တမီလ်နာဒူးမှာ AI ဉာဏ်ရည်တုကို သုံးပြီး ဆင်တွေ ရထားတိုက်မယ့် အရေးကနေ ကာကွယ်ပေး

အက်စ် ပရက်ရှန့်

ဘီဘီစီ တမီလ်ဌာန

Elephants

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရထားလမ်းတွေနားက ဆင်တွေရဲ့ လှုပ်ရှားသွားလာမှုကို AIနဲ့ စောင့်ကြည့်ရေး စနစ်တွေကို တမီလ်နာဒူး သစ်တောဌာနက တပ်ဆင်

ရထားလမ်းတွေပေါ်ဖြတ်သွားတဲ့ ဆင်တွေ ရထားတိုက်ခံရပြီး ထိခိုက် သေဆုံး ရမယ့်အရေးက ကာကွယ်ပေးဖို့အတွက် အိန္ဒိယတောင်ပိုင်း တမီလ် နာဒူးပြည်နယ်မှာ AI - အေအိုင် ဉာဏ်ရည်တုသုံး စောင့်ကြည့်ရေး စနစ်တွေ အသုံးပြုနေပါပြီ။

တရားဝင် စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တမီလ်နာဒူးပြည်နယ်မှာ ရထားတိုက်ခံရလို့ သေဆုံးခဲ့ရတဲ့ ဆင်ပေါင်း ၃၆ ကောင်အထိ မြင့်တက်ခဲ့တာကို တွေ့ခဲ့ကြရပါတယ်။

အဲဒီထဲမှာ ဆင် ၁၁ ကောင်က ကာရာလာ ပြည်နယ်နဲ့ နယ်စပ်ဖြစ်နေတဲ့ မက်ဒူ ကာရေး အရပ်က ရထားလမ်း ၂ ခုမှာ သေဆုံးခဲ့ရတာပါ။ နီးစပ်ရာ သစ်တောတွေ တခုနဲ့တခုအကြား ဆင်တွေ ရွှေ့ပြောင်းသွားလာကျက်စားကြတဲ့ လမ်းကြောင်းမှာ ဒီရထားလမ်းတွေက ကန့်လန့်ဖြတ်ပြီး ရှိနေကြပါတယ်။

၂၀၂၁ ခုနှစ်မှာ ပြည်နယ်ရဲ့ တရားရုံးက သစ်တောဌာနနဲ့ ရထားဌာနတို့ အနေနဲ့ ဆင်တွေ ရထားလမ်းတွေပေါ်မှာ သေဆုံးရတာကို တားဆီးဖို့ အမိန့်ချမှတ် လိုက်ပါတယ်။

သစ်တောဌာနက မက်ဒူကာရေး ရထားလမ်း ၂ ခုစလုံး မှာ အေအိုင် ကင်မရာ ပါတဲ့ စောင့်ကြည့်ရေး မျှော်စင် ၁၂ ခုကို တည်ဆောက်ပြီးပါပြီ။ ဒီကင်မရာတွေက တချိန်လုံး စောင့်ကြည့်နိုင်ကာ ပုံရိပ်တွေကိုသာမက သွေးနွေး သတ္တဝါတွေရဲ့ အပူဓာတ်ကိုလည်း အာရုံခံ နိုင်ပါတယ်။

India

ဓာတ်ပုံ ရင်းမြစ်, MADAN PRASAD/BBC

ဓာတ်ပုံ ပုံစာ, အေအိုင်သုံး ကင်မရာတွေနဲ့ သတ္တဝါတွေရဲ့ ရွေ့လျားသွားလာမှုတွေကို အာရုံခံ စောင့်ကြည့်နိုင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီကင်မရာတွေက နိုင်ငံနယ်စပ်တွေမှာ လုံခြုံရေးအတွက် အိန္ဒိယ စစ်တပ်က သုံးတဲ့ အေအိုင်သုံး ကင်မရာတွေနဲ့ အလားတူပြီး ရထားလမ်းတွေနားကို ရောက်လာတဲ့ လူတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်တယ်လို့ စီမံကိန်းမန်နေဂျာ အာရှစ် ရာဂျစ်ပူးက ပြောပါတယ်။

ဆင်တွေက ရထားလမ်းနဲ့ ပေ ၁၀၀ အကွာလောက်ကို ရောက်လာပြီဆိုရင် စောင့်ကြည့် စနစ်က အချက်ပေးပါတယ်၊ ဒီအချက်ပေးမှုကိုရတဲ့ သစ်တောဌာနနဲ့ ရထားဌာနက တာဝန်ရှိသူတွေက ရထားကို အရှိန်လျှော့မောင်းစေတာ၊ ဆင်တွေကို တခြားကို သွားအောင် လုပ်ပေးတာ စတဲ့ အလုပ်တွေကို ဆက်စပ်ညှိနှိုင်းပြီး လုပ်ဆောင်ကြပါတယ်။ ရထားလမ်းနားက ထိန်းချုပ်ရေးအခန်းထဲမှာ လူ ၄ ယောက်က ဒီ အေအိုင်စနစ်နဲ့အတူ အမြဲတမ်းစောင့်ကြည့်နေတာပါ။

ဖေဖော်ဝါရီလက စတင်လိုက်တဲ့ ဒီစနစ် စီမံကိန်းအတွက် ရူပီးငွေ ၇၂.၄ သန်း (အမေရိကန် ဒေါ်လာ ၈၆၇, ၇၅၈) ကုန်ကျခဲ့တယ်လို့ တမီလ်နာဒူး သစ်တောဌာန အတွင်းရေးမှူး ဆူပရီယာ ဆာဟူက ပြောပါတယ်။

အရင်တုန်းကတော့ ရထားလမ်းတဝိုက်မှာ ဆင်တွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်ဖို့ သစ်တောဝန်ထမ်းတွေက အလှည့်ကျ ကင်းလှည့်ခဲ့ကြရပါတယ်။ အဲဒီနည်းက အကန့်အသတ်တွေ အများအပြားရှိခဲ့ပြီး ဆင်တွေ ဘေးကင်း လုံခြုံစေရေးမှာ "စိန်ခေါ်မှု အကြီးအမားတွေ" တွေ့ခဲ့ရတယ်လို့ မစ္စ ဆာဟူက ပြောပါတယ်။

India

ဓာတ်ပုံ ရင်းမြစ်, MADAN PRASAD/BBC

ဓာတ်ပုံ ပုံစာ, လူ ၄ ယောက်က ထိန်းချုပ်ရေး အခန်းထဲကနေ အချိန်ပြည့် စောင့်ကြည့်နေ

ဒီစနစ်တပ်ဆင်ပြီး လပိုင်းတွေအတွင်း ရထားလမ်းတွေကို ဆင်တွေ ချဉ်းကပ် လာတဲ့အဖြစ်ပေါင်း ၄၀၀ နီးပါးကို အေအိုင် စနစ်က သိရှိနိုင်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြား အသိပေးနိုင်ခဲ့ကာ မတော်တဆ အန္တရာယ် ဖြစ်နိုင်ခြေတွေကို တားဆီးနိုင်ခဲ့တယ်လို့ မစ္စ ဆာဟူက ပြောပါတယ်။

"ရထားလမ်းနားမှာ ဆင်မှ မဟုတ်ပါဘူး၊ ဘာ တိရိစ္ဆာန်ပဲဖြစ်ဖြစ် စောင့်ကြည့် စနစ်က တွေ့လိုက်တာနဲ့ အချက်ပြ သတင်းပို့ပါတယ်" လို့ ထိန်းချုပ်ရေး အခန်းမှာ လုပ်ကိုင်နေတဲ့ မစ္စတာ မန်နစ်ကန်ဒန်က ပြောပါတယ်။

အိန္ဒိယက သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို အကာအကွယ်ပေးဖို့အတွက် အေအိုင်ကို အသုံးပြုတာက ဒီတကြိမ်ဟာ ပထမဆုံံး အကြိမ် မဟုတ်ပါဘူး။

နိုင်ငံရဲ့ ပြည်နယ်အများအပြားအတွင်း ဆင်တွေဖြတ်တဲ့ စင်္ကြန်လမ်းတွေမှာ ဂျာရာ ဂျူး လို့ အမည်ရတဲ့ အေအိုင်သုံး စောင့်ကြည့်ရေး စနစ်ကို တပ်ဆင်နေပြီလို့ အိန္ဒိယ ဖက်ဒရယ် ပြည်ထောင်စု ရထားဝန်ကြီးဌာနက မနှစ် ဒီဇင်ဘာလအတွင်းမှာ ကြေညာ ခဲ့ပါတယ်။

အဲဒီ စီမံကိန်းမှာ အေအိုင် နည်းပညာသုံးတဲ့ အာရုံခံ ကိရိယာတွေကို ရထားလမ်း တွေနားမှာ တပ်ဆင်ထားပြီး ဆင်တွေ၊ တခြား တိရိစ္ဆာန်တွေ၊ လူတွေ ရထားလမ်း နားကို ရောက်လာရင် မတော်တဆ ဖြစ်မှုတွေကို တားဆီးဖို့အတွက် ရထားဌာနနဲ့ သစ်တောဌာနကို သတိပေးချက်တွေ ပေးပို့မှာပါ။

India

ဓာတ်ပုံ ရင်းမြစ်, MADAN PRASAD/BBC

ဓာတ်ပုံ ပုံစာ, ရထားမောင်းသူတွေအနေနဲ့လည်း ရထားလမ်းနားက တိရိစ္ဆာန်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတိပေးမှုတွေကို ညဘက်တွေအပါအ၀င် ဘယ်အချိန်မဆို ရနိုင်

ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ဂါဘွန်၊ ကင်ညာ၊ ဘော့ဆွာနာ စတဲ့ အာဖရိကနိုင်ငံတွေမှာလည်း အေအိုင် နည်းပညာသုံး စောင့်ကြည့်စနစ်တွေကို အသုံးပြုနေကြပါပြီ။

တမီလ်နာဒူး ပြည်နယ်အတွင်း ရထားလမ်းကြောင့် ဆင်တွေ ထိခိုက်နိုင်မှုရှိတဲ့ တခြား ဧရိယာ ၅ ခုကိုလည်း အခု စနစ်သစ်ကို တိုးချဲ့သွားမယ့်အကြောင်း ပြည်နယ် အာဏာပိုင် တွေက ကြေညာထားပါတယ်။

"ရထားကြောင့် သဘာဝတောရိုင်းတိရိစ္ဆာန်တွေ ထိခိုက်မှုတွေအပြင် တခြား ထိခိုက်မှု တွေကိုလည်း အေအိုင်နည်းပညာနဲ့ သိသိသာသာလျှော့ချထားနိုင်နေပြီ" လို့ မစ္စ ဆာဟူက ပြောပါတယ်။