ဆင်မကြီးက ပျိုးထောင်ပေးခဲ့သူ
- ရေးသားသူ, ဆူးနက် ပရဲရား
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတစ်လွှား
ကျွန်တော် ငယ်ငယ်က အိမ်မှာ သူများအိမ်တွေမှာလို ကြောင်လေး၊ ခွေးလေးတွေ မမွေးထားပါဘူး။ အိမ်မှာ မွေးထားတာက ဆင်တွေပါ။
စာရေးဆရာကြီး ရတ်ယာ့ဒ် ကစ်ပလင်ရဲ့ Jungle Book ဆိုတဲ့ စာအုပ်ထဲက ဝံပုလွေတွေက မွေးစားပျိုးထောင်ပေးခဲ့တဲ့ နာမည်ကျော် ဇာတ်ကောင် မောဂလိလိုပဲ ကျွန်တော့် ကလေး ဘဝမှာလည်း ဒီဆင်တွေဟာ အစားထိုးမရနိုင်အောင် အရေးပါခဲ့ကြပါတယ်။
ဆင်တွေနဲ့ပဲ ဖက်လှဲတကင်းနေရင်း၊ စကားတွေ ပြောရင်း၊ အတူစားသောက်ရင်း၊ သင်ယူလေ့လာရင်းနဲ့ ကျွန်တော် ကြီးပြင်းခဲ့ပါတယ်။
ကျွန်တော် ၇ နှစ် အရွယ်လောက်က စပြီး ညနေစောင်း နေဝင်ချိန် ဆင်တွေ ရေချိုးဆင်းပြီး ပြန်လာတိုင်း သူတို့ ဦးကင်းထက်မှာ စီးနင်းလိုက်ပါတတ်ခဲ့ပါတယ်။ မောဂလိက သူ့ရဲ့ အဖော် ကျားသစ်နက်ကြီး ဘာ့ဂ်ဟီရာနဲ့ ဝက်ဝံကြီး ဘလူးတို့ကို စီးသလိုပေါ့ဗျာ။
တကယ်တော့ ဆင်တွေ ဆိုတာ ကျွန်တော့် အတွက် တိရစ္ဆာန်တွေဆိုတာထက် ပိုအဓိပ္ပာယ်ရှိပါတယ်။ ဆင်တွေနဲ့ ကျွန်တော့်အကြား အင်မတန် ကြီးမားတဲ့ သံယောဇဉ်ကြိုးတွေ ရှိခဲ့ပါတယ်။
သီရိလင်္ကာတောင်ပိုင်း ရတနာပူရ ဆိုတဲ့ မြို့မှာ ကျွန်တော်တို့ မိသားစု နေထိုင်ကြတာပါ။ ကျွန်တော်တို့ မိသားစုဟာ လူဦးရေ ၂၂ သန်းရှိတဲ့ နိုင်ငံထဲက ဆင်ပိုင်တဲ့ လက်တဆုပ်စာ မိသားစုတွေထဲမှာ ပါ ပါတယ်။
ကျွန်တော့် အဘိုးမှာ ဆင် ၅ ကောင် ရှိပါတယ်။ အမ ၂ ကောင်နဲ့ အထီး ၃ ကောင်ပါ။ အဲဒီထဲကမှ စွယ်တချောင်းဆင်ကြီး ဧကဒန်သက ဆင်မိသားစုကို ဦးဆောင်ပါတယ်။
တောင်အာရှ နိုင်ငံတွေမှာတော့ ဒီလို အစွယ်ကြီးနဲ့ ဆင်ကြီးတွေကို အင်မတန်မှ တန်ဖိုးထားကြပါတယ်။ ထားဆို အာရှဆင်မျိုးတွေမှာ ဆင်ထီးတိုင်း အစွယ်မှ မရှိကြတာ၊ သီရိလင်္ကာမှာတောင် ရှိရှိသမျှ ဆင်ထီးပမာဏရဲ့ ၂ ရာခိုင်နှုန်းသာသာပဲ အစွယ်ရှိတယ်လို့ သဘာဝ သားရိုင်းဌာနက ပြောထားတာသာ ကြည့်ပါ။ ကျွန်တော်တို့ ဆီက အာရှ ဆင်မျိုးတွေမှာသာ အထီးတိုင်း အစွယ်မရှိကြပေမယ့် အာဖရိက ဆင်မျိုးတွေကျတော့ အထီးရော အမရော အစွယ်တကားကားနဲ့ ဖြစ်နေပြန်ရောဗျာ။
ဧကဒန်သ ကြီးက ခေါင်းဆောင်ဆင်ကြီး ဖြစ်ပေမယ့် ကျွန်တော်ကတော့ မန်နီကဲ ဆိုတဲ့ ဆင်မလေး ကိုပဲ အမြဲစီးဖြစ်ပါတယ်။ သူက ကျွန်တော့် အသည်းကျော်ပေါ့ဗျာ။ မန်နီကဲ ဆိုတာက ကျွန်တော်တို့ ဘာသာစကားနဲ့ ဆိုရင် လေးစားအပ်သော အမျိုးသမီးလို့ ဆိုလိုတာပါ။
ရေချိုးဆင်းချိန်
ညနေခင်းတိုင်းမှာ အိမ်အနားက မြစ်ထဲမှာ ကျွန်တော်တို့ရဲ့ ဆင်တွေ ရေချိုးဆင်းကြပါတယ်။ ကျွန်တော့်ကိုတော့ အဘိုးက ခေါ်သွားပြီး သူတို့ ရေချိုးဆင်းကြတာကို စောင့်ပေးလေ့ ရှိကြပါတယ်။
ကျွန်တော် အသက်နည်းနည်း ကြီးလာတော့ ဆင်တွေသာ မကဘဲ မဟောက်လို့ ခေါ်တဲ့ ဆင်ထိန်းတွေကိုပါ စောင့်ကြည့်တတ်လာပါပြီ။ သူတို့ရဲ့ ချွန်းတွေနဲ့ ဆင်တွေကို ပေါက်တာမျိုးတွေ မလုပ်ဖို့ ကြည့်နေရပါတယ်။ မန်နီကဲက ရေထဲကို ဝပ်ချလိုက်ပြီဆို ဆင်ထိန်း ပရီမာရတ်သနာက ရေတွေ လောင်းပေးပြီး အုန်းခွံနဲ့ ကြေးညှော် တွေကို တိုက်ချွတ်သန့်ရှင်း ပေးပါတယ်။
အဲဒီလို ရေမလောင်းပေးခင်မှာလည်း ဆင်ထိန်းက လက်အုပ်ကလေးချီပြီး ဂါရဝပြု ခွင့်တောင်းလေ့ ရှိပါတယ်။ ပရီမာရတ်သနာဟာ နှုတ်ခမ်းမွှေးကားကားနဲ့ ပုပြတ်ပြတ် သက်လတ်ပိုင်း လူတယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့သွားတချောင်းတော့ မရှိရှာပါဘူး။ မန်နီကဲရဲ့ မတော်တဆ ကန်ချက်မိသွားလို့ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပရီမာရတ်သနာကလည်း သူ့ ချွန်းကို သုံးခဲလှ ပါတယ်။ သူလုပ်လေ့ ရှိတာက အရင်ဆုံး ဆင်ကို လှဲနေ အိပ်နေရာ ထရပ်ခိုင်းတဲ့ အခါ ပြောရတဲ့ ဒါဟာ ဆိုတဲ့ စကားကို ညင်ညင်သာသာလေး ပြောပြီး အမိန့်ပေးတာပါ။
အဲဒီလိုအခါမှာ မန်နီကဲ က မလှုပ်ဘူး ဆိုရင်တော့ အသံကို နည်းနည်းချင်း မြှင့်ပြီး အမိန့်ပေးပါတယ်။ ဒါကိုလည်း မန်နီကဲက ဂရုမစိုက်သေးရင်တော့ သူက ဒေါသထွက်ဟန်ဆောင်ရပါတယ်။ စိတ်ဆိုးပြီး ရိုက်ဖို့ နှက်ဖို့ တုတ်ရှာတဲ့ဟန် လုပ်ပြရပါတယ်။ ဒီဆင် နားများ လေးသွားပြီလား၊ ငါ ထပ်မပြောတော့ဘူးနော် ဘာညာဆို ဟိန်းဟောက် မာန်မဲတာမျိုးတွေလည်း လုပ်ရပါတယ်။
ဒါပေမယ့် သူ မန်နီကဲကို ဘယ်တော့မှ နာကျင်အောင် မလုပ်ဘူးဆိုတာ ကျွန်တော် သိပြီးသားပါ။ အထူးသဖြင့် ကျွန်တော့် ရှေ့မှာပေါ့ဗျာ။
အဲဒီလို ညနေခင်းတိုင်း မြစ်ဘေးက ကျောက်စောင်ပေါ်မှာ ထိုင်ရင်း ဒီပြဇာတ်ကိုပဲ မရိုးနိုင်အောင် ကြည့်ခဲ့ဖူးပါတယ်။
၁၀ မိနစ် ၁၅ မိနစ်လောက် အော်ကြ ဟစ်ကြ လုပ်ပြီးသွားရင် မန်နီကဲလည်း နားငြီးပြီ ထင်ပါရဲ့ဗျာ။ ထရပ်ပြီး သူ့ကိုယ်ပေါ်ကို ရေတွေနဲ့ လောင်း ကစားပြီး အိမ်ပြန်ဖို့ ဦးလှည့်ပါပြီ။
အဲဒီအခါမှာ ကျွန်တော်ကလည်း မန်နီကဲရေ လက်ကမ်းပေးနော်လို့ ယဉ်ယဉ်ကျေးကျေး အမိန့်ပေးပါတယ်။ အဲဒီအခါ သူကလည်း ကျွန်တော် ခုန်တက်ဖို့ ရှေ့ခြေကို ကြွပေးလာပါတယ်။ အဲဒီနောက်တော့ သူ့ ပေါ်တက်ထိုင်ပြီး အိမ်ပြန်ခရီးစကြတာပေါ့ဗျာ။
သူ့ကိုယ်ပေါ် ရေတွေ စိုနေပေမယ့် ကျွန်တော်ကတော့ အမြဲစီးလေ့ရှိပါတယ်။ အိမ်ပြန်ရောက်တာနဲ့ ရေတွေ ခြောက်နေမယ်ဆိုတာ သိနေတာကိုး။
တခါတလေကျတော့ ဆင်မွေးတွေက ကျွန်တော့် ဘောင်းဘီကိုတောင် ဖောက်ပြီး အပ်စူးသလို စူးတာလည်း ခံရတာပေါ့ဗျာ။
အဲဒီလို ပြန်လာတိုင်း အနားက ဖြတ်သွားတဲ့ လူတွေကလည်း တအံ့တဩ ကြည့်လေ့ ရှိကြပါတယ်။ ကလေးလေးက ဆင်ကြီး စီးလို့ပါလား ပေါ့ဗျာ။
အိမ်ရောက်ပြီ ဆိုရင် ကျွန်တော် အောက်ပြန်ဆင်းနိုင်ဖို့ အတွက် မန်နီကဲက ကျွန်တော်တောင် ပြောစရာမလိုဘဲ သူ့ခြေကို မြှောက်ပေးပါတယ်။
လူနေမှု အဆင့်အတန်း ပြယုဂ်
သီရိလင်္ကာမှာ ဆင်တွေဟာ လူမှုအဆင့်အတန်းရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ ဆင်ပိုင်ရင် သူဌေးပေါ့ဗျာ။
ဆင်ပိုင်ရင် ဂုဏ်ရှိတာတင် မကပါဘူး။ အလုပ်လည်း လုပ်ခိုင်းနိုင်သလို ဗုဒ္ဓဘာသာပွဲတော်တွေမှာလည်း ဝင်နွှဲနိုင်ကြပါတယ်။
၁၉၇၀ ပြည့်နှစ်က ကောက်ယူခဲ့တဲ့ စာရင်းအရ ဆင်ပိုင်ရှင် ၃၇၈ ယောက်ရှိပြီး သူတို့ မွေးထားတဲ့ ဆင်ကောင်ရေ ၅၃၂ ကောင်တောင် ရှိပါတယ်။
ဒါပေမယ့် ဒီနေ့တော့ ဆင်ပိုင်ရှင် ၄၇ ယောက်ပဲ ကျန်တော့သလို ဆင်ကောင်ရေကလည်း ၉၇ ကောင်ထိ ကျဆင်းသွားခဲ့ပြီလို့ သီရိလင်္ကာ ဆင်ပိုင်ရှင်များ အစည်းအရုံးရဲ့ အတွင်းရေးမှူးက ပြောပါတယ်။
သီရိလင်္ကာက တခြားကလေးငယ်လေးတွေလိုပဲ ကျွန်တော် ငယ်ငယ်ကလည်း ဧပြီလ ရောက်ဖို့ အမြဲ မျှော်နေတတ်ပါတယ်။ တကယ်တော့ ဧပြီလဟာ ကျွန်တော် အကြိုက်ဆုံးလပါ။ ဧပြီလရောက်ရင် ဆင်ဟာလာ ဟိန္ဒူ နှစ်သစ်ကူးပွဲ ကျင်းပကြသလို ကျောင်းတွေကလည်း အကြာကြီး ပိတ်ထားကြတာလေ။
ကျွန်တော်နဲ့ ရွယ်တူ တခြား ကလေးတွေက အဝတ်သစ် အစားသစ် ကစားစရာသစ်တွေ မျှော်လေ့ ရှိကြပေမယ့် ကျွန်တော်ကတော့ ကျွန်တော့် အချစ်တော် ဆင်ကြီးတွေ သစ်တုံးကြီးတွေကို ချီမ ဆွဲပြီး အလုပ်လုပ်နေကြတဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းခွင်တွေကနေ ပြန်လာမယ့် အချိန်ကို မျှော်ပါတယ်။
ပွဲတော်ကာလတွေမှာ သစ်လုပ်ငန်းတွေကလည်း ခဏရပ်ကြတာဆိုတော့ ဆင်တွေလည်း အိမ်ပြန်နိုင်ကြတာပေါ့။ ဝေးလံတဲ့ နေရာတွေဆီ သွားလုပ်ရရင်တော့ အိမ်ပြန်ခရီးက သီတင်းပတ်နဲ့ချီပြီး ကြာတတ်ပါတယ်။
ဆင်တွေ ဝင်လာပြီ ဆိုတာနဲ့ သူတို့ မှာ ဆွဲထားတဲ့ ခလောက်သံတွေ၊ ခြေမှာ ပတ်ထားတဲ့ သံကြိုးကြီးတွေ ရဲ့ အသံတွေကြားရပါပြီ။
အိမ်နား ရောက်လာတာနဲ့ သူတို့ ခြေလှမ်းတွေက မြန်လာကြပါပြီ။ သံချိန်းကြိုးတွေရဲ့ အသံတွေရော ခလောက်သံတွေရော ပိုကျယ်လာပါပြီ။
ဆင်တွေကိုလည်း စောင့်နေကြတဲ့ သူတွေက ငှက်ပျောသီးတွေ၊ ကြံတွေ၊ ပင်လယ်ဆားတွေ ဒါမှမဟုတ် မန်ကျည်းသီးတွေ နဲ့ တံခါးမကြီးရှေ့မှာ စောင့်ကြိုနေကြပါပြီ။
ဆင်တွေကလည်း သူတို့ နှာမောင်းကြီးတွေကို အိမ်ထဲကို သွင်းပြီး အနံ့ခံပါတယ်။ နှာမောင်းထိပ်ကလေးကို ချွန်ပြီး အစာတွေ ထပ်တောင်းလေ့ ရှိကြပါတယ်။ ဆင်တွေက သေးငယ်တဲ့ အရာတွေကို ဆုပ်ကိုင်ဖို့ အတွက် သူတို့ နှာမောင်းထိပ်က အချွန်လေးတွေကို လက်ချောင်းတွေ သဖွယ် သုံးလေ့ ရှိကြပါတယ်။
အာရှဆင်တွေမှာ ဒီလို နှာမောင်းထိပ်က အချွန်လေးက ၁ ခုပဲ ပါပေမယ့် အာဖရိက ဆင်တွေကျ ၂ ခုတောင် ပါပါတယ်။
မန်နီကဲကတော့ အမြဲလိုလို ကျွန်တော့်ရှေ့ကိုပဲ ရောက်လာလေ့ရှိသလို သူ့ကို အစာကျွေးတဲ့အခါမှာလည်း ကျေနပ်သဘောတွေကျပြီး နားရွက်ကြီးတွေကို ခပ်ပြလေ့ ရှိပါတယ်။
ဒီလိုနဲ့ ကျွန်တော့် နွေကျောင်းပိတ်ရက်တွေဟာ ဆင်ရဲ့ မစင်နဲ့ ကျင်ငယ်နံ့တွေနဲ့ စတင် နေကျ ဖြစ်ပါတယ်။ ဆင်တွေကတော့ အိမ်နောက်ဖေးက ဆင်တင်းကုပ်ထဲမှာ သစ်လုပ်ငန်းခွင်ထဲ ပြန်မဝင်ခင် သီတင်းပတ် အနည်းငယ်လောက် အနားယူနိုင်ကြတာပေါ့ဗျာ။
ကျွန်တော်တို့ အတွက် အိမ်က လုံခြုံမှုပေးသလိုပဲ ဆင်တွေအတွက်လည်း အိမ်ဟာ လုံခြုံမှု ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ တခါတလေများဆို သူတို့တွေ လှဲပြီး အိပ်နေလိုက်ကြတာ အကြာကြီးပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကြတာများ ဟောက်များတောင် နေပါသေးတယ်။
အဲဒီ ခပ်အုပ်အုပ် ထွက်နေတဲ့ ဟောက်သံတွေနဲ့ တချက် တချက် နားရွက်လှုပ်သံတွေဟာ ကျွန်တော့်အတွက်တော့ နားဝင်ပီယံ ရှိလှတဲ့ စည်းဝါးကျနေတဲ့ ဂီတသံလို ဖြစ်နေပါတယ်။
နောက်ပြီး အိမ်မွေးဆင်တွေဟာ တရှဲရှဲနဲ့ တခါတလေမှာ တဘုတ်ဘုတ်နဲ့ အသံတွေ ထွက်အောင် အစာတွေကို ဟိုဒီ ရွှေ့တတ်တဲ့ အကျင့်လည်း ရှိပါတယ်။
ကျွန်တော်ကတော့ အဲဒီ အသံတွေဟာ သံစုံတီးဝိုင်းက တေးသွားတွေလိုပါပဲ။ အမှောင်ထဲမှာဆို ပိုလို့တောင်မှ နားထောင်လို့ ကောင်းပါတယ်။
လသာတဲ့ညတွေမှာ အဝေးက ဆင်ဦးကင်းတွေကို မြင်ရတဲ့ အခါမျိုးမှာလည်း တယောက်တည်း မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ အတူ အဖော်ရှိသလို ခံစားမိခဲ့ပါတယ်။
ထူးခတ်ခံ ဘဝများ
တချို့ အိမ်မွေးဆင်တွေဟာ တသက်လုံး ထူးခတ် ခံပြီး နေကြရရှာပါတယ်။
သီရိလင်္ကာမှာ အယူတခု ရှိပါတယ်။ ဘာလဲ ဆိုတော့ အခု ဆင်ဖြစ်နေသူတွေဟာ အရင် ဘဝက ဆင်ပိုင်ရှင်ဆီမှာ အကြွေးတင်ခဲ့ကြတဲ့ လူတွေ ဖြစ်တယ်၊ အဲဒါကြောင့် အခုဘဝမှာ ဆင်အဖြစ်နဲ့ ပြန်လာပြီး အလုပ်လုပ်ရင်း အကြွေးဆပ်နေကြရတယ် ဆိုတာပါ။ ၁၉၉၀ ပြည့်နှစ်တွေရဲ့ အစောပိုင်းမှာ သီရိလင်္ကာရဲ့ သစ်လုပ်ငန်းကြီးတွေ ကျဆင်းသွားတဲ့ အခါမှာတော့ အိမ်မွေးဆင်တွေဆီက ဝင်ငွေရလမ်းတွေလည်း ရပ်သွားခဲ့ပါတယ်။ ဒါပေမယ့် အိမ်က ဆင်တွေထဲက ၃ ကောင် ကတော့ အဲဒီ မတိုင်ခင်မှာ ကြွေးကျေသွားခဲ့ကြပါတယ်။
စွယ်စုံဆင်ကြီး ဧကဒန်သ သေဆုံးချိန်မှာ ကျွန်တော့် အသက် ၅ နှစ်ပဲ ရှိသေးပေမယ့် အကုန် မှတ်မိနေဆဲပါ။ ဆင်ကြီး နေမကောင်းဖြစ်တော့လည်း လနဲ့ ချီပြီး ကုသပေးခဲ့ရပါတယ်။ ဒါပေမယ့် မကယ်နိုင်တော့ဘဲ ဧကဒန်သကို လက်လွှတ် ခဲ့ရပါတယ်။ သူ့ကို အိမ်နောက်ဘက် တနေရာမှာပဲ မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြပါတယ်။
ဆင်စီး ခရီးသွား
၉၀ ပြည့်နှစ်တွေရဲ့ အနှောင်းပိုင်းမှာတော့ သစ်ထုတ်လုပ်ငန်းတွေမှာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရတဲ့ အလုပ်တွေနေရာမှာ ပြည်ပက ခရီးသွားတွေအတွက် ဆင်စီး ခရီးသွားတဲ့ ဆာဖာရီ လုပ်ငန်းတွေ ခေတ်ထလာခဲ့ပါတယ်။
အဲဒီတုန်းက ကျွန်တော် ၈ တန်းရောက်နေပါပြီ။ မန်နီကဲကို ကျွန်တော်တို့ အိမ်နဲ့ ကီလိုမီတာ ၂၀၀ သာသာ လောက်မှာ ရှိတဲ့ ဟဘာရာနာ ဆိုတဲ့ သီရိလင်္ကာ မြောက်ပိုင်းက အပန်းဖြေ မြို့လေးကို ပို့ပေးလိုက်ကြပါတယ်။ အဲဒီ မတိုင်ခင်အထိ မန်နီကဲဟာ လော်ရီကားနဲ့ တခါမှ ခရီးမသွားခဲ့ဖူး ရှာပါဘူး။
ထုံးစံအတိုင်း ပရီမာရတ်သနာက အော်ဟစ် ကားပေါ်တက်ခိုင်း၊ ဒီတခါတော့ မန်နီကဲဟာ မကြားချင်ယောင်ဆောင်ပြီး မထုံတတ်တေးနဲ့ ပေကပ်ကပ် လုပ်နေတာမျိုး မဟုတ်ပါဘူး။ တကယ်ကို ကြောက်နေခဲ့ရှာတာပါ။ သူ့မှာကြောက်ပြီး ကျင်ငယ်တွေထွက် ကျင်ကြီးတွေပါနဲ့ အကြိမ်ကြိမ် ဖြစ်နေတာပါ။ သူဘယ်လောက် သောက ရောက်နေမလဲ ဆိုတာ မှန်းကြည့်လို့ ရပါတယ်။ ပထမတော့ ရှေ့ခြေနှစ်ချောင်းကို လော်ရီကားပေါ် တင်လိုက်ပါသေးတယ်။ ဒါပေမယ့် နောက်ခြေနှစ်ချောင်းကတော့ မြေပေါ် ထောက်လျက်သားပါပဲ။ လော်ရီကားပေါ် မတက်ချင်ဘဲ အကျောက်အကန် ငြင်းဆန်နေခဲ့ရှာပါတယ်။
ဒီလို နာရီနဲ့ချီ ရုန်းကန်နေခဲ့ပြီးနောက် သူ လော်ရီပေါ်ကို ရောက်သွားခဲ့ပါတယ်။ လမ်းဘေးမှာလည်း ဒီအဖြစ်ကို လာကြည့်ကြတဲ့ ပရိသတ်က မနည်းရှိနေပါပြီ။
မန်နီကဲကို လော်ရီကားနဲ့ သယ်သွားကြတာကို ကျွန်တော် အဝေးတနေရာကနေ ရပ်ကြည့်နေခဲ့ပါတယ်။ ကျွန်တော့်မြင်ကွင်းကနေ မန်နီကဲတို့ လုံးဝ ပျောက်ကွယ်သွားတဲ့ အထိပါ။
မန်နီကဲကို အဝေးကြီးကို ခေါ်သွားကြပြီ ဆိုပြီး ရင်ထဲမှာ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ မကြာခင်မှာ ပြန်ဆုံကြမယ် မန်နီကဲရေလို့ ကျွန်တော့်ဘာသာတီးတိုး ရေရွတ်မိခဲ့ပါတယ်။
နောက်ဆုံးအချိန်များ
ကျွန်တော်တို့ မန်နီကဲဆီကို တနှစ်ကို တခေါက်၊ နှစ်ခေါက်လောက် သွားကြည့်ကြပါတယ်။ ဧပြီလ ရောက်တိုင်းလည်း မန်နီကဲ အိမ်ကို ပြန်လာပြီး သီတင်းပတ် အနည်းငယ် အနားယူလေ့ရှိပါတယ်။ သူလည်း လော်ရီကားနဲ့ ခရီးသွားခြင်းကို ယဉ်ပါးနေပါပြီ။ သူ့အသက်ဟာလည်း ၆၀ နီးပါး ရှိလာနေပါပြီ။ ဒါပေမယ့် ဆင်တွေမှာ အငြိမ်းစားယူရတယ်ဆိုတာမျိုး မရှိရှာပါဘူး။
ဆင်တွေဟာ သူတို့ဘဝ နောက်ဆုံးကာလတွေအထိ အလုပ်လုပ်ပေးကြရသလို ယဉ်ကျေးမှု ပွဲတော်တွေမှာလည်း ပါဝင် အသုံးတော် ခံပေးရပါတယ်။
ဒါပေမယ့် ကျွန်တော်အဖေကတော့ အဆုံးမှာ မန်နီကဲကို အိမ်ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို အိမ်ပြန်ခေါ်ထားတော့ သူ့အတွက် စရိတ်စကတော့ ထောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူ့ကို အလုပ်မလုပ်စေတော့ပါဘူး။
၂၀၀၆ ခုနှစ်ရဲ့ အဆုံးပိုင်းကာလမှာ မန်နီကဲကို အိမ်နဲ့ ကီလိုမီတာ ၃၀ လောက် အကွာက အုန်းခြံဆီကို ပို့ပေးခဲ့ပါတယ်။ အဲဒီမှာ သူ့အတွက် အုန်းလက် အုန်းရွက်တွေနဲ့ တခြား အစားအစာတွေ ပေါလှပါတယ်။
အဲဒီခရီးဟာ သူ့အတွက် နောက်ဆုံး ခရီးဆိုတာ ကျွန်တော်ရော မန်နီကဲရော မသိခဲ့ကြပါဘူး။
အုန်းခြံရောက်သွားပြီး ရက်အနည်းငယ် အကြာမျာ မန်နီကဲ နေမကောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ချက်ချင်း လိုက်သွားကြပြီး သူ့ကို ဆေးကုပေးဖို့ စီစဉ်ကြပါတယ်။
မန်နီကဲကတော့ အုန်းတောကြီး အလယ်မှာ လဲလျောင်းလို့ နေရှာပါပြီ။
ကျွန်တော်တို့ ရောက်သွားပေမယ့် သူ့မှာ ခွန်အားတွေ ကုန်ခမ်းနေပါပြီ။ ကျွန်တော်တို့ကို ထတောင် မကြည့်နိုင်တော့ပါဘူး။ ဒါပေမယ့် အစာတောင်းတဲ့အခါ လုပ်သလိုမျိုး သူ့နှာမောင်းလေးကို ကျွန်တော်တို့ ဘက်ကို ချွန်ပြီး အနံ့ခံရင်း နှုတ်ဆက် ရှာပါတယ်။
သူ့ ဝေဒနာတွေ သက်သာလို သက်သာငြား ကျွန်တော် သူ့ ဦးကင်းကို ပွတ်ပြီး နှစ်သိမ့်ပေးခဲ့ပါတယ်။
အဲဒီညနေက နည်းနည်း မှောင်မှ ကျွန်တော်တို့ ပြန်ခဲ့ကြပါတယ်။ ရင်ထဲမှာတော့ မကြာခင် ပြန်နေကောင်းလာမှာပါလို့ မျှော်လင့်နေခဲ့တာပေါ့ဗျာ။
နောက်တနေ့ မိုးလင်းတော့ အိမ်ကို ဖုန်းဝင်လာပါတယ်။ မန်နီကဲ ကျွန်တော်တို့ အပေါ်တင်နေတဲ့ သူ့ အကြွေးတွေ ကျေသွားရှာပြီ ဆိုတဲ့ စိတ်မကောင်းစရာ သတင်းပါ။
သူ့ ဈာပနကို ကျွန်တော် သွားခဲ့ပါတယ်။ နောက်ဆုံး ဂါရဝနဲ့ အတူ နှုတ်ဆက်ခဲ့ပါတယ်။ အုပ်ဆိုင်းဆိုင်း အုန်းပင်တစုရဲ့ အောက်မှာ မန်နီကဲဟာ ငြိမ်သက်စွာ လဲလျောင်းနေပါပြီ။ သူ့ မျက်နှာပြင်ပေါ်မှာ အဝတ်ဖြူလေး လွှမ်းပေးထားပါတယ်။ ဗုဒ္ဓဘာသာ ထုံးတမ်းတွေ အတိုင်း ဘုန်းတော်ကြီးတွေ ပင့်ပြီး ကျင်းပပေးခဲ့ပါတယ်။
နိဂုံး
တကယ်တော့ မန်နီကဲဟာ ကျွန်တော့် ဘဝအတွက် အဖော်ကောင်းပဲ ဖြစ်ပါတယ်။
ကျွန်တော့်အတွက် မိဘတွေက ရုန်းကန်ကြိုးစားပြီး ပညာသင် မြေထောင်မြှောက်ပေးခဲ့ကြပါတယ်။ တဖက်မှာ မိဘတွေ ဒီလို လုပ်ပေးနိုင်ဖို့ အတွက် မန်နီကဲလည်း ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေ လုပ်ပေးခဲ့ရှာပါတယ်။
ကျွန်တော်ဟာ ဆင်သွေးလည်းမပါ၊ ဆင်တကောင်လည်းမဟုတ်ပေမယ့် ကျွန်တော် လူလူသူသူ ဖြစ်လာစေဖို့ အတွက် ဆင်မကြီး မန်နီကဲ ကလည်း ကြိုးစား မြေထောင်မြှောက်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒီတသက် ကျွန်တော် မန်နီကဲနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ပါဘူး။
လန်ဒန်မြို့ ရဲ့ ရှုပ်ထွေးတဲ့ လမ်းတွေကို ဖြတ်သန်းကာ ဘီဘီစီရုံးကို လာရင်း လမ်းမှာ ငယ်စဉ် ကလေးဘဝက ပုံရိပ်တွေ ကျွန်တော့် အတွေးထဲကို တဖြတ်ဖြတ်နဲ့ စီးမြောဝင်ရောက်လာပါတယ်။
မသိစိတ်ကနေ တဆင့် ကျွန်တော့် အတွေးတွေထဲကို မန်နီကဲ ဝင်ရောက် လာခဲ့ပါတယ်။
စိတ်ကူးမျက်ဝန်းထဲမှာ မန်နီကဲရဲ့ ရုပ်သွင်ကို ပြန်မြင်ယောင်မိချိန် ကျွန်တော့် ရင်ထဲကိုလည်း ဖော်ပြလို့ မရနိုင်တဲ့ ဝမ်းနည်း ပူဆွေးမှုတွေ ဝင်ရောက်လာခဲ့ပါတယ်။ နောက်ပြီး လိပ်ပြာမသန့်သလိုလည်း ခံစားရပါတယ်။
တကယ်ဆို ကျွန်တော် မန်နီကဲကို သိပ်ချစ်ခဲ့တာပေါ့ဗျာ။ ဒါဆိုရင် မင်း ဘာဖြစ်လို့ သူ့ကို ထူးခတ် ထားခဲ့သလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်။
နောက်ပြီး နှစ်ပေါင်း ၂၀ လောက် သူနဲ့ အတူရှိခဲ့ပေမယ့် ဓာတ်ပုံလေး တပုံတောင်မှ အတူတွဲ မရိုက်မိခဲ့တာကိုလည်း အင်မတန် ယူကြုံးမရ ဖြစ်မိပါတယ်။
ကျွန်တော် သူနဲ့ ဘယ်တော့မှ မခွဲရဘူးလို့ ထင်ခဲ့မိတာကိုး။
တကယ်လို့သာ သူနဲ့ ပြန်ဆုံခွင့်ရရင်၊ ဓာတ်ပုံတွဲရိုက်ရုံတင်မကပါဘူး။ သူ့ကို ခတ်ထားတဲ့ ထူးတွေ၊ ကြိုးတွေအကုန် ဖြုတ်ပေးမယ်ဗျာ။
ကျွန်တော့် ဆင်မကြီး မန်နီကဲ လွတ်လွတ်လပ်လပ် နေစေရမယ်။
ပြီးတော့ နောက်ဆုံး အနေနဲ့ သူ့ မျက်နက်ဝန်းတွေကို ကြည့်ပြီး ကျေးဇူးတင်ကြောင်း တွေကို လှိုက်လှိုက်လှဲလှဲ ပြောပြမယ်။
တကယ်လို့သာ တမလွန်ဘဝမှာ ပြန်ဆုံရရင် ကျွန်တော့် အပေါ်ထားခဲ့တဲ့ သူ့ရဲ့ ကြီးမားတဲ့ ကျေးဇူးတွေကို ပြန်ပေးဆပ်သွားမယ်။
မန်နီကဲရယ်၊ သတိတရနဲ့ နှုတ်ဆက်လိုက်ပါတယ်။