အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်- ဖေဖော်ဝါရီ ၂၃ နိုင်ငံတကာသတင်းများ
ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ၂ နှစ်ပြည့် အနေနဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့ပါတယ်။
ရုရှားအစိုးရကို ဝေဖန်တဲ့ အလက်ဇီ နာဗယ်လ်နီ အကျဉ်းစခန်းမှာ သေဆုံးပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒဏ်ခတ်မှုအသစ် ငါးရာကျော်နဲ့ ရုရှား သမ္မတပူတင်ရဲ့ ပြည်ပကျူးကျော်မှုနဲ့ ပြည်တွင်းဖိနှိပ်မှုတွေကို ပိုပေးဆပ်စေရမယ်လို့လည်း ဆိုပါတယ်။
ဥရောပကော်မရှင်ရဲ့ ပိတ်ဆို့မှုတွေကတော့ ရုရှားရဲ့ စစ်ဘက်နည်းပညာကို ကန့်သတ်ဖို့ စီမံထားပါတယ်။
ဒီပိတ်ဆို့မှုတွေကို တရားမဝင်ဘူးလို့ ယူဆကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
မနေ့ညက ရုရှားရဲ့ ဗုံးကြဲမှုတွေ ဆက်ရှိနေခဲ့ပြီး ယူကရိန်း မြို့ကြီးအများအပြားမှာ အသေအပျောက်တွေ ရှိခဲ့ပါတယ်။
စမတ်နာရီတွေရဲ့ ထောက်လှမ်းရေးရန်ကို တရုတ်ပြော
စမတ်နာရီတွေလို အဆင့်မြင့် နည်းပညာသုံး အသုံးအဆောင်တွေကနေ နိုင်ငံခြား တိုင်းပြည်တွေက အချက်အလက် ဖောက်ယူတာတွေ ဖြစ်နိုင်ကြောင်း တရုတ် ထောက်လှမ်းရေး အဖွဲ့က သတိပေးလိုက်ပါတယ်။
သုံးစွဲသူမသိဘဲ ဒီစမတ်ပစ္စည်းတွေထဲ နိုင်ငံခြား သူလျှိုတွေ မွှေနှောက်နိုင်သလို ကင်မရာနဲ့ အသံဖမ်းစက်တွေကို ထိန်းချုပ်နိုင်တယ်လို့ တရုတ် နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။
၂၀၁၅ တုန်းကလည်း လုံခြုံရေးအရ အန္တရာယ်ရှိတဲ့ နေရာတွေမှာ ဓာတ်ပုံခိုးရိုက်တာတွေ ဖြစ်မှာစိုးလို့ ဒီလို အသုံးအဆောင်တွေ မဝတ်ဆင်ဖို့ စစ်သားတွေကို တရုတ်စစ်တပ်က တားမြစ်ခဲ့ပါတယ်။
အီဆွန်း တရုတ် လုံခြုံရေး အဖွဲ့က အချက်အလက် ပေါက်ကြားမှု ဖြစ်ပြီး ရက်ပိုင်းအတွင်း ဒီသတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီဆွန်းဝန်ထမ်းတွေက နိုင်ငံခြား အစိုးရနဲ့ အဖွဲ့အစည်း တဒါဇင်ကျော်ဆီက အချက်အလက်တွေကို ဖောက်ထွင်းယူခဲ့ကြောင်း ဒီပေါက်ကြားမှုကနေ ပေါ်ထွက်ခဲ့ပါတယ်။
ဗောက်စ်ဝက်ဂွန်နဲ့ အဓမ္မလုပ်အားကိစ္စ တရုတ်ငြင်းဆို
ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်ဆလင်တွေကို အတင်းအကျပ် စေခိုင်းမှုတွေ ရှိနေလို့ ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီရဲ့လုပ်ငန်းတွေ ရပ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်တွေ ပေါ်ထွက်လာပြီးနောက် ဒီစွပ်စွဲချက်တွေကို တရုတ်က ထပ်မံပယ်ချလိုက်ပါတယ်။
တရုတ်အနောက်ပိုင်း ဝေးလံတဲ့ အရပ်က ဗာက်စ်ဝက်ဂွန် ကားစက်ရုံတွေမှာ အဓမ္မစေခိုင်းပြီး ကားအစိတ်အပိုင်းတွေကို ထုတ်လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ကွန်ဂရက်လွှတ်တော်ရဲ့ ထိပ်တန်းအမတ်တွေက စိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ကြပါတယ်။
ပေါ်ရှေးနဲ့ အော်ဒီအပါအဝင် ဗောက်စ်ဝက်ဂွန်အုပ်စုက ထုတ်တဲ့ ကား တထောင်လောက်ကို အမေရိကန် ဆိပ်ကမ်းမှာ ဆိုင်းငံ့ထားကြောင်း ဖိုင်နန်ရှယ်တိုင်း သတင်းစာက ရေးပါတယ်။
ဒီကားတွေမှာ အမေရိကန်ရဲ့ အဓမ္မ လုပ်အားပေးမှု ဆန့်ကျင်ရေး ဥပဒေကို ချိုးဖောက်တဲ့ တရုတ်က ထုတ်တဲ့ ကားအစိတ်အပိုင်းတွေ ပါတယ်လို့ ယူဆရပါတယ်။
ပုဂ္ဂလိက အာကာသယာဉ် လပေါ်ဆင်းသက်
ပထမဆုံး စီးပွားဖြစ် လုပ်ငန်းသုံး ယာဉ်တစီး လပေါ် ဆင်းသက်ခဲ့ပြီးနောက် ဒီယာဉ်ကို စေလွှတ်တဲ့ အမေရိကန်ကုမ္ပဏီ သမိုင်းဝင်သွားပြီ ဖြစ်ပါတယ်။
ဟူစတန် အခြေစိုက် Intuitive Machines ကုမ္ပဏီက လွှတ်တင်လိုက်တဲ့ လူမပါတဲ့ သြဒစ်ဆီယပ်စ် အာကာသယာဉ်ဟာ လရဲ့ တောင်ဝင်ရိုးစွန်းမှာ ဆင်းသက်ခဲ့တာပါ။
မဆင်းသက်ခင် အချိန်ပိုင်းမှာ စက်ချို့ယွင်းမှုနဲ့ ကြုံခဲ့ရပေမယ့် ကျော်လွှားနိုင်ခဲ့ပါတယ်။
အဲဒီယာဉ်ဟာ ရေခဲတွေ ရှိမယ်လို့ ထင်ထားတဲ့ နေရာမှာ ရောက်နေပြီး အနာဂတ် လူသားတွေ ရှာဖွေ စူးစမ်းမှုတွေ လုပ်ဖို့အတွက် အဖိုးတန် ရင်းမြစ် ဖြစ်လာနိုင်ပါတယ်။
နောက်လာမယ့်နှစ်တွေအတွင်း လပေါ်မှာ လူတွေ ကြာကြာနေနိုင်ဖို့အတွက် အခြေစိုက်စခန်း တည်ဆောက်ရာမှာ ဒီခရီးစဉ်က အထောက်အပံ့ ဖြစ်လိမ့်မယ်လို့လည်း နာဆာ အာကာသယာဉ်မှူးဟောင်း ဟိုဆေး ဟာနန်ဒက်ဇ်က ဘီဘီစီကို ပြောပါတယ်။
ခြင်္သေ့ကို တရားရုံးက နာမည်ပြောင်းခိုင်း
ဘာသာရေးအရ ထိခိုက်တယ်ဆိုပြီး ဟိန္ဒူ အယူသည်း အုပ်စုတစုက ကန့်ကွက်မှုကြောင့် တိရစ္ဆာန်ရုံက ခြင်္သေ့နှစ်ကောင်ကို နာမည်ပြောင်းဖို့ အိန္ဒိယ အရှေ့ပိုင်းက တရားရုံးတရုံးက တောင်းဆိုလိုက်ပါတယ်။
ခြင်္သေ့အမကို ဟိန္ဒူ နတ်ဘုရားမ သီတာရဲ့ နာမည်ကို ပေးပြီး ခြင်္သေ့အထီးကိုတော့ မဂို ဧကရာဇ်ဘုရင် အက္ကဘာရဲ့ နာမည်ကို မှည့်ခေါ်ခဲ့ပါတယ်။
ခြင်္သေ့အမကို နတ်ဘုရားမ နာမည်ပေးတာဟာ ဘာသာရေးအရ စော်ကား ရာကျတယ်ဆိုပြီး ဗိသျှဝါ ဟိန္ဒူ ပရီရှက်ဒ် ဆိုတဲ့ အဖွဲ့က တရားရုံးကို ချဉ်းကပ် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
နောက် ဒီ ဟိန္ဒူလက်ယာစွန်းအုပ်စုက ဘာသာစုံ ချစ်ကြည်ရေးတွေကို ဆန့်ကျင်လေ့ရှိပါတယ်။
အိမ်နီးချင်းပြည်နယ်တခုက တိရစ္ဆာန်လဲလှယ်ရေး အစီအစဉ်နဲ့ ရောက်လာတဲ့ ဒီခြင်္သေ့နှစ်ကောင်ကို အနောက် ဘင်္ဂလားပြည်နယ်က တိရစ္ဆာန်ရုံကို ပို့ခဲ့ပါတယ်။