ဖေဖော်ဝါရီ ၈ ရက်၊ နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - သက်ဆင် မြန်မာပြည်လာမယ်

သက်ဆင်ရှင်နာဝပ်နဲ့ သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သက်ဆင်ရှင်နာဝပ်နဲ့ သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ မြန်မာခရီးစဉ် မကြာခင်ဖြစ်လာနိုင်ဖွယ်ရှိတယ် လို့ သံတမန်အရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာအော်မန်ဟာရှင်ရဲ့ နေပြည်တော်ခရီးစဉ်အပြီးမှာ သက်ဆင်ခရီးစဉ်အကြောင်း သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထိုင်းကိုပြည်တော်ပြန်ဝင်ခဲ့ပြီးကတည်းက မြန်မာ့အရေးကိုကြားဝင်ပေးဖို့ သိုသိုသိပ်သိပ်လှုပ်ရှားနေခဲ့တဲ့ သက်ဆင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တွေ့ခွင့်တောင်းထားတယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

''နှစ်ဖက်ညှိနှိုင်းမှုတွေအဆင်ပြေရင် ခရီးစဉ်က မကြာခင်ဖြစ်လာဖို့ရှိတယ်'' လို့ နေပြည်တော်နဲ့ရော သံတမန်တွေနဲ့ပါ အဆက်အသွယ်ရှိတဲ့ ဘီဘီစီသတင်းအရင်းအမြစ်ကပြောပါတယ်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဟာ အာဆီယံရေးရာအတွက် အလွတ်သဘော အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဦးဆောင်နေတာ ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ဖေဖော်ဝါရီ ၂ ရက်က တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြပါသေးတယ်။

စီးပွားရေးသမားနောက်ခံကနေ နိုင်ငံရေးသမားဖြစ်လာသူ သက်ဆင်ဟာ မြန်မာစစ်တပ်ခေါင်းဆောင်ဟောင်းတွေ နဲ့ အဆက်အဆံ ရှိခဲ့ဖူးသူဖြစ်ပြီး ထောက်လှမ်းရေးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်၊ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ တို့နဲ့လည်း ခင်မင်ပါတယ်။

အသက် ၇၀ ကျော်အရွယ် သက်ဆင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့လည်း မိတ်ရင်းဆွေရင်းတွေ ဖြစ်ပါတယ်။

သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာလည်း သမ္မတရှီကျင်းဖျင်နဲ့ မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ် လို့ တရုတ်သတင်းတွေကဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကအွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို ထိုင်းရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို တရုတ်သမ္မတက ချီးမွမ်းခဲ့တယ်လို့ တရုတ်သတင်းတွေမှာဖော်ပြပါတယ်။ ‌

မလေးရှားမှာ ပြန်ပေးဆွဲခံရတဲ့ မြန်မာအလုပ်သမား ၈ ယောက် ဘာဆက်ဖြစ်နေလဲ

ပြန်ပေးဆွဲခံရတဲ့ မြန်မာအလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, ကေအာစီ မလေးရှား

ဓာတ်ပုံ ပုံစာ, ပြန်ပေးဆွဲခံရတဲ့ မြန်မာအလုပ်သမားတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ မြန်မာအလုပ်သမား ၈ ယောက် ပြန်လွတ်လာပြီး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို ဆေးကုပေးနေတယ်လို့ လိုက်ပါကူညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်အမျိုးသမီးနှစ်ယောက်၊ အမျိုးသား ငါးယောက်၊ ချင်းအမျိုးသား တစ်ယောက်တို့ ပြန်ပေးဆွဲခံရတာဖြစ်ပြီး လန်ချားမြို့နယ်က လက်အိတ်စက်ရုံမှာ တစ်ရက်ကို မလေးငွေ ရင်းဂစ် ၉၀ (မြန်မာငွေ လေးသောင်းနှစ်ထောင်ကျော်) ရမယ်ဆိုပြီး ဇန်နဝါရီ ၃၁ ရက်မှာ လိမ်လည်ခေါ်ခံခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာတော့ လက်တွေကို ကြိုးတုတ်ပြီး ရင်းဂစ် တစ်သောင်း (ကျပ်လေးဆယ့်ခုနှစ်သိန်းကျော်) နဲ့ ပြန်ရွေးဖို့ မိသားစုဝင်တွေကို ဆက်သွယ်ခိုင်းတယ်လို့ သိရပါတယ်။

မိသားစုဝင်တစ်ယောက်က ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီရုံး ( CARC ) ကို ဆက်သွယ်လာတာကြောင့် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ကြပါတယ်။

အဲဒီနောက် ဒီပြန်ပေးဆွဲခံရသူတွေ မတိုင်ခင် လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမားတစ်ယောက်ရဲ့ အကူအညီနဲ့ မလေးရှားရဲတပ်ဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးခံထားရတဲ့ နေရာကို ရှာတွေ့ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ CARC ဒုတိယဥက္ကဋ္ဌ ဦးရာဇာက ပြောပါတယ်။

"ကျွန်တော်တို့ သွားတိုင်တော့ ရဲက မယုံသေးဘူးဗျ၊ သူတို့ရှေ့မှာတင်ပဲ ပြန်ပေးငွေတောင်းတဲ့ ဖုန်းက ဝင်လာတယ်။ ဒါနဲ့ ရဲကလည်း မှတ်တမ်းယူထားတာ။ ဒီမတိုင်ခင် ချင်းအမျိုးသား တစ်ယောက်လည်း ပြန်ပေးဆွဲခံရပြီး လွတ်လာလို့ ချင်းအဖွဲ့တွေက အမှုဖွင့်နေတာရှိတယ်။ အဲဒါနဲ့ ချိတ်ဆက်ပြီး ရဲတွေက ဝင်ဖမ်းကြတာ"လို့ သူက ပြောပါတယ်။

ပြန်ပေးဆွဲသူ ၆ ယောက် ဖမ်းမိပြီး မလေးရှားနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်လို့လည်း သိရပေမဲ့ မြန်မာဘယ်နှယောက်ပါတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

ပြန်ပေးဆွဲခံရတဲ့ အလုပ်သမားတွေကို ရိုက်နှက်၊ကန်ကျောက် နှိပ်စက်တာတွေ လုပ်ခဲ့ကြလို့ ရောင်ရမ်းနာကျင်နေကြတယ်လို့လည်း ဦးရာဇာက ပြောပါတယ်။

အလုပ်သမားတစ်ယောက်ဆိုရင် နားတစ်ဖက် အကြားအာရုံ ထိခိုက်သွားတယ်လို့ သူကပြောပါတယ်။ သူတို့တွေကို ဆေးရုံမှာ ပြသပြီးနောက် ဆေးစစ်ချက် မှတ်တမ်းတွေကိုလည်း ရယူထားပြီလို့ သိရပါတယ်။

မလေးရှားရဲ့ မြန်မာ့အရေးအထူးသံနဲ့ NUG ၊ K2C တို့ဘန်ကောက်မှာတွေ့ဆုံ

မလေးရှားရဲ့ မြန်မာ့အရေး အထူးသံတမန် မစ္စတာ တန်ဆီရီအော့မန်းဟာရှင်

ဓာတ်ပုံ ရင်းမြစ်, BERNAMA

ဓာတ်ပုံ ပုံစာ, မလေးရှားရဲ့ မြန်မာ့အရေး အထူးသံတမန် မစ္စတာ တန်ဆီရီအော့မန်းဟာရှင်

၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားရဲ့ မြန်မာ့အရေး အထူးသံတမန် မစ္စတာ တန်ဆီရီအော့မန်းဟာရှင် ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ K2C (KNU, KNPP, CNF) အဖွဲ့ တွေနဲ့ တွေ့ဆုံနေတယ်လို့ သံတမန်သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၇ ရက်နဲ့ ဒီကနေ့ ၈ ရက် ၊ ၂ ရက်တာတွေ့ဆုံတာဖြစ်ပြီး လာမယ့် ဧပြီမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားစတင်အကောင်အထည်‌‌ဖော်မယ့် မြန်မာ့ပြဿနာဖြေရှင်းရေးလုပ်ငန်းစဥ်အတွက် ဘက်ပေါင်းစုံက နိုင်ငံရေးဦးဆောင်အဖွဲ့တွေနဲ့တွေ့ဆုံတာလို့ သံတမန်သတင်းရင်းမြစ်က ဆိုပါတယ်။

K2C မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ပါဝင်ပြီး NUG နဲ့ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်ပါတယ်။

'' မြန်မာ့ပြဿနာကို မြန်မာက သက်ဆိုင်သူအားလုံးပါဝင်ဖြေရှင်းရေး လမ်းကြောင်းကို မလေးရှားက ဧပြီမှာ ဖော်ဆောင်မှာဖြစ်တဲ့အတွက် အထူးသံက အားလုံးနဲ့လိုက်တွေ့နေတာပါ။ ထိုင်းဘက်ကလည်း ကူညီပေးတာရှိပါတယ်'' လို့ သူက ရှင်းပြပါတယ်။

မြန်မာ့အရေး အထူးသံဟာ ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်ကို သွားခဲ့ပြီးအဲဒီမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့သလို အဲဒီနောက်ရက်မှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေး Dusit Manapan နဲ့တွေ့ဆုံထားပါတယ်။

၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဟာ ၂၀၂၃ ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ အကူအညီနဲ့အတူ အင်ဒိုနီးရှားဖော်ဆောင်ခဲ့တဲ့ အားလုံးတွေ့ဆုံရေးနဲ့ အားလုံးပါဝင်ရေး လမ်းကြောင်းကို ပုံဖော်နေတာလို့ သံတမန်သတင်းရင်းမြစ်ကပြောပါတယ်။

မလေးရှားရဲ့ မြန်မာ့အရေး အထူးသံနဲ့ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်လို့ NUG ၊ K2C တို့ကို ဘီဘီစီက ဆက်သွယ်‌မေးမြန်းဖို့ကြိုးစားနေပါတယ်။

မိုင်းရယ်မှာ ကျားဖြန့်လုပ်သူ ၈၁ ယောက်ဖမ်းဆီးခံရ

ဖမ်းဆီးခံရတဲ့ ကျားဖြန့် လုံခြုံရေးအဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံရတဲ့ ကျားဖြန့် လုံခြုံရေးအဖွဲ့ဝင်တွေ

ဗီယက်နမ်အမျိုးသမီး ၁၈ ဦး ပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်ထဲက တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းနေရာတွေကို စီးနင်းဝင်ရောက်ခဲ့လို့ သုံးရက်အတွင်း ၈၁ ယောက် ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပါတယ်။

ဝင်ရောက်ဖမ်းဆီးချိန်မှာ ကျားဖြန့်အဖွဲ့ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပြီး ကျားဖြန့်လုံခြုံရေးအဖွဲ့က နှစ်ယောက်သေဆုံးသလို လုံခြုံရေးအဖွဲ့ ၅ ယောက်နဲ့အတူ လက်နက်တွေကိုပါ ဖမ်းမိတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကနေ နာရီနဲ့ချီအောင် ဆက်သွားရတဲ့ မိုင်းရယ်မှာ တရုတ်နိုင်ငံသား ၂၉ ယောက်၊ မြန်မာနိုင်ငံသား ၃၄ ယောက်နဲ့ ဗီယက်နမ်အမျိုးသမီး ၁၈ ယောက် စုစုပေါင်း ၈၁ ယောက် ဖမ်းမိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်အထိ စီးနင်းမှုအတွင်း ဖမ်းမိတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက အစိမ်းရောင် တူညီဝတ်စုံတွေ ဝတ်ဆင်ထားတာလည်း ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ကိုင်သူ အမျိုးသားတချို့က ညအိပ်ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး ကတုံးဆံပင်ပေါက်ပုံစံ တွေလည်း တူညီနေတာကိုလည်း တွေ့ရပါတယ်။

ကျားဖြန့်လုပ်ကိုင်နေသူတွေသာမက ဖုန်း၊ကွန်ပြူတာမျိုးစုံ၊ ငါးဂိမ်းစက်၊ မော်တော်ယာဉ် အပါအဝင် စတားလင့်ခ် နှစ်လုံးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေကို တရားစွဲဆိုဖို့နဲ့ ပြည်ပနိုင်ငံသားတွေကိုတော့ လူသားချင်း စာနာထောက်ထားမှုနဲ့ နိုင်ငံချင်း ချစ်ကြည်ရင်းနှီးမှုအရ လွှဲပြောင်းပေးသွားမယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဘူးလို့ တရုတ်ပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျင်းက မြန်မာ့အရေးနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျင်းက မြန်မာ့အရေးနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေးတို့အတွက် ထောက်ခံပေးနေပြီး ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျင်းက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့တွေ့ဆုံချိန် မြန်မာအရေးနဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်ကြသလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန်ဟာ တရုတ်နိုင်ငံကို အလုပ်ခရီးစဉ်အနေနဲ့ ဖေဖော်ဝါရီ ၅ ရက်ကနေ ၈ ရက်အထိ ရောက်ရှိနေတာဖြစ်ပြီး ပထမဆုံးရက်မှာပဲ တရုတ်သမ္မတနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ လင်ဂျင်း က မြန်မာနဲ့ တရုတ်တို့ဟာ ဖော်ရွေတဲ့ အိမ်နီးချင်းတွေဖြစ်ပြီး မြန်မာနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်းရှိတယ်လို့လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက နိုင်ငံရေးနည်းလမ်းနဲ့ညှိနှိုင်းဆွေးနွေးဖို့ တရုတ်က ထောက်ခံပြီး မြန်မာ့နိုင်ငံရေးပြောင်းလဲမှု လုပ်ငန်းစဉ်ပြန်လည်စတင်တာကိုလည်း ထောက်ခံတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေးကိုလည်း တရုတ်အနေနဲ့ ဆက်လက်ထောက်ခံတယ်လို့ ပြောပါတယ်။

တရုတ်သမ္မတနဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုမှာ နှစ်နိုင်ငံပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း‌ငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွေကို သေသေချာချာ ကိုင်တွယ်ဖို့ ခေါင်းစဉ်တရပ်အနေနဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။