တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ကုလသမဂ္ဂနဲ့ ခုံနေရာများ

un

ဓာတ်ပုံ ရင်းမြစ်, Historical

ဓာတ်ပုံ ပုံစာ, ဆန်ဖရန်စ္စကိုမှာ ကုလသမဂ္ဂ ကြေညာစာတမ်း ရေးထိုး
  • ရေးသားသူ, ဘိုဘို
  • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ကုလသမဂ္ဂကို ၁၉၄၅ က ဖွဲ့ချိန်မှာ ဒုတိယကမ္ဘာစစ်ပြီးစ ကိုလိုနီစနစ် စတင်ပျက်သုဥ်းစအချိန် ဖြစ်သလို နိုင်ငံသစ်တွေ မွေးဖွားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၈ဝ ကျော်က ကမ္ဘာ့မြေပုံမှာ အထင်ကရ ကြီးစိုးခဲ့ကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် စတဲ့ ဥရောပနယ်ချဲ့ နိုင်ငံ တွေရဲ့ အင်ပါယာပိုင်နက်တွေ နေရာမှာ အမျိုးသားနိုင်ငံတွေ၊ ပြည်ထောင်စုသစ်တွေ အများအပြား ပေါ်လာပြီး ကိုလိုနီ ဖျက်သိမ်း ရေးဟာ ကုလ သမဂ္ဂရဲ့ အဓိက တာဝန်ကြီး တခု ဖြစ်လာခဲ့ပါတယ်။

ကုလသမဂ္ဂ စတင်ဖွဲ့စည်းချိန်က အဖွဲ့ဝင် ၅၁ နိုင်ငံပဲ ရှိခဲ့ရာကနေ အခု ၁၉၃ နိုင်ငံထိ တိုးပွားလာပြီ ဖြစ်သလို တကမ္ဘာလုံးနီးပါး ကုလသမဂ္ဂနဲ့ သက်ဆိုင် သလို ဖြစ်လာနေပါပြီ။ ဒါကြောင့် ကုလသမဂ္ဂလို ကမ္ဘာ့နိုင်ငံစုံ လူမျိုးစုံတို့ရဲ့ အသင်းအဖွဲ့ကြီး ရှေ့မှောက်မှာ ကိုယ့်နိုင်ငံ နေရာရဖို့နဲ့ နိုင်ငံကိုယ်စား အစိုးရ တွေ ကိုယ်စား ပြောဆိုခွင့် ရှိကြဖို့ဆိုတာကလည်း အရေးကြီးတဲ့ ကိစ္စ ဖြစ်လာနေပါတယ်။

Israel

ဓာတ်ပုံ ရင်းမြစ်, Keystone

ဓာတ်ပုံ ပုံစာ, ဥရောပက ပါလက်စတိုင်းကို ဝင်လာကြတဲ့ ဂျူးဒုက္ခသည်များ

လာခြင်းကောင်းသော မြန်မာ

မြန်မာနိုင်ငံ ၁၉၄၈ မှာ ကုလသမဂ္ဂဝင်ချိန်မှာ ကန့်ကွက်သူမရှိ ၅၅ နိုင်ငံ ထောက်ခံမဲနဲ့ ဝင်ခွင့်ရခဲ့ပေမဲ့ နိုင်ငံတိုင်း ကုလသမဂ္ဂဝင်ခွင့်ရရေးမှာ မြန်မာလို ကံကောင်းကြတာ မဟုတ်ပါဘူး။ မြန်မာနဲ့ တနှစ်တည်း လွတ်လပ်ရေး ကြေညာခဲ့တဲ့ အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်းပြဿနာကြောင့် ကုလသမဂ္ဂဝင်ခွင့် သုံးကြိမ် လျှောက်ခဲ့ရပြီး ၁၉၄၉ မှ ဝင်ခွင့်ရတာ ဖြစ်ပါတယ်။ အလားတူပဲ ကမ္ဘာစစ်အပြီးမှာ အရှေ့အနောက် ဝါဒကွဲပြားမှု တွေကြောင့် ပေါ်လာတဲ့ အရင်းရှင်နဲ့ ကွန်မြူနစ် ကမ္ဘာ့အုပ်စုကြီးနှစ်ခု စစ်အေးပြိုင်ပွဲအတွင်း နိုင်ငံတချို့ နှစ်ခြမ်းကွဲရသလို အစိတ်စိတ်ကွဲပြားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဂျာမနီ၊ ကိုရီးယား၊ ဗီယက်နမ်၊ ယီမင် စတဲ့ နှစ်ခြမ်းကွဲ နိုင်ငံတွေ ကမ္ဘာတလွှားမှာ ပေါ်လာခဲ့ကာ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ကို ရိုက်ခတ်ခဲ့ပါတယ်။

ဒီထဲက လူသိအများဆုံးက တရုတ်ပြည် ကုလသမဂ္ဂ ဝင်ခွင့် ဖြစ်ပါတယ်။ ၁၉၄၉ မှာ စစ်ရှုံးပြီး တိုင်ဝမ်ကို ဆုတ်သွားရတဲ့ တရုတ်ဖြူ အစိုးရကို အနောက် နိုင်ငံတွေက ကုလသမဂ္ဂက တရုတ်ခုံနေရာ ပေးထားခဲ့တဲ့အတွက် ၁၉၇၁ ထိ ပြည်မကြီးက ကွန်မြူနစ်အစိုးရ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် မရခဲ့ပါဘူး။ အရှေ့နဲ့ အနောက်ဂျာမနီ၊ တောင်နဲ့မြောက် ကိုရီးယားနဲ့ ယီမင်နိုင်ငံတွေကို ကုလသမဂ္ဂမှာ ဝင်ခွင့်ပေးခဲ့ပေမယ့် တရုတ်နှစ်ပြည်ထောင် လုံးက တရုတ် တပြည်တည်းဝါဒကို လက်ဆုပ်ကိုင်ထားတဲ့အတွက် ဒီလို ဝင်ခွင့်အငြင်းပွားခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြား ဝါဒရေးရာ သဘောကွဲမှုတွေ ဖြစ်လာပြီးနောက် ဗီယက်နမ်စစ်မှာ နစ်နေတဲ့ အမေရိကန်က တရုတ်နဲ့ ရင်ကြားစေ့ဖို့ ကြိုးစားတဲ့အတွက် ၁၉၇၁ မှာ ပြည်မကြီးအစိုးရ ကုလသမဂ္ဂ ဝင်ခွင့်ရတာ ဖြစ်ပါတယ်။

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆေးရုံတက်နေတဲ့ ဦးသန့်ထံ တရုတ် ကိုယ်စားလှယ်သစ် ခန့်အပ်လွှာပေး

ခမာဘုတ်ရဲ့ သူ့ချည်ခင်

တရုတ်ထက် ရှုပ်ထွေးတဲ့ ကိုယ်စားလှယ်နေရာ အငြင်းပွားမှုကိုတော့ ၁၉၇၉ မှာ ဖြစ်တဲ့ ကမ္ဘောဒီးယားခေါ် ကမ်းပူးချားကို ကိုယ်စားပြုတဲ့ အစိုးရ အငြင်း ပွားမှုမှာ ကြုံရပါတယ်။ ခမာနီ အစိုးရပြုတ်ကျပြီး ဗီယက်နမ် ရုပ်သေးအစိုးရ တက်လာသလို ခမာနီ အရင်က အာဏာလက်လွှတ်လိုက်ရတဲ့ မင်းသားကြီး သီဟာနုအစိုးရမှာလည်း အာဏာမရှိ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ တရုတ်နဲ့ အမေရိကန် သဘောတူညီချက်နဲ့ ပြုတ်ကျသွားတဲ့ ခမာနီ အစိုးရကို ကုလ သမဂ္ဂခုံမှာ ဆက်ပေးထားပါတယ်။ ၁၉၈၂ မှာတော့ ခမာနီနဲ့ သီဟာနုဘက်သားတွေ ညွန့်ပေါင်းဖွဲ့တဲ့ ပြည်ပြေးအစိုးရကို ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာ ဆက်ပေးခဲ့ပါတယ်။

နောက်ဆုံး ၁၉၉၁ ပဲရစ်ငြိမ်းချမ်းရေးသဘောတူချက်ရပြီးမှ ကုလသမဂ္ဂ အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့က ကမ္ဘောဒီးယားကို အုပ်ချုပ်ကာ ရွေးကောက်ပွဲ ကျင်းပပေးရပါတယ်။ အဲဒီနောက် ဘုရင်စနစ် ပြန်ပေါ်လာ ပေမယ့် ဗီယက်နမ်ဘက်သား ဟွန်ဆန်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ် ကနေ့ထိ အုပ်ချုပ် နေပါတယ်။

Cambodia

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, ခမာနီအစိုးရနေရာ ဖယ်ရှားရေး သီဟာနုတောင်းဆို

ကုလနဲ့ ကွန်ဖိုး

သမိုင်းတလျောက် ကုလသမဂ္ဂက နုတ်ထွက်ဖူးတဲ့ နိုင်ငံက အင်ဒိုနီးရှား ဖြစ်ပါတယ်။ ၁၉၆၃ မှာ မလေးရှားနိုင်ငံထူထောင်ပြီးနောက် ဗြိတိသျှလက်ဝေခံ နိုင်ငံ ထူထောင်တာဆိုပြီး မကျေနပ်တဲ့ အင်ဒိုနီးရှားသမ္မတ ဆိုကာနို က တရုတ်နဲ့ ဆိုဗီယက်အကူအညီနဲ့ မလေးရှားကို မကြေညာဘဲ သုံးနှစ်တိုင် စစ်ခင်း ခဲ့ပါတယ်။ ဆိုကာနိုရဲ့ စိတ်ကူးဖြစ်တဲ့ မလေးစကားပြောနယ်မြေတွေကို စုစည်းပြီး မဟာအင်ဒိုးနီးရှား၊ မဟာမလေး နိုင်ငံထူထောင်ဖို့ သိမ်းတာလို့လည်း ဆိုပါတယ်။

နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မလေးရှားကို တနေရာပေးတာကို မကျေနပ်တဲ့အတွက် ၁၉၆၅ မှာ သမ္မတဆိုကာနို အမိန့်နဲ့ နုတ်ထွက်ပြီး ကွန်ဖိုးခေါ် တက်သစ်စအင်အားစုများ ညီလာခံအဖွဲ့ကို ထူထောင်ခဲ့ ပါတယ်။ အဲဒီအဖွဲ့မှာ မြောက်ကိုရီးယား၊ တရုတ်နဲ့ မြောက်ဗီယက်နမ်တို့ပါဝင်ပြီး ဆိုဗီယက်၊ကျူးဘား၊ ယူဂိုဆလားဗီးယား၊ ယူအေအာခေါ် အီဂျစ်၊ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့တို့ လေ့လာသူအဖြစ် ပါခဲ့ကြ ပါတယ်။

၁၉၆၆ ဆိုကာနိုလက်ကနေ ဗိုလ်ချုပ်ကြီး ဆူဟာတို အာဏာသိမ်းပြီး ကုလသမဂ္ဂကို ပြန်ဝင်ကာ ကွန်ဖိုးကို ဖျက်သိမ်းခဲ့ပါတယ်။

indonesia

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, ကုလက နုတ်ထွက်ခဲ့သူ ဆိုကာနို

အသားအရောင်ခွဲခြားမှုကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆိုင်းငံ့ခံခဲ့ရတဲ့ နိုင်ငံကတော့ တောင်အာဖရိက ဖြစ်ပါတယ်။ ၁၉၇၄ ကနေ ၁၉၉၄ ထိ အနှစ် ၂ဝ ဆိုင်းငံ့ခံရပေမယ့် အထွေထွေညီလာခံ လုပ်ငန်းတွေမှာ မပါဖို့သာ ဆိုင်းငံ့တာသာ ရှိခဲ့ပြီး တရားဝင်ကြေညာချက်ထုတ်တာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ တောင်အာဖရိကကို လုံးဝထုတ်ပယ်ဖို့ စဉ်းစားစဉ်ကလည်း လုံခြုံရေးကောင်စီမှာ ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ်တို့က ကန့်ကွက်ခဲ့ ကြပါတယ်။

၁၉၈၉ မှာ အရှေ့အုပ်စုပြိုကွဲပြီးနောက် နှစ်ခြမ်းကွဲနိုင်ငံတော်တော်များများ ပြန်လည်ပေါင်းစည်းခဲ့ပေမယ့် ကိုရီးယားနှစ်နိုင်ငံကျန်နေခဲ့ပါတယ်။ သူတို့ကို လေ့လာသူ အဆင့် ၁၉၅ဝ ကျော်ကတည်းက ကုလသမဂ္ဂမှာ ပေးထားပေမယ့် အဖွဲ့ဝင်အဖြစ် ၁၉၉၁ မှ အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ တောင်မြောက် နှစ်ခြမ်းကွဲခဲ့တဲ့ ဗီယက်နမ်ကတော့ စစ်ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းပြီးနောက် ၁၉၇၇ မှ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် လျှောက်ထားပါတယ်။ အမေရိကန် ကန့်ကွက်မှု ရှိပေမယ့် ကမ္ဘာ့နိုင်ငံအများစု ထောက်ခံမှုနဲ့ ဗီယက်နမ် ကုလဝင်ခွင့်ရခဲ့ပါတယ်။ါ

လေ့လာသူ နှစ်နိုင်ငံ

ကမ္ဘာ့နိုင်ငံအများစု ကုလသမဂ္ဂကို ဝင်လာကြရာမှာ နောက်ဆုံးဝင်လာတဲ့နိုင်ငံတွေက ၂ဝဝ၆ မှာ ဆားဘီးယားက ခွဲပြီး ဝင်လာတဲ့ မွန်တီနီးဂရိုးနိုင်ငံနဲ့ ပြည်တွင်းစစ် နှစ်ကြိမ်ဖြစ်ပြီး ၂ဝ၁၁ မှာ လွတ်လပ်လာတဲ့ တောင်ဆူဒန်တို့ ဖြစ်ကြ ပါတယ်။ လေ့လာသူအဆင့် အနေနဲ့ ကုလသမဂ္ဂမှာ ပါဝင်သူတွေကတော့ ပုပ်ရဟန်းမင်းရဲ့ ဗာတီကန်မြို့ပြနိုင်ငံနဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့တို့ ဖြစ်ပါတယ်။ ၁၉၆၄ နဲ့ ၁၉၇၄ ကတည်းက ဒီအဆင့်ရထားတဲ့ နှစ်နေရာအနက် ဗာတီကန်မှာ မဲပေးခွင့် ကလွဲပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ တန်းတူ အခွင့်အရေး ရထားပြီး ဖြစ်ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ အနေနဲ့ ရထားတဲ့ လေ့လာသူနေရာကိုလည်း ၁၉၈၈ မှာ ပါလက်စတိုင်းနိုင်ငံကြေညာမှုကို ကုလသမဂ္ဂက အသိအမှတ်ပြုပြီးနောက် ပါလက်စတိုင်း အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ၂ဝ၁၂ မှာတော့ ပါလက်စတိုင်းကို လေ့လာသူနိုင်ငံအဆင့် မဲခွဲသတ်မှတ်ခဲ့ကြ ပါတယ်။

ဥရောပတိုက်က ဆွစ်ဇာလန်လည်း ၂ဝဝ၂ ခုနှစ်မှာ လေ့လာသူ အဆင့်ကနေ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

vatican

ဓာတ်ပုံ ရင်းမြစ်, FILIPPO MONTEFORTE

ဓာတ်ပုံ ပုံစာ, ရောမမြို့ထဲက ပုပ်ရဟန်းမင်းရဲ့ ဗာတီကန်

ကျန်နေတဲ့နယ်မြေ ၁၁ ခု

တကမ္ဘာလုံးနီးပါး ကုလသမဂ္ဂမှာ ပါဝင်နေကြပေမယ့် မပါသေးတဲ့ နယ်မြေ ၁၁ ခု ရှိပြီး သူတို့ကို ကုလသမဂ္ဂက အသိအမှတ် ပြုထားတာ မရှိသေးပါဘူး။

ဒီထဲမှာ အထင်ရှားဆုံးက တိုင်ဝမ်ဖြစ်ပါတယ်။ ၁၉၇၁ ထိ တရုတ်နေရာကို ရရှိထားပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဖြစ်ခဲ့တဲ့ တိုင်ဝမ်ဟာ ကုလသမဂ္ဂ ဝင်ခွင့်မရှိသလို တရုတ်ဖိအားကြောင့် နိုင်ငံတွေရဲ့ သံအဆက် အသွယ် ဖြတ်တာလည်း ခံနေရပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာတော့ တိုင်ဝမ်ကို တရုတ်တိုင်ပေအဖြစ် ဝင်ခွင့်ပြုထားပါတယ်။

နောက် ၁၉၉၈-၉၉ က ဆားဘီးယားနဲ့ စစ်ဖြစ်ပြီး ၂ဝဝ၈ မှာ လွတ်လပ်ရေးယူထားတဲ့ ကိုဆိုဗိုလည်း ခုချိန်ထိ ကုလသမဂ္ဂ ဝင်ခွင့်မရသေးပါဘူး ။ ဒီနိုင်ငံကို ကမ္ဘာ့နိုင်ငံ ၁၁ဝ ကျော်က အသိအမှတ်ပြုထားပေမယ့် ခုထက်ထိ အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်မှာသာ ပါဝင်ခွင့် ရထားပါတယ်။

ဆိုက်ပရပ်မြောက်ပိုင်း၊ အနောက်ဆာဟာရ၊ ဆိုမာလီလန်း၊ တောင်ပိုင်း သြဆက်တီးယား၊ ထရန်စ်နစ်ထရီးယား စတဲ့ ကမ္ဘာ့နယ်မြေတချို့မှာလည်း အာဏာပိုင်စိုးမှု အငြင်းပွားတာတွေ ရှိနေပြီး ချုပ်ကိုင်ထားတဲ့ အဖွဲ့ အစည်းတွေကို ကမ္ဘာ့နိုင်ငံတချို့က အသိအမှတ်ပြုတာလည်း ရှိပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက ကွတ်ကျွန်းစုနဲ့ နီးဝေး ကျွန်းတွေကတော့ နယူးဇီလန်နဲ့ လွတ်လပ်တဲ့ ဆက်သွယ်မှု၊ နိုင်ငံအကြီးအကဲနဲ့ နိုင်ငံသားတူညီမှုတွေ ရှိကြပြီး ကုလအဖွဲ့အစည်းတချို့မှာ ပါဝင်ထားကြပါတယ်။

kosovo

ဓာတ်ပုံ ရင်းမြစ်, ARMEND NIMANI

ဓာတ်ပုံ ပုံစာ, ကုလထဲ ဝင်ခွင့်မရသေးတဲ့ ကိုဆိုဗို

နိုင်ငံသင်္ခါရ

ကမ္ဘာ့နိုင်ငံတချို့ ပြိုကွဲပျောက်ကွယ်သွားပြီး သူတို့ခုံနေရာတွေကို နိုင်ငံသစ်တွေက ဆက်ခံတာတွေရှိသလို မပေးတာလည်း ရှိပါတယ်။ ၁၉၉၁ မှာ ဆိုဗီယက်နေရာကို ရုရှားကို ပေးပေမယ့် ၁၉၉၂ မှာ ပြိုကွဲသွားတဲ့ ယူဂို ဆလားဗီးယားနဲ့ ချက်နဲ့ဆလိုဗက် နိုင်ငံတွေနေရာကို ဘယ်နိုင်ငံမှ မပေးဘဲ အသစ်လျှောက်ခိုင်းခဲ့ပါတယ်။

၁၉၆၁ နဲ့ ၁၉၆၃ မှာ ကုလသမဂ္ဂဝင်ဖြစ်ခဲ့တဲ့ တန်ဂညိကနဲ့ ဇန်ဇိဘာတို့ ၁၉၆၄ မှာ ပူးပေါင်းပြီး တန်ဇန်းနီးယား နိုင်ငံသစ် ပေါ်ထွန်းခဲ့ပါတယ်။

ဒီလို ကမ္ဘာ့နိုင်ငံရေး ရာသီဥတုကို လိုက်ပြီး နိုင်ငံတွေ ပြိုကွဲပေါင်းစည်းကြရာမှာ တချို့နိုင်ငံတွေမှာ အစိုးရအာဏာစက် အပြည့်မရောက်တဲ့ ကိစ္စတွေ ရှိခဲ့၊ ရှိဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ယခင် ဆိုဗီယက်ပြည်ထောင်စုဟောင်းက နယ်မြေတချို့မှာ လက်နက်ကိုင်မျိုးစုံ ထိန်းချုပ်ပြီး အစိုးရ သြဇာမရောက်တဲ့ နယ်မြေတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံထဲက ဝနဲ့ မိုင်းလား၊ ကေအိုင်အေ နယ်မြေတွေကိုလည်း တစိတ်တပိုင်း လွတ်လပ်နေတဲ့ နိုင်ငံတွေ အဖြစ် ယူဆထားကြပါတယ်။

၂ဝ၂၁ အာဏာသိမ်းအပြီး အလျင်အမြန် ပြောင်းလဲလာတဲ့ နိုင်ငံရေးဖြစ်စဉ်တွေအရ စစ်ကောင်စီတပ်တွေနဲ့ ပီဒီအက်ဖ်တပ်တွေ၊ လူမျိုးစုတပ်တွေရဲ့ တိုက်ပွဲတွေကို မူတည်ပြီး ကုလသမဂ္ဂစင်မြင့်က မြန်မာ့နေရာမှာ ဆက်လက်ရိုက်ခတ်ဖွယ် ရှိနေပါတယ်။

uwsa

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, အင်အားတောင့်တင်းတဲ့ ဝတပ်မတော်