်၊ ၁၉၈၃ က ၈၅ နှစ်အရွယ်မှာ မြန်မာ့ရိုးရာ ကိန်းဂဏန်း သင်္ချာ စာအုပ်နဲ့ စာပေဆုရတဲ့ ဒဂုန်နတ်ရှင် တို့လည်း ရှိပါတယ်။

အသက်ငယ်ပိုင်းထဲမှာတော့ ၁၉၅၄ က ၂၆ နှစ်အရွယ်မှာ မင်းယုဝေဟာ ငွေတာရီနဲ့တွဲပြီး အီစွတ်ပုံပြင်များနဲ့ စာပေဗိမာန်ဆု ရခဲ့ပြီး တင်မိုးကတော့ ၂၆ နှစ်အရွယ် ၁၉၅၉ မှာ ဖန်မီးအိမ်နဲ့ ကဗျာဆု ရပါတယ်။ ၁၉၆၄ မှာ ၁၇ နှစ်အရွယ် ပျဉ်းမနားမောင်နီသင်း၊ အသက် ၂ဝ အရွယ် မောင်မျိုးမြတ်နဲ့ ၂၁ နှစ်အရွယ် ဂယက်နီ၊ ၁၉၆၆ မှာ ၂၁ နှစ်အရွယ် မောင်ဖြိုးဝေတို့ အနုပညာဆိုင်ရာစာပေ ကလေးစာပေနဲ့ ကဗျာဆုတွေ ရခဲ့ကြပါတယ်။