ဒီဇင်ဘာ ၂၂ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- ချင်း၊ ကန်ပက်လက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆုတ်ခွာသွား

ချင်းညီနောင်အဖွဲ့ မတူပီ မှာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့လက်နက်အချို့

ဓာတ်ပုံ ရင်းမြစ်, CB

ဓာတ်ပုံ ပုံစာ, ချင်းညီနောင်အဖွဲ့ မတူပီ မှာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့လက်နက်အချို့ (ပုံဟောင်း)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားလို့ မြို့ကို ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်မှာ ထိန်းချုပ်လိုက်ပြီလို့ မြေပြင်မှာရှိနေတဲ့ ချင်းညီနောင်တပ်ဖွဲ့ဝင်တချို့က ဘီဘီစီကိုအတည်ပြုပါတယ်။

'' မြို့ကိုချင်းညီနောင်က ထိန်းချုပ်လိုက်ပါတယ်။ သူတို့(စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ) ထွက်ပြေးသွားလို့ပါ။ စစ်ကောင်စီအင်အား ၈၀ ဝန်းကျင်ရှိပါတယ်'' လို့ ချင်းညီနောင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၂ရက် မနက် က ချင်းညီနောင်မဟာမိတ်တပ်တွေက ကန်ပက်လက်မြို့သိမ်း တိုက်ပွဲ စတင်ပြီလို့ကြေညာခဲ့ပြီးနောက် အခုနေ့လယ်ပိုင်းမှာပဲ မြို့ကိုထိန်းချုပ်လိုက်တယ်ဆိုတဲ့ပြောဆိုမှုတွေထွက်လာတာပါ။

'' မြို့ခံတွေကတော့စစ်တပ်ရဲ့ လေကြောင်းကို အတော်စိုးရိမ်နေကြတယ်'' လို့ ကန်ပက်လက်ဒေသခံ အမျိုးသမီး တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ချင်းညီနောင်တပ်တွေဟာ ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် ကန်ပက်လက်ကို ဆက်လက်ထိန်းချုပ်နိုင်တာလို့ ချင်းညီနောင်က‌ပြောပါတယ်။

ကန်ပက်လက်မြို့မှာ အရင်ကရဲစခန်းသာရှိပြီး အာဏာသိမ်းပြီးနောက် စစ်တပ်က အင်အားအများစုနဲ့ တပ်စွဲထားတာလို့ အစောပိုင်းသတင်းတွေကဖော်ပြထားပါတယ်။

ချင်းညီနောင်က ကန်ပက်လက်ကိုထိန်းချုပ်တယ်လို့ မြေပြင်သတင်းတွေထွက်လာချိန်မှာပဲ ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF ကန်ပက်လက်နဲ့ ကန်ပက်လက်ကောင်စီဆိုတဲ့အဖွဲ့ ၂ ဖွဲ့ကလည်း ကန်ပက်လက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲနဲ့ စစ်သားတွေဟာ ပြည်သူလူထုရဲ့ ညှိနှိုင်းပေးမှုကြောင့် ဒီဇင်ဘာ ၂၁ ရက် ည ၁၂ နာရီ ဝန်းကျင်မှာ ကန်ပက်လက်မြို့ကို စွန့်ခွာသွားကြတယ်လို့ ထုတ်ပြန်လာပါတယ်။

ဘီဘီစီအနေနဲ့ ကန်ပက်လက်မြို့ကိုဘယ်အဖွဲ့ကထိန်းချုပ်ထားသလဲဆိုတာနဲ့ မြေပြင်သတင်းတိတိကျကျကို ထပ်ပြီးသိရဖို့ နောက်ထပ်ဒေသခံတွေနဲ့ဆက်ပြီးမေးမြန်းနေပါတယ်။

ကရင်၊ ရွှေကုက္ကိုမှာ ဝမ်းပျက်ဝမ်းလျှောကြောင့် ၂ ဦး သေဆုံးပြီး လူ ၃၀၀ ကျော်ဆေးကုသမှုခံယူနေရ

ရွှေက္ကိုမြို့သစ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Naphat Kongchan / Natty loves Myanmar

ဓာတ်ပုံ ပုံစာ, ရွှေက္ကိုမြို့သစ်မြင်ကွင်း

ဝမ်းရောဂါကြောင့် ရွှေကုက္ကို ညစျေးတန်းနဲ့ လမ်းဘေးစျေးဆိုင်တွေအားလုံးကို ပိတ်ခိုင်းထား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေကုက္ကိုမြို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူရာနဲ့ချီရှိနေပြီး ၂ ဦးသေဆုံးထားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောသလို ထိုင်းသတင်းတွေကဖော်ပြပါတယ်။

ရွှေက္ကိုမြို့ခံ သတင်းရင်းမြစ်တချို့ ကတော့ လူ ၃၀၀ ကျော် ဆေးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့ ၃ ရက်လောက်က စဖြစ်တာ။ ဆိုင်ကြီးတွေကလွဲလို့ လမ်းဘေးမှာရောင်းတဲ့ စျေးဆိုင်တွေ၊ ညစျေးတန်းတွေ အကုန်ပိတ်ထားရတယ်။ နယ်ခြားစောင့်တပ်ရုံးတွေကနေ လော်စပီကာနဲ့အော်တယ်။ ဆိုင်တွေကိုတော့ စည်ပင် က လိုက်ပိတ်ခိုင်းတာ" လို့ ရွှေကုက္ကိုမြို့ခံ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေကို ရွှေက္ကိုမြို့ သီတဂူချစ်သူဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ပြောပါတယ်။

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းတွေနဲ့ နှီးနွှယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ရွှေကုက္ကိုမြို့ကို ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGFကနေ နာမည်ပြောင်းထားတဲ့ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် (KNA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်ပြီး လူ ၅၀ ကျော် ဆေးရုံ တင်ထားရတယ်လို့ မဲဆောက်အခြေစိုက် မီဒီယာတွေက ရေးသားကြပါတယ်။

ရွှေကုက္ကိုမြို့မှာ ဝမ်းရောဂါဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး သတိပေးချက် တွေထုတ်ပြန်ထားတယ်လို့ ထိုင်းနိုင်ငံ တာခ့် ခရိုင်ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဝမ်းရောဂါကို ထိန်းချုပ်နိုင်ဖို့ ထိုင်းဘက်ကနေ ရွှေကုက္ကိုကို ဆေးဝါးတွေထောက်ပံပေးနေတယ် လို့လည်း တာခ်ခရိုင် မဲရမတ်ဆေးရုံတာဝန်ခံကထိုင်းသတင်းတွေမှာ ပြောကြားထားပါတယ်။

အခုဖြစ်နေတဲ့ ဝမ်းလျှောရောဂါဟာ ကာလဝမ်းရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပြီး ‌ဆေးကုသမှု မခံယူရင် သေစေနိုင်တဲ့ ဘက်တီးရီးယာရောဂါဖြစ်တယ်လို့လည်း ထိုင်းကျန်းမာရေးဆရာဝန်တွေက ပြောထားပါတယ်။

မကွေး၊ ပခုက္ကူမှာ အိမ်အလုံး ၁၀၀ ကျော် မီးရှို့ခံရ

ကမ္မမြို့နယ်ထဲက မြန်မာစစ်တပ်မီးရှို့သွားတဲ့ နေအိမ်တစ်လုံး

ဓာတ်ပုံ ရင်းမြစ်, ကမ္မမီဒီယာ

ဓာတ်ပုံ ပုံစာ, ကမ္မမြို့နယ်ထဲက မြန်မာစစ်တပ်မီးရှို့သွားတဲ့ နေအိမ်တစ်လုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မတိုက်နယ်ထဲ က ကျေးရွာတွေကို မြန်မာစစ်တပ်က မီးရှို့လို့ စာသင်ကျောင်းတွေ အပါအဝင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ မြေပြင် သတင်းအရင်း အမြစ်တွေက ပြောပါတယ်။

ရေတာကြီးရွာဟာ တစ်ရွာလုံးနီးပါးမီးရှို့ခံခဲ့ရပြီး ပြည့်အိုင်၊ ထန်းတပင်၊ ရေမြက်၊ သရက်ကန် ကျေးရွာတွေ အပါအဝင် ရွာ ၆ ရွာ ကနေအိမ်တွေက ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာ မီးရှို့ခံခဲ့ လို့လည်း ပြောပါတယ်။

"ရေလာလေးရွာ စခန်းကို ကျွန်တော်တို့ကသိမ်းပြီးနောက်ပိုင်း ပခုက္ကူ တပ်မ ၁၀၁ ကထွက်လာ တဲ့ စစ်ကြောင်း အဲဒီဘက်မှာစစ်ကြောင်းထိုးတယ်။ သူတို့ခံလိုက်ရတဲ့ နေရာတွေကိုပတ်ပြီး အိမ်တွေကို မီး ရှို့သွားတာ" လို့ ပခုက္ကူအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ ဝင် တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာက ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒီဇင်ဘာ ၈ ရက်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာစစ်တပ်ရဲ့ ၁၀၁ စစ်ကြောင်းဟာ အင်အား ၁၀၀ ဝန်းကျင်ရှိပြီး တွင်းမ ရွာဘက် မှာ အထိုင်ချနေတယ်လို့လည်း ကမ္မဒေသခံတွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ သားဖြစ်သူနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ၃ ဦးတို့ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်း

မြန်မာစစ်တပ်ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူ ကင်မ် အဲရစ် (ခ) ကိုထိန်လင်း ကထပ်ပြီးတောင်းဆိုလိုက်သလို ဗြိတိန်နိုင်ငံခြားရေးဝန်ဟောင်း ၃ ဦး ကလည်း တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းက အကျဥ်းထောင်ထဲမှာ ၄ နှစ်နီးပါး ကြာနေပြီဖြစ်တဲ့ မိခင်ဖြစ်သူ အတွက် စိုးရိမ်ပူပန်နေတယ်လို့ ဗြိတိန် အခြေစိုက် The Independent သတင်းစာကို စနေနေ့ကပြောထားတာပါ။

လာမယ့်နှစ်မှာ အသက် ၈၀ ပြည့်တော့မယ် မိခင်ဖြစ်သူကို ချုပ်နှောင်ထားတာကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကင်မ်က မေတ္တာရပ်ခံထားပြီး "မေမေ ပင်ပန်းနေပါပြီ၊ သူ့ ကျန်းမာရေး မကောင်းတဲ့အတွက် သူ့ကို ပြန်လွှတ်ပေးဖို့ အလေးအနက် ထပ်မံ တောင်းဆိုလိုက်ပါတယ်" လို့ ကင်မ်က ပြောပါတယ်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ် အာဏာပိုင်တွေကလွဲရင် ရှေ့နေတွေအပါအဝင် မည်သူကမှ တွေ့ခွင့်မရဘဲဘူးလို့ဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စစ်တပ်ရဲ့ ဆရာဝန်ကသာထိန်းချုပ်ထားတယ်လို့ သူကပြောပါတယ်။

ကင်မ်က အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုရည်ညွှန်းပြီး " ဖခင်က နိုင်ငံ့လွတ်လပ်ရေးကို ဆောင်ကြဥ်းပေးပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူကလည်း မြန်မာပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေ ရရှိဖို့ သူ့ဘဝကို အများကြီး စတေးခဲ့ပြီးပါပြီ" လို့ လည်းပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလျံဟိတ် က Independent TV ရဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မှတ်တမ်းရုပ်ရှင်မှာ "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆော်သြလုပ်ဆောင်ကြရမယ်" လို့ ပြောအပြီးမှာ နောက်ထပ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ မယ်လ်ကွန်ရစ်ဖ်ကင်း နဲ့ ဂျက်ခ်စထောတို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံကို ဒီမိုကရေစီနည်းလမ်းတကျ ဦးဆောင်ဖို့ အခွင့်အရေးနဲ့ ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းလက်ထက် ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့တဲ့ ဝီလျံဟိတ်ဟာ မြန်မာနိုင်ငံကို လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့သူလည်း ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန် ကလည်း ဒီဇင်ဘာ ၂၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ မြန်မာ့အရေးအာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်း အဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်က အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး စစ်ကောင်စီက စွပ်စွဲချက်ဒါဇင်ကျော်နဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။

အေအေရဲ့ နပခ သိမ်းပိုက်နိုင်မှုကိုဂုဏ်ယူပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးလက်တွဲဆောင်ရွက်မယ်လို့ NUG ယာယီသမ္မတသဝဏ်လွှာပို့

အမ်းမြို့ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးရုံးကို ထိန်းချုပ်ထားတဲ့ အေအေ တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, အေအေ

ဓာတ်ပုံ ပုံစာ, အမ်းမြို့ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးရုံးကို ထိန်းချုပ်ထားတဲ့ အေအေ တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် မြန်မာစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်(အေအေ)က အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာကို ဂုဏ်ယူတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ရဲ့ ယာယီသမ္မတဒူဝါလရှီးလက ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ သဝဏ်လွှာပို့ပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုအဆုံးသတ်ရေးအတွက် အေအေနဲ့ အတူ လက်တွဲတိုက်ပွဲဝင် သွားမယ် လို့လည်း ထည့်ပြောထားပါတယ်။

အေအေ ရဲ့ အောင်မြင်မှုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အတွက် တော်လှန် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲဖြစ်ပြီး တော်လှန်ရေး စိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေတယ်လို့လည်း NUG က ပြောပါတယ်။

အေအေ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ရခိုင်ပြည်နယ်တစ်ခုလုံး စစ်အာဏာရှင် လက်အောက်ကနေ မကြာမီ လွတ်မြောက်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီး (၂) ခုကို တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းနိုင်လိုက်တာဟာ သမိုင်းဝင်အောင်ပွဲဖြစ်တယ်လို့လည်း ထည့်ပြောပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး ဧရာဝတီတိုင်းနား ကပ်လျက် ဂွမြို့ကို မကြာခင် မြန်မာစစ်တပ် ဘက်က လက်လွှတ်ရတော့မယ်လို့ အာရက္ခတပ်တော်(AA)က မနေ့က ပြောထားပါတယ်။

အေအေ အနေနဲ့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မြို့ ၄ မြို့ထဲမှာ ဂွမြို့သာကျန်တော့ပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အေအေရဲ့ ဂွ မြို့သိမ်းတိုက်ပွဲကိုခုခံဖို့ ရန်ကုန်နဲ့ ဧရာဝတီဘက်ကနေ စစ်တပ်ကစစ်ကူပေးနေ

အမ်းမြို့ ခရိုင်တရားရုံးရှေ့မှာ တွေ့ရတဲ့ အေအေ တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, အေအေ

ဓာတ်ပုံ ပုံစာ, အမ်းမြို့ ခရိုင်တရားရုံးရှေ့မှာ တွေ့ရတဲ့ အေအေ တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး ဧရာဝတီတိုင်းနား ကပ်လျက် ဂွမြို့ကို မကြာခင် မြန်မာစစ်တပ် ဘက်က လက်လွှတ်ရတော့မယ်လို့ အာရက္ခတပ်တော်(AA)က ပြောလာပါတယ်။

အေအေ အနေနဲ့ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မြို့ ၄ မြို့ထဲမှာ ဂွမြို့သာကျန်တော့ပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့လည်း ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂွမြို့ကနေ ဧရာဝတီတိုင်းထဲကို ဆုတ်ပြေးနေတာတွေရှိသလို တဖက်မှာ လည်း ရန်ကုန်နဲ့ ဧရာဝတီတိုင်းထဲကနေ စစ်ကူပို့တာတွေရှိနေတယ်လို့လည်း အေအေ က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ဂွမြို့ အလယ်ရွာနဲ့ ခမရ (၅၆၃) နားမှာရှိတဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တယ် လို့လည်း အေအေ က ထုတ်ပြန်ချက်ထဲဖော်ပြပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဒေသခံတွေနဲ့ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

အေအေ ဘက်ကတော့ မီးရှို့ခဲ့တဲ့ သူတွေနဲ့ အမိန့်ပေးညွှန်ကြားတဲ့သူတွေကို အေအေ အနေနဲ့ မှတ်တမ်းတင်ထားပြီး ဖမ်းမိရင် ပြစ်ဒဏ်ပေးသွားမယ်လို့ ပြောပါတယ်။

ဒါအပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်ဦနဲ့ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း အေအေ ရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။

မကြာသေးခင်ကမှ အေအေ ထိန်းချုပ်လိုက်တဲ့ မောင်တောမြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂၆ လုံးမီးဘေးသင့်ခဲ့တယ်လို့လည်း အေအေ က ထုတ်ပြန်ပါတယ်။

အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး အေအေ က စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အေအေက မြို့ပေါင်း ၁၄ မြို့ကိုသိမ်းထားပြီးဖြစ်ပါတယ်။

တဆက်တည်းပိတ်ရက်တွေကြောင့် ၂၀၂၅ မှာ စနေနေ့တွေကို အစားထိုးရုံးတက်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်

အများပြည်သူရုံးပိတ်ရက် ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြင်ကွင်း (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, အများပြည်သူရုံးပိတ်ရက် ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြင်ကွင်း (ပုံဟောင်း)

၂၀၂၄ ဒီဇင်ဘာလနှောင်းပိုင်းနဲ့ ၂၀၂၅ ခုနှစ် ပြက္ခဒိန် အတွင်း အစိုးရရုံးပိတ်ရက်တွေနဲ့ အများပြည်သူရုံးပိတ်ရက်တွေကို တဆက်တည်း ပိတ်ပေးမှာဖြစ်လို့ စနေနေ့တွေကို အစားထိုးရုံးတက်ရက်အဖြစ် သတ်မှတ်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

အများပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ခရီးသွားလာမှုလွယ်ကူစေဖို့နဲ့ ရက်ရှည်အနားယူအပန်းဖြေနိုင်စေဖို့ ပိတ်ရက်တွေကို တဆက်တည်းသတ်မှတ်ပေးတာဆိုပြီး ကြေညာချက်ထဲဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာနဲ့ ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း စစ်ကောင်စီသတ်မှတ်တဲ့ရက်တွေက

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (စနေနေ့)၊ ၂၉ ရက် (တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့) နဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ ကြားရှိ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ကို ရုံးပိတ်ရက်သတ်မှတ်ပေးလို့ ပိတ်ရက် ၅ ရက် ဖြစ်မယ်လို့ဆိုပါတယ်။

၂၀၂၅ ခုနှစ် မတ်လ မှာတော့ ၁၃ ရက် (တပေါင်းလပြည့်နေ့)၊ ၁၅ ရက် (စနေနေ့) နဲ့ ၁၆ ရက် (တနင်္ဂနွေနေ့) တို့ကြား က မတ်လ ၁၄ ရက် ကို တပေါင်းလပြည့်နေ့ရဲ့ ရှေ့တစ်ရက်ဖြစ်တဲ့ မတ်လ ၁၂ ရက်တို့ကို ပိတ်ပေးမှာဖြစ်လို့ ရုံးပိတ်ရက် ၅ ရက် ဖြစ်သွားပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက် (စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့) နဲ့ ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တို့ကြား က နိုဝင်ဘာလ ၃ ရက် ကို ပိတ်ရက်ဆက်ပေးမှာဖြစ်လို့ ရုံးပိတ်ရက် ၄ ရက် ဖြစ်မယ်လို့ ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နဲ့ ၂၈ ရက် (တနင်္ဂနွေနေ့) တို့ကြား က ဒီဇင်ဘာလ ၂၆ ရက် ကို ပိတ်ရက်သတ်မှတ်မှာဖြစ်လို့ အဲဒီအပတ်မှာ ရုံးပိတ်ရက် ၄ ရက်ဖြစ်မယ်လို့ဆိုပါတယ်။

အခု ကြေညာတဲ့ ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးတဲ့ ရုံးပိတ်ရက်ရှည်တွေကို ရှေ့လာမယ့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်တွေ အဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပထမရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့ဟာ အစားထိုးရုံးတက်ရက်ဖြစ်ပေမဲ့ အဲဒီ စနေနေ့က လွတ်လပ်ရေးနေ့ဖြစ်တာကြောင့် ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)၊ မတ်လ ၂၂ ရက် (စနေနေ့) နဲ့ မတ်လ ၂၉ ရက် (စနေနေ့)၊ နိုဝင်ဘာလ ၈ ရက် (စနေနေ့)၊ ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် (စနေနေ့) တို့ကို အစားထိုးရုံးတက်ရက်အဖြစ်သတ်မှတ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတော့ ၂၀၂၄ ပြက္ခဒိန်မှာ အများပြည်သူရုံးပိတ်ရက်တွေကို မှားယွင်းဖော်ပြထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြက္ခဒိန်ထုတ်ဝေသူ၅ ဦးထက်မနည်းကို သတိပေးပြီးခံဝန်ကတိထိုးခိုင်းတာတွေရှိခဲ့ပါတယ်။

ဒါအပြင် တရုတ်နှစ်သစ်ကူးကိုလည်း မြန်မာရဲ့ အများပြည်သူရုံးပိတ်ရက်အဖြစ် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်တွေမှာ တရုတ်နှစ်သစ်ကူးနေ့ ပထမဆုံးအကြိမ်ပါဝင်လာပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့၊ နိုင်ငံတကာနှစ်သစ်ကူးနေ့နဲ့အတူ တရုတ်နှစ်သစ်ကူးနေ့ကိုပါ အလုပ်ပိတ်ရက် သတ်မှတ်တဲ့အကြောင်း စစ်ကောင်စီကပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။