အိန္ဒိယ- ဆင်အစစ်အစား စက်ရုပ်ဆင်ကို ဘုရားကျောင်းပွဲမှာ စအသုံးပြု

ဆင်ရုပ်ကို  သံကိုယ်ထည်နဲ့ ပြုလုပ်ထား

ဓာတ်ပုံ ရင်းမြစ်, PETA

ဓာတ်ပုံ ပုံစာ, ဆင်ရုပ်ကို သံကိုယ်ထည်နဲ့ ပြုလုပ်ထား

စက်ရုပ်ဆင်တစ်ကောင်ကို ဘုရားကျောင်းရဲ့ ဘာသာရေးဓလေ့ ထုံးတမ်းအစဉ်လာပွဲတွေမှာ အသုံးပြုဖို့ အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ် ဟိန္ဒူဘုရားကျောင်း တစ်ခုမှာ ထုတ်ပြမိတ်ဆက်ခဲ့ပါတယ်။

ဒီလုပ်ဆောင်မှုဟာ ပွဲတော်တွေမှာ သက်ရှိတိရစ္ဆာန်တွေကို အသုံးပြုနေတာတွေ ရပ်တန့်သွားဖို့အတွက် သရီဆူး ခရိုင် အီရင်ဂျာဒါပီလီ သျှရီ ခရစ်သျှနာ ဘုရားကျောင်းရဲ့ ရှေ့ပြေးလုပ်ဆောင်မှုဖြစ်ပါတယ်။

အခုဆင်စက်ရုပ်ကို တိရစ္ဆာန်တွေကို ကောင်းကောင်းမွန်မွန် ထားဖို့ အရေး လှုံ့ဆော် နေတဲ့ အိန္ဒိယအခြေစိုက် (PETA) အဖွဲ့နဲ့ ရုပ်ရှင် မင်းသမီး ပါဗာသီ သီရူဗို သူတို့က လှူဒါန်းတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ကြိုးစားလုပ်ဆောင်မှုကနေ ပွဲတော်တွေမှာ တိရစ္ဆာန်တွေကို ရက်ရက် စက်စက် အနိုင်ကျင့်ခိုင်းနေတာတွေ လျော့နည်းပပျောက်သွားမယ့်အရေးကို အထောက်အကူဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။

သံကြိုးနဲ့ ကုန်းနှီးတပ် အလှဆင်ထားတဲ့ ဆင်တွေက ကယ်ရီလာပြည်နယ် ဘုရားကျောင်းတွေက ပွဲတော်တွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

အိန္ဒိယတစ်နိုင်ငံလုံးမှာ ဆင်ကောင်ရေ ၂၅၀၀ လောက်ရှိပြီး အဲ့ဒီဆင်ကောင်ရေရဲ့ ငါးပုံတစ်ပုံက ကယ်ရီလာပြည်နယ်မှာ ရှိပါတယ်။

အဲ့ဒီပြည်နယ်မှာရှိတဲ့ ဆင်တွေကို လူတွေက အနိုင်ကျင့် ခိုင်းစေနေတာနဲ့ ပတ်သက်ပြီး တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိရစ္ဆာန်တွေ သေဆုံးမှုတိုးလာတယ်ဆိုတာနဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကယ်ရာလာပြည်နယ်မှာ ထိန်းသိမ်းမွေးမြူထားတဲ့ ဆင် ၁၃၈ ကောင်အထိ သေဆုံးခဲ့တာတွေနဲ့ ပတ်သက်လို့ ပြည်နယ်အုပ်ချုပ်မှူးဆီကို တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ သုတေသနစင်တာအဖွဲ့က ပြီးခဲ့ တစ်ပတ်က စာရေးအကြောင်းကြားထားပါတယ်။

ပွဲတော်တွေမှာ ဆူညံသံတွေ အကျယ်ကြီး ကြားနေရတာက ဆင်တွေကို အနိုင်ကျင့် ရက်စက်ကြမ်းကြုတ်သလိုဖြစ်တဲ့အတွက် ပြည်နယ်ထဲက ဘုရားကျောင်းအားလုံးမှာ သက်ရှိဆင်တွေအစား အရွယ်တူ ဆင်စက်ရုပ်တွေနဲ့ အစားထိုးပြောင်းလဲဖို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ PETA အဖွဲ့ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

"ဒီလို အနိုင်ကျင့်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ပြီး တိရိစ္ဆာန်တွေကို ဂုဏ်သိက္ခာရှိရှိ အသက်မွေးဝမ်းကြောင်းပြုခွင့်ပေးဖို့ အရေး ခိုင်မာ အကျိုးသက်ရောက်မှုရှိတဲ့ ခြေလှမ်းတွေ ချမှတ်ဖို့ အချိန်တန်ပါပြီ" လို့ PETA အဖွဲ့က ကြေညာချက်ထဲမှာ ထပ်ဖြည့်ပြောထားပါတယ်။

အိန္ဒိယအိတ်စ်ပရက်စ် သတင်းစာထဲရဲ့ ဖော်ပြချက်အရဆိုရင် PETAအဖွဲ့က လှူဒါန်း တဲ့ ဆင်စက်ရုပ်ရဲ့အမြင့်က ၁၁ ပေ (၃.၃ မီတာ)၊ အလေးချိန်က ၈၀၀ ကီလိုဂရမ် (၁၇၆၃.၇ ပေါင်) ရှိပြီး သံကိုယ်ထည်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ရွေ့လျားဖို့အတွက် ဘီးလုံးတွေပေါ်တင်ထားပြီး ရော်ဘာတွေနဲ့လည်း တည်ဆောက်ထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဆင်ရုပ်လှူဒါန်းမှုကိုလက်ခံရရှိတဲ့အတွက် ဘုရားကျောင်းတာဝန်ရှိတဲ့သူတွေက ဝမ်းသာကြကြောင်း ဟိန္ဒူ ဘုရားကျောင်း တရားဟောဆရာ ရာ့ဂျ်ကူမာနမ်ဘိုသီရိက အိန္ဒိယအိတ်စ်ပရက်စ် သတင်းစာကို အခုလိုပြောပါတယ်။

"တခြားဘုရားကျောင်းတွေမှာလည်း သူတို့ရဲ့ ထုံးတမ်းဓလေ့ပွဲတွေမှာ သက်ရှိဆင်တွေအစား စက်ရုပ်ဆင်တွေနဲ့ အစားထိုးအသုံးပြုဖို့ စဉ်းစားလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ မစ္စတာနမ်ဘိုသီရီက ပြောပါတယ်။