ဆရာဝန်ကို ဒဏ်ရာရစေတဲ့ ကြက်တူရွေးကြောင့်ပိုင်ရှင် ထောင်နဲ့ငွေဒဏ်ချခံရ
ရေးသားသူ - ကယ်ရီအယ်လန်၊ BBC Monitoring
ထိုင်ဝမ်မှာ ကြက်တူရွေးပိုင်ရှင်တစ်ယောက်ဟာ သူ့ကြက်တူရွေးက ဆရာဝန်တစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်ဆိုပြီး ထောင်ဒဏ် နှစ်လနဲ့ ထိုင်ဝမ်ဒေါ်လာ ၃ ဒသမ ၄ သန်း (အမေရိကန်ဒေါ်လာ ၉၁,၃၅၀) ဒဏ်ရိုက်ခံလိုက်ရပါတယ်။
ကြက်တူရွေးကြောင့် ဒေါက်တာလင်းဆိုသူဟာ လဲကျပြီး သူ့ တင်ပါးဆုံရိုးကျိုးလို့ ဆီးခုံရိုးအက်သွားခဲ့တယ်လို့ ထိုင်ဝမ်ဗဟိုသတင်းအေဂျင်စီသတင်းမှာ ဖော်ပြထားပါတယ်။
ကြက်တူရွေးဟာ သူ့ကျောကုန်းပေါ်လာနားပြီး တောင်ပံ တဖျတ်ဖျတ်ခတ်တာမို့ သူ့အကြီးအကျယ်ထိတ်လန့်သွားခဲ့တယ်လို့ ဆရာဝန်ကပြောတယ်လို့ ဆိုပါတယ်။
ပိုင်ရှင်က အဲဒီကြက်တူရွေးနဲ့ နောက်တစ်ကောင်ကို ဒေါက်တာလင်း လေ့ကျင့်ခန်းလုပ်ပြေးနေတဲ့ နားမှာ လာပျံခိုင်းခဲ့တာဖြစ်ကြောင်း တရားရုံးမှာကြားနာခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေါက်တာလင်းက ကြက်တူရွေးပိုင်ရှင် ဟွမ်ဆိုသူကို "ပေါ့ဆမှုကြောင့် တစ်ပါးသူ နာကျင်ဒဏ်ရာရစေမှု"၊ သူ့ဒဏ်ရာ ဆေးကုသစရိတ်နဲ့ အလုပ်မလုပ်နိုင်လို့ "ငွေကြေးဆုံးရှုံးရမှု" တွေနဲ့ တရားစွဲဆိုခဲ့တာပါ။ ဆရာဝန်က သူ ဆေးရုံကို တစ်ပတ်ကြာတက်ရောက်ကုသခံယူခဲ့ရပြီး ခြောက်လလောက်ကြာအောင် အလုပ်မလုပ်နိုင်ခဲ့ဘူး၊ ခြောက်လလောက် ပြန်နာလန်ထူအောင်ကုခဲ့ရပြီး အဲဒီထဲမှာ သုံးလက အထူးပြုစုစောင့်ရှောက်မှု ခံယူခဲ့ရတယ်လို့ တရားရုံးမှာထွက်ဆိုပါတယ်။
သူ့ရှေ့နေက TVBS သတင်းဌာနကို ပြောရာမှာ ဒေါက်တာလင်းဟာ ပလပ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှုပေးသူ ဖြစ်ပြီး "သူ့အလုပ်အရ ခွဲစိတ်ကုသမှုတွေပေးဖို့ အချိန်အကြာကြီး မတ်တပ်ရပ်အလုပ်လုပ်ဖို့လိုတဲ့အကြောင်း" ၊ အခုလို ဒဏ်ရာရသွားလို့ အလုပ်မလုပ်နိုင်တဲ့အတွက် ငွေကြေးအရ အများကြီး နစ်နာတဲ့အကြောင်း ပြောပြပါတယ်။
“အခုတော့ သူလမ်းလျှောက်နိုင်ပါပြီ၊ ဒါပေမဲ့ ကြာကြာရပ်ရင် ထုံလာနာလာတယ်” လို့ ရှေ့နေက ဆိုပါတယ်။
တိုင်နန်ခရိုင်တရားရုံးက အရာရှိတစ်ယောက်ကတော့ ဒီလို အမှုမျိုးဟာ ရှားပါးလှပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ပြောပါတယ်။
တရားရုံးကတော့ ဒေါက်တာလင်း လဲကျရတာဟာ ဟွမ်ရဲ့ ပေါ့ဆမှုကြောင့်လို့ ဆုံးဖြတ်ပါတယ်။
ကြက်တူရွေးက အရွယ်မငယ်
ကြက်တူရွေးဟာ အရွယ်အားဖြင့် ၄၀ စင်တီမီတာ (တစ်ပေကျော်)အမြင့်ရှိပြီး တောင်ပံတွေဖြန့်ရင် ၆၀ စင်တီမီတာ (နှစ်ပေနီးပါး) ရှိတာကြောင့် မစ္စတာဟွမ်ဟာ ကြီးမားတဲ့ တိရစ္ဆာန်တစ်ကောင်ကို ပိုင်ထားတာလို့ဆိုနိုင်ပြီး အပြင်ကိုခေါ်ထုတ်လာရင် သင့်တော်တဲ့ အကာအကွယ်တွေ လုပ်ထားပေးဖို့ သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထောင်ဒဏ်ကတော့ လူတစ်ဦးကို မရည်ရွယ်ဘဲ ဒဏ်ရာရစေမှုနဲ့ချမှတ်တာလို့ ထိုင်ဝမ်သတင်းတွေမှာ ဖော်ပြပါတယ်။
မစ္စတာဟွမ်ကလည်း သူ တရားရုံးရဲ့အဆုံးအဖြတ်ကိုလေးစားပေမဲ့ သူ့ကြက်တူရွေးဟာ ရန်လိုတတ်တဲ့ သတ္တဝါမဟုတ်တာရယ် ချမှတ်တဲ့ပြစ်ဒဏ်က သိပ်မြင့်နေတာရယ်ကြောင့် အယူခံသွားမယ်လို့ဆိုပါတယ်။
ကြက်တူရွေးကို ဘာလုပ်လိုက်တယ်ဆိုတာကတော့ မသိကြရပါဘူး။