ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် ကွတ်ကီးအသုံးပြုမှု မူဝါဒများ အသစ်ပြင်ဆင်ထားပါသည်။
ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် ကွတ်ကီးအသုံးပြုမှု မူဝါဒများတွင် အရေးကြီးသော အပြောင်းအလဲအချို့ပြုလုပ်ထားသဖြင့် သုံးစွဲသူများအပေါ် သက်ရောက်မှုကို အသိပေးလိုပါသည်။
UNESCO စာရင်းဝင်သင်္ကြန်နဲ့ အာဏာသိမ်းကာလပျောက်ကွယ်လုဖြစ်လာတဲ့မြန်မာ့ဒြပ်မဲ့ များ
- ရေးသားသူ, မင်းသစ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာ့ရိုးရာသင်္ကြန် ကို ၂၀၂၄ ဒီဇင်ဘာ ၅ ရက် မှာ ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်(ICH) စာရင်းဝင်အဖြစ် ကြေညာခဲ့ပါတယ်။
မြန်မာသင်္ကြန်ကို ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ ၂၀၂၃ မတ်လက စတင်တင်သွင်းခဲ့တာဖြစ်လို့ တစ်နှစ်နဲ့ကိုးလအကြာမှာကမ္ဘာ့ဒြပ်မဲ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာပါ။
မြန်မာမှာ သင်္ကြန်စတင်ကျင်းပတဲ့ကာလ တိတိကျကျမရှိပေမယ့် ညောင်ရမ်းခေတ်က ကျန်ခဲ့တဲ့ အင်ရုံ၀န်ကြီးဟောင်း သီရိဥဇနာ ရဲ့ ၁၇၅၃ အင်ရုံစာတမ်းမှာ သင်္ကြန်ပွဲအကြောင်းမှတ်တမ်းကို စတင်တွေ့ရှိရပါတယ်။
ပါဠိဘာသာစကားလုံးသင်္ကန္တ ကတဆင့် သင်္ကြန်ဖြစ်လာပြီး ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
အင်းဝခေတ်၊ ညောင်ရမ်းခေတ်တွေမှာ ဘုရင်တွေ ခေါင်းဆေးမင်္ဂလာပြုတာကို သင်္ကြန်တော်ခေါ်တယ်လို့ သုံးပြီး ဘုရင်ခေါင်းဆေးဖို့အတွက် ရေကောင်းရေသန့်ကို မုတ္တမနားက ခေါင်းဆေးကျွန်းကနေ သွားယူရသလို နားထွင်းမင်္ဂလာနဲ့ နန်းတက်ပွဲ စတာတွေမှာလည်း သင်္ကြန်ခေါ်တဲ့ထုံးစံရှိပါတယ်။
သင်္ကြန်ကျရောက်ချိန်ကို အမြောက်ပစ်ခတ်အသိပေးခဲ့တာကြောင့် အမြောက်နဲ့ သင်္ကြန်ကခွဲခြားမရဘဲ သင်္ကြန်အမြောက် ကထင်ရှားပါတယ်။
သင်္ကြန်ရဲ့ သင်္ကေတတွေထဲမှာ အတာအိုး၊ စတုဒိသာကျွေးတာ၊ ဘေးမဲ့လွှတ်တာ၊သက်ကြီးဝါကြီးတွေကို ခေါင်းဆေးကုသိုလ်ပြုတာနဲ့ စုပေါင်းကုသိုလ်ပြုကြတဲ့ ဓလေ့ထုံးတမ်းတွေကဆက်ရှိပါတယ်။ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေး၊ သင်္ကြန်ထမင်းစတဲ့ ရိုးရာမုန့်နဲ့အစားအသောက်တွေလည်း သင်္ကြန်နဲ့ခွဲမရခဲ့ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာမှာ မန္တလေးမြို့က သင်္ကြန်မြို့ကြီးအဖြစ်ထင်ရှားပြီး အဆိုအကပြိုင်တဲ့သင်္ကြန်ဂီတပွဲတော်တွေရှိခဲ့ပါတယ်။ ၁၉၆ဝ နောက်ပိုင်း ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့တွေ ခေတ်စားလာသလို လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်တွေ အပိတ်ခံရတဲ့ စစ်အစိုးရခေတ်တွေမှာ နိုင်ငံရဲ့ ကျပ်တည်းပိတ်လှောင်ခံထားရတဲ့ အခြေအနေကို ဟာသနှောပြီး သံချပ်ထိုးပြောတဲ့ ယဉ်ကျေးမှုဟာသင်္ကြန်ရဲ့ လက္ခဏာလို ဖြစ်လာခဲ့ပါတယ်။
၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ သင်္ကြန်နဲ့ ဒီဂျေကခွဲမရဖြစ်လာသလို ခေတ်ကာလတွေအလိုက် သင်္ကြန်တေးသီချင်းပုံစံတွေကလည်း မြူးမြူးကြွကြွပုံစံနဲ့ ပေါ်ထွက်လာပါတယ်။ ဒီမိုကရေစီ အစိုးရခေတ်တွေကို စပြောင်းတဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာကာလတွေမှာတော့ လမ်းလျှောက်သင်္ကြန်က မပါမဖြစ်ဖြစ်လာခဲ့ပါတယ်။
၂၀၁၅ နောက်ပိုင်း အာဏာရအမျိုးသားဒီမိုကရေစီပါတီ အစိုးရလက်ထက်မှာ သင်္ကြန်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေကစားတဲ့ပုံတွေကလည်း ထင်ရှားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့တွေ ဦးဆောင်ပြီး သမ္မတအိမ်တော်ဝင်းထဲမှာ ရေကစားကြတဲ့ပုံတွေက လူထုတွေကြားမျှဝေမှုများခဲ့တဲ့ပုံတွေဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၀ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြန်မာမှာ သင်္ကြန်ပွဲတွေက စည်ကားမှုမရှိသလောက်ဖြစ်လာပါတယ်။ နိုင်ငံအာဏာသိမ်းခံထားရချိန်မှာ သင်္ကြန်မဆင်နွှဲဘူးဆိုသူတွေရှိသလို နိုင်ငံရေးနဲ့ ရိုးရာပွဲမရောဘူးဆိုသူတွေလည်းရှိပါတယ်။
စစ်ကောင်စီကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေဘက်ကလည်း စစ်ကောင်စီကလုပ်တဲ့ သင်္ကြန်တွေမှာ ပြည်သူတွေမပါဝင်ကြဖို့ “တော်လှန်သင်္ကြန်” ဆိုပြီးနှိုးဆော်ကြပါတယ်။
ဒါပေမဲ့ သင်္ကြန်ပွဲတွေက ၂၀၁၉ ခုနှစ်အစောပိုင်းကာလတွေလောက် ကြီးကျယ်စည်ကားစွာကျင်းပနိုင်တာမရှိတော့သလို လုံခြုံရေးစိုးရိမ်စိတ်နဲ့ ဆင်နွှဲကြရတဲ့ အခြေအနေဖြစ်ပါတယ်။
ဒါကြောင့်ပဲ သင်္ကြန်အပါအဝင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်လာတွေ၊ ဘာသာရေးပွဲတော်တွေ၊ တိုင်းရင်းသားတွေရဲ့ အထင်ကရ ရိုးရာပွဲတွေဟာ အာဏာသိမ်းမှုကြောင့်ပေါ် ပေါက်လာတဲ့ ပြည်တွင်းစစ်ကြားမှာ ပျောက်ကွယ်လုနီးဖြစ်လာပြီလို့ လူမှုရေးသိပ္ပံပညာရှင်တချို့က ထောက်ပြကြပါတယ်။
အထူးသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု (ICH) လို့သတ်မှတ်ထားကြတဲ့ ကိုင်တွယ်ဖမ်းဆုပ်လို့မရတဲ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်လာတွေဟာ ထင်ထင်ရှားရှားလျော့ပါးလာတာတွေရှိသလို တချို့ဟာတွေကလည်း မသိလိုက်မိဘာသာ ပျောက်ကွယ်လာနေတယ်လို့ ထောက်ပြကြပါတယ်။
“စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ရိုးရာဓလေ့ထုံးတမ်းတွေပေါ့။ လယ်တွေ၊ ယာတွေ စိုက်ပျိုးရေး မစခင်မှာ ပုန်းမဂျီးနတ် တင်တာတို့တွေ မလုပ်နိုင်ကြတော့ဘူး။ ဒါတွေက နေ့စဉ်လုပ်နေကြ ဓလေ့ထုံးတမ်းအစဉ်လာတွေ ပျောက်ဆုံးသွားနိုင်တဲ့အခြေအနေပါပဲ” လို့ ရှေးဟောင်းသုတေသန ပညာရှင် ဒေါ်ဥမ္မာမျိုးက ဘီဘီစီ ကိုပြောပါတယ်။
မြန်မာနိုင်ငံအပါအ၀င် အာဆီယံဒေသတွင်းနိုင်ငံတွေကြားထဲမှာ ကူးလူးရောယှက်နေတဲ့ ယုံကြည်ကိုးကွယ်မှုအစဉ်လာတွေ နဲ့ ရိုးရာယဉ်ကျေးမှုတွေဟာ မြန်မာပြည်တွင်းမတည်ငြိမ်မှုတွေကြောင့်ပဲ အိမ်နီးချင်းနိုင်ငံတွေဘက်မှာ ပိုပြီးကျယ်ပြန့်သွားတာကို တွေ့မြင်နေတယ်လို့ ထောက်ပြကြသူတွေလည်းရှိပါတယ်။
မြန်မာချိတ်ထဘီတွေ၊ ရိုးရာလက်ယက်ကန်းထည်တွေ၊ သနပ်ခါးတွေကလည်း ထိုင်းနိုင်ငံကိုပျံ့နှံ့လာပြီး သနပ်ခါးဆိုရင် ထိုင်းနိုင်ငံထုတ် မိတ်ကပ်နဲ့ မျက်နှာပေါင်းတင်ဆေးလို အလှကုန်တွေထဲမှာ ပါဝင်လာတာကလည်း ဓလေ့နဲ့ရိုးရာတွေ ရွေ့လျားလာမှုကို ပြနေတဲ့ ထင်သာမြင်သာတဲ့ သာဓကဖြစ်ပါတယ်။
" ကိုယ့်နိုင်ငံရဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေနဲ့ အမျိုးအစားစုံလင်တဲ့ ယဥ်ကျေးမှုတွေအရ ယူနက်စကို မှာ တင်လို့ရတဲ့ ဒြပ်မဲ့အမွေအနှစ်(ICH) တွေအများရှိတယ်။ တဖြည်းဖြည်းချင်းတော့တင်ရမှာပဲ” လို့ ရှေးဟောင်း သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးဝင်းကြိုင် က ဘီဘီစီ ကိုပြောထားပါတယ်။
ထိုင်းရဲ့ ဆုန်ခရမ် သင်္ကြန်က ယူနက်စကိုစာရင်းမှာတစ်နှစ်စောခဲ့
နှစ်တစ်နှစ်ရဲ့အကူးအပြောင်းကာလမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ရေလောင်းကျတဲ့ အလေ့အထဟာ မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယား၊နီပေါနဲ့ သီရိလင်္ကာနိုင်ငံ စတဲ့ အနည်းဆုံး နိုင်ငံပေါင်း ၆ နိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်မှုရှိနေခဲ့တယ်ဆိုတာကို သမိုင်းအထောက်အထားတွေရှိပါတယ်။
မြန်မာနဲ့ထိုင်းနိုင်ငံကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာက “သင်္ကြန်ပွဲတော်” လို့ အဓိပ္ပါယ်ဖွင့်ဆိုပြီး ထိုင်းနိုင်ငံမှာတော့ “ဆုန်ခရမ်ပွဲတော်” လိုခေါ်ကြပါတယ်။
ကပ်ရောဂါ ကိုဗစ် (၁၉) ကာလမှာ မြန်မာနိုင်ငံကော ထိုင်းနိုင်ငံပါ ရေသဘင်ပွဲတော်တွေကို ပိတ်ထားခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ကတော့ ကပ်ရောဂါ ကာလမပြီးခင်မှာပဲ အာဏာသိမ်းမှုနဲ့ထပ်တိုးခဲ့တာကြောင့် စစ်ကောင်စီလက်အောက်မှာ သင်္ကြန်ပွဲကျင်းပခဲ့တာ ၄ နှစ် ရှိပြီဖြစ်ပါတယ်။
ထိုင်းရဲ့ ဆုန်ခရမ်သင်္ကြန်ပွဲက မြန်မာထက်တစ်နှစ်စောပြီး ၂၀၂၃ ခုနှစ်က ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှုစာရင်း ဝင်ခဲ့ပါတယ်။
နိုင်ငံတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ မလဲ့လဲ့ မှာ ၁၀ နှစ်အရွယ် သမီးတစ်ဦးနဲ့ ၅ နှစ်အရွယ် သားတစ်ဦးရှိပါတယ်။ အခုတော့ သူတို့နှစ်ယောက်လုံးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်က နိုင်ငံတကာပညာရေးကျောင်းတစ်ကျောင်းမှာ ပညာသင်ကြား နေကြပါတယ်။
“တော်လှန်ရေးကာလထဲမှာဆိုတော့ ကိုယ်ကလည်းမပျော်ချင်ဘူး။ သူ့ကိုလည်း ဘယ်မှလိုက်မပို့ခဲ့တော့ အငယ်လေးက မြန်မာသင်္ကြန် ကို ဘာမှ မသိလိုက်ရဘူးပေါ့။ ၅ နှစ်ကျတော့ ဘန်ကောက်ကိုရောက်လာတယ်''
'' စိတ်ထဲမှာက ၅၀၊ ၅၀ ဖြစ်တာပေါ့။ ကိုယ်နိုင်ငံမှာကမပျော်ရဘူး ဒုက္ခရောက်နေတယ်၊ ဒီဘက်မှာကျတော့လည်း ကလေးကို ပျော်စေချင်တဲ့ အခါကျတော့ လိုက်ပြ ဖြစ်ခဲ့တာပေါ့။ လိုက်ပြတော့ ထိုင်းက ပုံစံနဲ့ ကိုယ်နိုင်ငံက ပုံစံက မတူဘူးလေ။ ကိုယ်ကတော့ ကလေးကို ကိုယ့်ရိုးရာသင်္ကြန် နဲ့ပဲ ထိတွေ့စေချင်တာပေါ့။ ကလေး အကြီးနဲ အငယ်နဲ့ မှာ သူတို့ သင်္ကြန်ကိုသိတဲ့ပုံစံခြင်းက မတူတော့ဘူး” လို့ မလဲ့လဲ့ က ဘီဘီစီကို ဖွင့်ဟခဲ့ပါတယ်။
ထိုင်းသင်္ကြန် “ဆုန်ခရမ်ပွဲတော်” ကာလအတွင်း ဘတ် ဘီလျံ ၁၄၀ ကျော်ဝင်ငွေရ
ထိုင်းအစိုးရဘက်ကလည်း “ဆုန်ခရမ်ပွဲတော်” စည်ကားရေးကို ပိုပြီးအားရုံစိုက်ခဲ့ပုံရပါတယ်။
“ဆုန်ခရမ်ပွဲတော်” ကာလတွေဖြစ်တဲ့ ဧပြီ ဒုတိယပတ် အပြင်နေရာတွေထပ်ခွဲပြီး ဧပြီတစ်လလုံး ကျင်းပခဲ့ပါတယ်။
ထိုင်းခရီးသွားဝန်ကြီးဌာက ထုတ်ပြန်တဲ့စာရင်းတွေမှာတော့ “ဆုန်ခရမ်ပွဲတော်” ကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက်ဟာ လူ ၂ သန်းနီးပါးရှိခဲ့ပြီး အရင် ၂၀၂၃ခုနှစ် ကထက် ၃၇ ရာခိုင်နှုန်း ပိုတိုးလာတယ်လို့ပြောပါတယ်။ အဲဒီကနေ ဘတ် ၁၄၀ ဘီလီယံကျော် ၀င်ငွေရခဲ့တယ်လို့လည်း ထိုင်းအစိုးရက ပြောပါတယ်။
အဲဒီအချိန်တုန်းက ထိုင်းနိုင်ငံရဲ့ “ဆုန်ခရမ်ပွဲတော်” ကို ယူနက်စကိုအဖွဲ့ကြီးက ICH (ဒြပ်မဲ့ယဉ်ကျေးမှု) စာရင်းထဲထည့်လိုက်တာ ကြောင့် မြန်မာပြည်သူတွေကြားမှာ မြန်မာ့ရိုးရာသင်္ကြန် ကို ထိုင်းနိုင်ငံက ယူသွားပြီးလားဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။
“ထိုင်းက “ဆုန်ခရမ်” မြန်မာက “အတာသင်္ကြန်” ဖြစ်တယ်ပေါ့။ ICH (ဒြပ်မဲ့ယဉ်ကျေးမှု) ရဲ့သဘောက လူတွေနဲ့ပတ်သက်တာဖြစ်လို့ ဘယ်သူ့ရဲ့မူပိုင်ပဲဆိုပြီး ငါပိုင်သွားပြီ နင်မပိုင်နဲ့တော့ဘူးဆိုပြီးလုပ်လို့မရပါဘူး။ အဓိက က သုံးစွဲနေတဲ့ ပြည်သူအစုအဖွဲ့တွေက တင်သွင်းရတာမလို့ သင်္ကြန် ကိုလည်းပဲ သုံးစွဲနေတဲ့ ယဉ်ကျေးမှုအဖွဲ့တွေက မြန်မာနိုင်ငံကိုယ်စားပြုပြီး ထိုင်းက “ဆုန်ခရမ်” မြန်မာက “အတာသင်္ကြန်” ပေါ့နော်။ အဲဒီလိုလည်း တင်လို့ရပါတယ်" လို့ ရှေးဟောင်းပညာရှင် ဒေါ်ဥမ္မာမျိုး က ဘီဘီစီ ကို ရှင်းပြထားပါတယ်။
သံဃာတော်တွေ နည်းပါးသွားတဲ့ ပုဂံ အာနန္ဒာဘုရားပွဲ
မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်ဟာ လူမျိုးမရွေးဘာသာမရွေး ပါဝင်ဆင်နွှဲကြတဲ့အတွက် အစည်ကားဆုံးပွဲတော်အဖြစ် ထင်ရှားပေမဲ့ မြန်မာပြက္ခဒိန်ထဲမှာတော့ ၁၂ လလုံးဟာ ရိုးရာပွဲတော်တွေနဲ့ ပြည့်နေပါတယ်။
ကုလသမဂ္ဂရဲ့ ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့ရှေးဟောင်းဒေသအဖြစ် သတ်မှတ်ထားတဲ့ ပုဂံဒေသမှာရှိတဲ့ အာနန္ဒာဘုရားပွဲ နဲ့ ရွှေစည်းခုံဘုရားပွဲတွေဟာ ပုဂံခေတ်ထဲက ကျင်းပခဲ့ကြတာဖြစ်ဖြစ်လို့ နှစ်ထောင်နဲ့ချီ သက်တမ်းရှိနေပြီလို့ပြောကြတဲ့ သမိုင်းပညာရှင်တွေ လည်းရှိပါတယ်။
နှစ်စဉ် ပြာသိုလပြည့်နေ့မှာ ကျင်းပတဲ့ အာနန္ဒာဘုရားပွဲ ဆိုရင် မြန်မာပြည်အနယ်နယ်ရပ်ရပ်က သံဃာတော်တွေ ထောင်နဲ့ချီကြွတာရှိသလို ဒေသခံတွေက ဘုရားပွဲကို နွားလှည်းတန်းရှည်ကြီးတွေနဲ့ လာရောက်ကြတဲ့ ဓလေ့ကိုပါ ရှားရှားပါးပါး မြင်တွေ့နိုင်တာပါ။
ဒါကြောင့် ပြည်တွင်းခရီးသွားတွေသာမက ကမ္ဘာခရီးသွားတွေကြားမှာပါ ထင်းရှားတဲ့ ပွဲတော်ဖြစ်ပါတယ်။
စစ်အာဏာသိမ်းကာလ ဘုရားပွဲကိုလာတဲ့ သံဃာအနည်းငယ်သာရှိတော့သလို နွားလှည်းတန်း အရေအတွက်ဟာလည်း သိသိသာသာကို လျော့နည်းသွားတယ်လို့ ပုဂံဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဘုရားပွဲတော်ကို ရက်ပေါင်း ၁၅ ရက်အထိ ကျင်းပလေ့ရှိတဲ့ ရွှေစည်းခုံဘုရားပွဲ မှာလည်း လာတဲ့သူ လူမရှိသလောက် နည်းပါးသွားပြီး အကျဉ်းချုံး ကျင်းပလိုက်တဲ့ပုံစံမျိုးပဲ မြင်တွေ့ရတော့တယ်လို့ ပြောကြပါတယ်။
“စစ်ရေးပိုင်းက အရမ်းရှုပ်ထွေးနေတဲ့အခါကျတော့ ယဉ်ကျေးမှုပိုင်းမှာ အမတန်မှယုတ်လျော့သွားတယ်။ ဒီ ၄ နှစ်အတွင်းမှာ ပျောက်ဆုံးသွားတဲ့ ယဉ်ကျေးမှုတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းပျောက်ဆုံးခဲ့တာတွေထက် အဆမတန် ပိုများပြားတယ်လို့ပဲ ပြောရမယ်” လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းမှာရှိနေတဲ့ သမိုင်းပညာရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
ကုန်ကြမ်းရှားပြီး မျိုးဆက်ပြတ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ပုဂံယွန်းထည်လုပ်ငန်း
ပုဂံ ဒေသရဲ့ ကမ္ဘာကျော် ယွန်းထည်လုပ်ငန်းဆိုရင်လည်း ယွန်းကုန်ကြမ်းပစ္စည်းတွေထဲမှာ အဓိက ပါဝင်တဲ့ သစ်စေး ထွက်တဲ့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ပြည်တွင်းစစ်ကြောင့် ကုန်ကြမ်းပစ္စည်း ရဖို့တောင် မလွယ်ကူတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရသလို တဖက်မှာလည်း ယွန်းထည်လုပ်ငန်းလုပ်ကိုင်မယ့်သူ မရှိတော့တဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ပုဂံ မှာ ယွန်းထည်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
“ နှစ်တစ်ထောင်လုံးတည်တံ့ခဲ့တဲ့ လုပ်ငန်းတွေဟာ မျိုးဆက်တစ်ခုထဲနဲ့ ပြန်သင်ပေးလို့မရတာတွေရှိတယ်။ ယွန်းထည်တို့ ကြေးသွန်းပညာတို့ဆိုတာ နှစ်ပေါင်း ၅၀၀ ကျော်လုပ်လာတာတွေ။ နောက် မျိုးဆက်ကလည်း ဖုန်းနဲ့ပဲအလုပ်လုပ်နေကြတဲ့ မျိုးဆက်ဖြစ်တော့ ဒီဟာတွေကို အမြတ်တနိုးတန်ဖိုးထားရကောင်းမှန်း မသိကြတာများတယ်။ နိုင်ငံရဲ့အမျိုးသားသရုပ်သကန်တွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ကြုံရမယ်ပေါ့။ဒါက စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်းမှာ ခါးစည်းခံနေရတဲ့ အခြေအနေမျိုးပဲ” လို့ ယွန်းထည်လုပ်ငန်းရှင်က ပြောပါတယ်။
လူမရှိတော့တဲ့ ဘုရားပွဲတော်တွေ
အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားပွဲတော်တွေမှာ လူမစည်ကားတော့တာ ပုဂံဒေသတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ရန်ကုန်မြို့ပေါ်က ထင်ရှားတဲ့ ရွှေတိဂုံဘုရား တပေါင်းပွဲတော်၊ နာမည်ကျော် တန်ဆောင်တိုင် ရေကျော်ပွဲစျေး၊ သန်လျင်ကျိုက်ခေါက်ဘုရားပွဲ၊ ပဲခူးမြို့ပေါ်က ရွှေဓောဘုရားပွဲစတဲ့ ပွဲတွေမှာလည်း လူမစည်ကားတော့ဘူးလို့ ဘီဘီစီနဲ့စကားပြောခဲ့တဲ့ ဒေသခံ ၃ ဦးထက်မနည်းကပြောပါတယ်။
မြန်မာ့ရိုးရာဓလေ့တွေအရ ဘုရားပွဲတော်တွေနဲ့ ဆက်စပ်ပြီး ကျင်းပလေ့ရှိတဲ့ ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေ၊ မြန်မာ့ရုပ်သေးပွဲတွေနဲ့ ပွဲတော်တွေမှာ စျေးလိုက်ရောင်းနေတဲ့ ၁၂ ပွဲစျေးသည်လိုမျိုးတွေလည်း နည်းပါးလျော့ကျလာတယ်လို့ ဇာတ်ပွဲကန်ထရိုက်တစ်ဦးဖြစ်တဲ့ မန္တလေးဒေသခံ တစ်ဦးကပြောပါတယ်။
ဒါ့အပြင် ရိုးရာယုံကြည်သက်ဝင်မှုအရ ကိုးကွယ်ကြတဲ့ မန္တလေးတိုင်းထဲက နာမည်ကျော် တောင်ပြုံးနတ်ပွဲ မှာလည်း လူအလာနည်းသွားသလို တခြားမြို့ပေါ်က နတ်ကန္ဒားပွဲတွေဆိုရင် လုံး၀ကို မတွေ့ရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။
ဒါတွေအားလုံးဟာ ICH (ဒြပ်မဲ့ယဉ်ကျေးမှု) ထဲမှာ အကျုံးဝင်တဲ့ ရိုးရာဓလေ့တွေလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ICH နဲ့ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေဟာ နှေးသွားတာနဲ့ ရပ်သွားတာ ၂ မျိုးပဲ ရှိတယ်။ အရင်ထက်ပိုပြီးလုပ်ဖြစ်နေတာဆိုလို့ ဘုရားရှစ်ခိုးတာပဲ ရှိတယ်။ လူတွေဘုရားပိုသွားနေကြတာပဲရှိတယ်။ ဆုတောင်းတယ်ဆိုတာလည်း ICH ပဲ။ အမြဲတမ်းဆုတောင်းနေရတာ” လို့ ရုပ်သေးပညာရှင် တစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။
ထိုင်းဘက်မှာပိုအားကောင်းလာတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေ
တဖက်မှာလည်း တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေပိုဖြစ်လို့ နှစ်တိုင်းကျင်းပကြတဲ့ ရိုးရာပွဲတော်တွေနဲ့ အခမ်းအနားတွေ လျော့နည်းလာပါတယ်။
ကရင်နဲ့ ရှမ်းဘက်က တိုင်းရင်းသားရိုးရာပွဲတွေဆိုရင် မြန်မာနဲ့အိမ်ချင်းနိုင်ငံတွေဘက်မှာ ပိုပြီးတွင်ကျယ်လာပါတယ်။
'' ထိုင်းမှာရှမ်းပွဲရှိတယ်။ ကရင်ပွဲရှိတယ်။ လက်ချည်ပွဲဆို ကရင်မှာနေရာအနှံ့မလုပ်နိုင်ဘူး။ထိုင်းမှာနေရာ အနှံ့လုပ်နိုင်တယ်။ ဒါတွေက ရွေ့လျားလာရင် ကိုယ်တစ်ဦးတည်းပိုင်တာကနေ သူများပိုင်တာလည်းဖြစ်သွားနိုင်တယ်'' လို့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က ကရင်လူငယ် မနန်းသန္တာကပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ၁၀ ရက်နီးပါးကျင်းပလေ့ရှိတဲ့ နာမည်ကျော် တန်ဆောင်းတိုင် မီးပုံးပျံပွဲတော်မှာ မီးပုံးလွှတ်တင်တဲ့ အရေအတွက်ဟာ သိသိသာသာကို လျော့နည်းသွားခဲ့တယ်လို့ မီးပုံးမှာ ယမ်းအလှဆင်ပေးတဲ့ ယမ်းကျွမ်းကျင်သူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
“ကိုဗစ်မတိုင်ခင်နဲ့ အာဏာမသိမ်းခင် နောက်ဆုံးလုပ်ခဲ့တဲ့ ၂၀၁၉ မှာဆိုရင် မီးပုံးတွေက ရာနဲ့ချီလွတ်တယ်လေ။အခုက မီးပုံးကြီးမှ ဆယ်ဂဏန်းကျော် ပဲ ရှိတော့တယ်။ မီးပုံးယမ်းအလှဆင်သူတွေက ယမ်းနဲ့နှစ်ပေါင်းများစွာထိတွေ့လာတဲ့အတွေ့အကြုံရှိတော့ ယမ်းနိုင်တယ်လေ။ တချို့ လည်း တော်လှန်ရေးဘက် ရောက်သွားကြသူတွေရှိတယ်လို့” ယမ်းကျွမ်းကျင်သူက ပြောပါတယ်။
စစ်ကောင်စီက တောင်ကြီးမီးပုံးပျံပွဲကို ပြန်ကျင်းပခဲ့ပေမယ့် နိုင်ငံတကာခရီးသည်တွေ လာရောက်လည်ပတ်တာမရှိသလောက်နည်းပါးသွားတယ်လို့ တောင်ကြီးဒေသခံတွေက ပြောကြပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နဲ့ တချိန်တည်း နီးပါးကျင်းပလေ့ရှိတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ဒေသမှာ လုပ်တဲ့ လွိုင်ကထုံ ပွဲတော်မှာဆိုရင် သိန်းနဲ့ချီတဲ့ မီးပုံးငယ်လေးတွေ လွှတ်တင်မှာဖြစ်တာကြောင့် လေကြောင်းပျံသန်းမှုအန္တရာယ်ရှိလာနိုင်တဲ့အတွက် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရတယ် လို့ ထိုင်းသတင်းမီဒီယာတွေက ရေးသားခဲ့ကြပါတယ်။
၂၀၁၅ ခုနှစ်က တောင်ကြီးမြို့ခံ မီးပုံးပျံကျွမ်းကျင်သူ ယမ်းဆရာတွေ ထိုင်းဘက်မှာ မီးပုံးပျံသွားလွှတ်ခဲ့ကြလို့လည်း မြန်မာ့မီးပုံးပျံ ပွဲတွေ ထိုင်းဘက်ကို ရောက်သွားနိုင်တယ်ဆိုပြီး ဝေဖန်ကန့်ကွက်သံတွေထွက်ခဲ့တာလည်း ရှိခဲ့ပါတယ်။
မြန်မာနဲ့ထိုင်း နှစ်နိုင်ငံလုံးထဲမှာရှိနေကြတဲ့ မွန်၊ ကရင် နဲ့ အားခါ လူမျိုးတွေရဲ့ရိုးရာပွဲတွေကတော့ ထိုင်းနိုင်ငံရဲ့ မြို့တွေဖြစ်တဲ့ မယ်ဆိုင်၊မဲဆောက်၊ချင်းမိုင်နဲ့ ချင်းရိုင်မြို့တွေ မှာ ပိုစည်းကားနေတာတွေ့ရတယ်လို့ လည်း ထိုင်းနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းက ပြောကြပါတယ်။
“မွန်ဆိုရင် မွန်ရိုးရာ အတီးအမှုတ် အကအခုန်တွေ၊ မွန်ပုံစံနဲ့လုပ်တဲ့ ဘုရားပွဲတွေ ထိုင်းဘက်မှာ ရှင်သန်ဖွံ့ဖြိုးလာတယ်။ နောက်ပြီး ချင်းမိုင်ဘက်မှာဆိုရင် ရှမ်းရိုးရာအလှူတွေ တိုးနယားကတာတွေ ကထိန် ခင်းတာကအစ ပဒေသာပင်လှည့်တာတွေလည်း ရှမ်းပုံစံ နဲ့တွေ့နိုင်တယ်” လို့ ရိုးရာအမွေအနှစ်နဲ့ ပတ်သက်တဲ့ ပညာရှင် တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
မြန်မာစစ်တပ်နဲ့ PDF တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နှစ်စဉ်လုပ်လေ့ ရှိတဲ့ နာဂရိုးရာပွဲတော် ဆိုရင်လည်း လူစိတ်ဝင်မှုနည်းပါးလာသလို စစ်ကောင်စီရဲ့ဝန်ကြီးဌာနက ဝန်ထမ်းတွေလောက်ပဲ တက်ပါတော့တယ်။
ယူနက်စကိုခရီး ရှေ့မဆက်နိုင်ဖြစ်နေတဲ့ မြောက်ဦး၊ ရွှေတိဂုံ နဲ့ မြန်မာ့သနခါး
မြန်မာနိုင်ငံ အထက်ပိုင်းမှာရှိတဲ့ ပျူမြို့ဟောင်း နေရာ (၃) ခုနဲ့ ပုဂံဒေသကို ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံ အဖွဲ့ (ယူနက်စကို) က ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်ထားပြီးဖြစ်ပါတယ်။
နောက်ထပ် ယူနက်စကို စာရင်းထဲဝင်ဖို့ တာဆူနေတဲ့ ရခိုင်ပြည်နယ်ထဲက နှစ်ပေါင်း ၅၀၀ကျော်သက်တမ်းရှိတဲ့ မြောက်ဦးဒေသ ကို အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီဆီကို စာတမ်းတင်သွင်းထားပါတယ်။
“မြောက်ဦးကတော့ ဆက်သွားနေတဲ့ပုံစံမျိုးတော့ရှိတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ ဘာမှမပြောနိုင်သေးဘူး။ ကျွန်တော်တို့ကတော့ မြောက်ဦးနဲ့ပတ်သက်ပြီး အဆိုပြုလွှာကို ယူနက်စကို လက်ထဲ ရောက်အောင် တင်ပြီးသွားပါပြီ” လို့ ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးဝင်းကြိုင် က ဘီဘီစီ ကိုပြောပါတယ်။
အလားတူ မြောက်ဦးဒေသ ယူနက်စကိုဝင်ပြီးသွားရင် ရန်ကုန်မြို့က နာမည်ကျော်ရွှေတိဂုံစေတီ ကိုလည်း ယူနက်စကိုရအောင် လုပ်ဖို့ NLD အစိုးရလက်ထက် ရှေးဟောင်းဌာနက လျာထားခဲ့ပါတယ်။ ဒါအပြင် မြန်မာ့သနခါးကိုလည်း ယူနက်စကိုရဲ့ ICH (ဒြပ်မဲ့ယဉ်ကျေးမှု) စာရင်းဖို့ဖြစ်ဖို့ တင်ပြထားတာတွေလည်း ရှိပါတယ်။
တစ်ဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ပိုမိုကျယ်ပြန့်လာတာနဲ့အတူ ရခိုင်ပြည်နယ် ရှေးဟောင်း မြောက်ဦးဒေသ ဘက်မှာနဲ့ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား လနဲ့ချီတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် မြောက်ဦးဒေသ ကို အေအေ က ထိန်းချုပ် နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ရှေးဟောင်း မြောက်ဦးဒေသယူနက်စကို စာရင်းဝင်ရေးအတွက်ဆိုရင် နိုင်ငံရဲ့ အစိုးရက ဦးဆောင်လုပ်ဆောင်ရတာကြောင့် စစ်ကောင်စီနဲ့ အေအေ အပါအဝင် ရခိုင်အဖွဲ့အစည်းတွေကြား ဘယ်လိုပုံစံနဲ့ ခရီးဆက်ကြမလဲဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
အေအေ ဘက်က မြောက်ဦးနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုးမရှိသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။ ဒါကြောင့် မြောက်ဦးဒေသ ယူနက်စကို ဝင်ရေးလုပ်ဆောင်ချက်တွေအားလုံး ရပ်တန့်နေတဲ့ သဘောမျိုးဖြစ်နေတာပါ။
သနပ်ခါးဆို မြန်မာပဲ ဖြစ်ရမယ်
ရန်ကုန်မြို့က ရွှေတိဂုံဘုရား နဲ့ မြန်မာ့သနပ်ခါး စတဲ့ လုပ်ငန်းတွေစဉ်တွေဟာလည်း အာဏာသိမ်းပြီး နောက်ပိုင်း ယူနက်စကို ဝင်ရေးဘယ်လိုအခြေအနေရှိနေလဲဆိုတာကို စစ်ကောင်စီ ရှေးဟောင်းသုတေသနဦးစီးဌာန က ထုတ်ပြန်တာမျိုးလည်း မရှိပါဘူး။
"ဒြပ်မဲ့ယဥ်ကျေးမှုတစ်ခုဟာ နေရာဒေသတစ်ခုအတွက်အရေးပါတယ်ပေါ့။ အဲဒီအခါမှာ ကျွန်တော်တို့က ဒေသတွင်းအရေးပါတဲ့ ICH ကို တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အဆင့်ရောက်လာမယ်။ တစ်ခြားနေရာတွေမှာ လည်း မရှိဘူးဆိုရင် ကျွန်တော်တို့က အမျိုးသားဒြပ်မဲ့ယဥ်ကျေးမှုအဖြစ်သတ်မှတ်မယ် ပြီးတဲ့အခါကျတော့မှ ယူနက်စကိုကသတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီတာမျိုးကို တင်တယ်လို့" ရှေးဟောင်းသုတေသန အရာရှိဟောင်း တစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံက ယူနက်စကိုရဲ့ ICH (ဒြပ်မဲ့ယဉ်ကျေးမှု) အဖြစ်တင်သွင်းတဲ့မယ့် မြန်မာ့သနပ်ခါးက ဘယ်လောက်ထိ ခရီးရောက်နေပြီလည်းဆိုတာ မသိရပါဘူး။
“သနပ်ခါးကို ကျွန်တော်တို့တင်တဲ့အခါမှာ ယူနက်စကိုက သနပ်ခါးလိမ်းတဲ့ဓလေ့နဲ့ ပတ်သက်ပြီး ပြန်ပြီးအကြံပြုတာတွေရှိပါတယ်။ အဲဒါကို ပြန်ပြင်ဆင်ပြီး ယူနက်စကို ICH ထဲကို ပြန်တင်မှာ ဖြစ်ပါတယ်” လို့ ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးဝင်းကြိုင် က ဘီဘီစီ ကိုပြောပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံကထွက်တဲ့ သနပ်ခါးတုံးတွေကို ထိုင်းနိုင်ငံက အများဆုံးဝယ်ယူနေတာဖြစ်တယ်လို့လည်း သနပ်ခါး တင်ပို့ရောင်းချနေသူတွေကပြောပါတယ်။ ထိုင်းမှာတော့ သနပ်ခါးကို ဒေသထွက်လို့ထုတ်ပြောနိုင်တာမရှိပေမဲ့ ဆုန်ခရမ်ကာလမှာ သနပ်ခါးမှုန့်လို ပေါင်ဒါဖြူမှုန့်တွေလိမ်းတဲ့ ဓလေ့ကတွင်ကျယ်လာပါတယ်။
ICH (ဒြပ်မဲ့ယဉ်ကျေးမှု) တွေဆိုတာ နိုင်ငံတွေကြားထဲမှာ အငြင်းပွားမှုတွေ အမြဲတမ်းရှိနေတာဖြစ်ပြီး ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ နယ်မြေချင်းထိစပ်တဲ့ နိုင်ငံတွေဆိုရင်တော့ ပိုပြီးတော့ အငြင်းပွားစရာတွေရှိတယ်လို့ လည်း သမိုင်းပညာရှင်တွေက ထောက်ပြကြပါတယ်။
တစ်ဖက်မှာလည်း ကောင်းမွန်တဲ့အလေ့အထတွေဆိုရင် လူအများစုကလက်ခံကျင့်သုံးရင်းနဲ့ အချိန်ကြာလာတဲ့အခါ ယဥ်ကျေးမှုဖြစ်လာတာလို့ အဓိပ္ပါယ်ဖွင့်ကြတဲ့ ရာဇဝင်ဆရာတွေလည်းရှိပါတယ်။
“သနပ်ခါးအပင်ကလည်း မြန်မာမှာပဲရှိတယ်။ သနပ်ခါးအပင်ကအခေါက်ကိုခွာပြီး ကျောက်ပြင်မှာ သွေးလိမ်းတာလည်း မြန်မာမှာ ပဲရှိတယ်။ လူမျိုးမရွေးဘာသာမရွေး သနပ်ခါးကို သုံးစွဲတယ်။ မျက်နှာမှာလိမ်းချင်လိမ်းမယ် ဒါမှမဟုတ် ကလေးတွေ ရင်အေးအောင် သနပ်ခါးခွန့်တဲ့ အလေ့အထလည်းရှိတယ်။ ကိုယ်ခန္ဓာယောင်နေလို့ ဘယ်လိုသွေးလိမ်းလိုက် ဆိုတာတွေလည်းရှိတယ် ဒါတွေအားလုံး ဟာ မြန်မာ့ ICH (ဒြပ်မဲ့ယဉ်ကျေးမှု) တွေပဲဖြစ်တယ်”
“သနပ်ခါးဆို မြန်မာပဲ ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်တယ်” လို့ ရှေးဟောင်းသုတေသန ပညာရှင် ဒေါ်ဥမ္မာမျိုးက ဘီဘီစီ ကို ပြောပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်အများဆုံး
ကြည့်ရန် မရနိုင်သေးပါ။