ကမ္ဘာ့အပူစံချိန်တင်မြန်မာ၊ သစ်ပင်စိုက်ပျိုးမှုနဲ့ ရှင်သန်ခွင့် ရုန်းကန်နေရတဲ့သစ်ပင်တွေ

မေလ ၈ ရက်နေ့က ရန်ကုန်မြို့က နေအပူချိန် အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မေလ ၈ ရက်နေ့က ရန်ကုန်မြို့က နေအပူချိန် အခြေအနေ

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာ ဦးခေါင်းနဲ့ သွပ်အမိုး တစ်ပေသာသာပဲလွတ်တဲ့ လမ်းဘေးကွမ်းယာဆိုင်ငယ်ထဲမှာ မငယ်ထွေး ကွမ်းရောင်းနေတာ သုံးနှစ်လောက်ရှိပါပြီ။

“ခေါင်းပေါ်မှာ သဲပူအိုးကြီးရွက်ထားရသလိုပါ့”လို့ သွပ်အရှိန်ကြောင့် ခေါင်းပူနေတာကို သူက သရုပ်ဖော်ပြောပြပါတယ်။

ဒီအပူဒဏ်ကို ခံရတာက ဒီနှစ်နွေမှ စခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက သူ့ကွမ်းယာဆိုင်ရဲ့ လမ်းမ မျက်နှာချင်းဆိုင်မှာ နှစ်နှစ်ဆယ်လောက် သက်တမ်းရှိမယ့် သရက်ပင်ကြီးက လမ်းကိုကျော်ပြီး သူ့ဆိုင်ပေါ်ကိုပါ အုံ့ဆိုင်းနေခဲ့တာကြောင့် ဈေးရောင်းရတာ သက်တောင့်သက်သာရှိခဲ့ပါတယ်။

သူ့ဈေးဆိုင်ဘေးမှာ ဝါးပက်လက်ကုလားထိုင် သုံးလုံးနဲ့ ခုံတန်းရှည်လေး ချထားတာကြောင့် ပတ်ဝန်းကျင် တိုက်ခန်းတွေက အပူရှောင်ချင်တဲ့သူတွေက သူ့ဆိုင်နားမှာ ထိုင်ပြီး ထွေရာလေးပါး ပြောဆိုကြတာတွေရှိတဲ့အတွက် မငယ်ထွေးလည်း စကားတပြောပြောနဲ့ ပျင်းချိန်မရှိခဲ့ပါဘူး။

“ပြီးခဲ့တဲ့နှစ် မိုးတုန်းက ခုတ်လိုက်တယ်လေ။ သူတို့ခြံထဲမှာ မလွတ်လို့တဲ့။ ကျွန်မတော့ အဲဒီသရက်ပင်ကြီး တကယ်နှမြောတာပဲ။ အဲအဲဒီအပင်မရှိတော့မှ သူ့ကြောင့်နေပူသက်သာခဲ့တာတွေကို ပြန်တွေးမိတော့တယ်”လို့ မငယ်ထွေးက ပြောပါတယ်။

အစွန်းရောက်ရာသီဥတုဖြစ်တဲ့ အယ်နီညိုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရတဲ့အချိန်မှာတော့ အပူချိန်၊ အပူရှိန်တွေကို သက်သာလျော့ပါးအောင် သစ်ပင်တွေစိုက်ကြဖို့ဆိုပြီး လူမှုကွန်ရက်မှာ ပြောဆိုလာတာတွေ တွေ့နေရပါတယ်။

လက်ရှိပူပြင်းနေတဲ့ရာသီဥတုနဲ့ တစ်နေ့ကို နှစ်နာရီတောင် အပြည့်မလာတဲ့ လျှပ်စစ်မီးကြောင့် မြန်မာလူထုအများစု အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရတာပါ။

အပူရှောင်တဲ့အနေနဲ့ အပူချိန်မပြင်းတဲ့တောင်ကြီးမြို့၊ ပြင်ဦးလွင်မြို့လို နေရာတွေမှာ လပိုင်းလောက်သွားနေထိုင်သူတွေ၊ ဈေးဝယ်စင်တာတွေထဲ သွားကြတာတွေ၊ ဟိုတယ်တွေမှာ အနားယူတာတွေ လုပ်ကြပေမဲ့ ဝင်ငွေနည်းပါးသူတွေအတွက် နားခိုရာကတော့ အရိပ်ကောင်းတဲ့ သစ်ပင်တွေပါပဲ။

ဒါ့ကြောင့် မငယ်ထွေးကိုယ်တိုင်ကလည်း သူတပိုင်တနိုင် သစ်ပင်စိုက်ဖို့ စိတ်ကူးရှိနေတာပါ။ ဒါပေမဲ့ သူဘယ်နားစိုက်မလဲ၊ သူစိုက်တဲ့အပင်က တကယ်ပဲ အရိပ်ရတဲ့အထိ အသက်ရှင် စိမ်းလန်းပါ့မလားဆိုတာလည်း သူစဉ်းစားမိပါတယ်။

လမ်းနဲ့မလွတ်လို့ ခုတ်ခံရတဲ့ သစ်ပင်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, လမ်းနဲ့မလွတ်လို့ ခုတ်လှဲခံရတဲ့လမ်းနံဘေးက အရိပ်ရအပင်တစ်ပင်

နှစ်တိုင်းစိုက်ခဲ့ကြတဲ့ မိုးရာသီသစ်ပင်စိုက်ပွဲတွေနဲ့ ရှင်သန်မလာတဲ့ သစ်ပင်တွေ

စစ်ကောင်စီရဲ့ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ သစ်ပင်စိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Ministry of Natural Resources and Environmental Conservation-Forestry

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ သစ်ပင်စိုက်ပွဲ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပူပြင်းတဲ့နေရောင်ခြည်ကို ကာကွယ်ဖို့၊ အရိပ်ရဖို့ ၊ ရာသီဥတုပြောင်းလဲတာကို ကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြီးခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်လောက်ကစပြီး နှစ်တိုင်းမှာ သစ်ပင်စိုက်ပွဲတွေကို အစိုးရအဖွဲ့အစည်းတွေ ၊ လူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကတွေက စိုက်ပျိုးခဲ့ကြပါတယ်။

ဒါပေမဲ့ အဲ့ဒီစိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေ ရှင်သန်သလား၊ တကယ်ပဲ အရိပ်ရနေပြီလား၊ ဒါမှမဟုတ် ပျက်စီးသွားပြီလားဆိုတာ သစ်ပင်စိုက်ခဲ့သူတွေ အများစု မသိကြတော့ပါဘူး။

နှစ်စဉ် ရာနဲ့ချီစိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေသာ ရှင်သန်ကြီးထွားနေလိမ့်မယ်ဆိုရင် ရန်ကုန်မြို့ဟာ တောအုပ်သဖွယ် ဖြစ်နေလိမ့်မယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ခဲ့တဲ့ တော်ဝင်နှင်းဆီခြံပိုင်ရှင် ဦးစိုးညွန့်က သူမကွယ်လွန်ခင်က ပြောခဲ့ဖူးပါတယ်။

အကြောင်းကတော့ သစ်ပင်တွေကို စိုက်ပျိုးခဲ့ကြပြီး ပျိုးထောင်၊ ပြုစု၊ မသေဆုံးအောင် ကာကွယ်တာတွေ မလုပ်နိုင်ခဲ့ကြတာ များပါတယ်။

“သစ်ပင်ပျိုးပေါက်လေးကို မြေကြီးထဲထည့် မြေဖို့ပြီး နင့်ဘာသာရှင်သန်ဆိုပြီး ထားခဲ့ကြတာ၊ တကယ်က သူတို့ကို ပြုစုစောင့်ရှောက်ဖို့လိုတယ်”လို့ မန္တလေးမြို့က ကိုယ်ထူကိုယ်ထ သစ်ပင်စိုက်ပျိုးသူ အမျိုးသားတစ်ယောက်က ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က လူမှုအဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက မြို့နယ်တိုင်းနီးပါးမှာ သစ်ပင်စိုက်ပျိုးတာတွေရှိခဲ့ကြပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဖွဲ့အစည်းလိုက် သစ်ပင်စိုက်ပျိုးတာတွေ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

“စိုက်တဲ့သူရှိတုန်းကတောင် အပင်တွေတိုင်းမရှင်တာ၊ အခု စိုက်မယ့်သူတွေပါ နည်းသွားတော့ ပိုဆိုးသွားတာပေါ့”လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ ရန်ကုန်မြို့က ဧက တစ်ရာ ကျော်တဲ့ ထားဝယ်ချောင် အမှိုက်ပုံကြီးနားမှာ သစ်ပင် ရာနဲ့ချီ စိုက်ပျိုးတဲ့လှုပ်ရှားမှုတစ်ခုရှိခဲ့ပါတယ်။

“အခုကတော့ အားလုံးသိကြတဲ့အတိုင်းဗျာ၊ တအားကိုပူလာတယ်။ သေအောင်ကို ပူလာတယ်။ ပူတာကို လျော့ချဖို့ Aircon တွေ ပိုဖွင့်မလား၊ သစ်ပင်တွေ ပိုစိုက်မလားဆိုရင် ကျွန်တော်ကတော့ သစ်ပင်တွေ ပိုစိုက်မယ်။ အပူကိုလျှော့ချဖို့အတွက် သဘာဝလေအေးပေးစက်ကို တပ်ဆင်တဲ့သဘောပါပဲ”လို့ အဲဒီမှာ ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးခဲ့တဲ့ ဘိုကာရှီမြန်မာက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အဲဒီသစ်ပင်တွေ ဆက်ပြီးရှင်သန်အောင် ပြုစုပျိုးထောင်ဖို့ကိုတော့ ထားဝယ်ချောင်အမှိုက်ပုံနားက သီလရှင်ကျောင်းက ဆရာလေးတွေက တာဝန်ယူသွားမယ်လို့ သိရပါတယ်။

စိုက်သူတဖက်၊ ခုတ်သူတလှည့်နဲ့ ရှင်သန်ခွင့်ထိပါးခံနေရတဲ့သစ်ပင်တွေ

ခုတ်ခံနေရတဲ့သစ်ပင်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ပိုင်းဖြတ် ခုတ်လှဲခံနေရတဲ့သစ်ပင်

သစ်ပင်စိုက်ဖို့ တစ်ဦးတစ်ယောက်တည်းကနေ ကိုယ့်အိမ်ဝန်းကျင်၊ ခြံဝန်းကျင်မှာ တစ်ပင်၊ နှစ်ပင်လောက်စိုက်တာ မြေနေရာ အခက်ခဲမရှိပေမဲ့ သစ်ပင်ရာနဲ့ချီ စိုက်ပျိုးမယ်ဆိုရင် မြေနေရာရှာဖို့ ခက်ခဲတယ်လို့ မန္တလေးမြို့က ကိုယ်ထူကိုယ်ထ သစ်ပင်စိုက်ပျိုးသူတစ်ယောက်က ပြောပါတယ်။

မြို့ပြနေရာတွေမှာ ဧရိယာအများစုက ပုဂ္ဂလိကနေရာတွေဖြစ်နေပြီး လွတ်တဲ့နေရာဆိုရင်လည်း သာသနာ့မြေနဲ့ စည်ပင်မြေတွေသာရှိတယ်လို့ သူက ပြောပါတယ်။

သစ်ပင်တွေကို ပုဂ္ဂလိကမြေထဲမှာ သွားပြီးစိုက်လို့အဆင်မပြေသလို စည်ပင်မြေမှာလည်း ပြင်ပကလူတွေ ဝင်စိုက်တာလည်း ခွင့်မပြုပါဘူး။

သာသနာ့နယ်မြေနေရာတွေမှာလည်း သူတို့ဘာသာ ကျောင်းဆောက်၊ ဘုရားတည်ဖို့နေရာတွေ သတ်မှတ်ပြီးသားဖြစ်နေတယ်လို့ မန္တလေးမြို့ခံက ပြောပါတယ်။

“သစ်ပင်ကလည်း ခပ်စိပ်စိပ်စိုက်မှလေ။ ဒီတော့ သစ်ပင်စိုက်ဖို့နေရာရှာရင် တော်တော်ခက်တယ်။ ဒီတော့ လွတ်လွတ်ကင်းကင်း ဘုရားဝန်းထဲမှာ သွားစိုက်တယ်။ ကိုယ်စိုက်ထားတဲ့အပင်ကို ရှင်မရှင် စောင့်ကြည့်နေတာ တစ်နှစ်လောက်ကြာတော့ အခုတ်ခံလိုက်ရတယ်။ အကြောင်းရင်းက မြင်ကွင်းကွယ်လို့တဲ့ဆိုပြီးတော့”လို့ သူစိုက်ပျိုးထားတဲ့အပင် အခုတ်ခံရတာကို ပြန်ပြောပြပါတယ်။

သူက ကျောက်ဆည်မြို့မှာ သစ်ပင်တွေကို ထောင်နဲ့ချီပြီးစိုက်ပျိုးထားတာ သစ်တောပုံစံတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်လလောက်မှာ ထွေလာဂျစ် အစီး ၂၀ လောက်နဲ့ သစ်ပင်တွေခုတ်သွားတာကိုလည်း ခံလိုက်ရပါတယ်။

“အပင်ငယ် အပင်လတ်တွေ လာခုတ်သွားတယ်။ သူတို့ကိုပြောတော့ ခေတ်ကာလမကောင်းလို့ ရှာဖွေစားသောက်စရာမရှိလို့ ခုတ်တာလို့ပြီး ပြောသွားတယ်။ တိုင်ရမယ့်နေရာမရှိတာကို သူတို့သိတာကိုး”လို့ သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

သစ်ပင်တစ်ပင် ရှင်သန်အောင်ဖို့ မြေဆီလွှာကောင်းကောင်း၊ အလင်းရောင်၊ ရေ၊ မထိမခိုက်အောင် စောင့်ရှောက်ဖို့ ခန့်မှန်းခြေ အနည်းဆုံး သုံးနှစ်လောက် လိုအပ်တယ်လို့ သစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးအောင်ဆက်က ပြောပါတယ်။

“လွယ်လွယ်ကူကူ ပေါပေါများများ ရှင်သန်တဲ့သစ်ပင်ကို ဦးစားပေးပြီး စိုက်ဖို့လိုတယ်၊ အပူဒဏ်ပြေလည်ဖို့ သစ်ပင်လိုတယ်၊ သစ်ပင်ရှိမှ ရေရမယ်။ အရိပ်ရဖို့အတွက်ကို ငါးနှစ်လောက်လိုတယ်။ ငါးနှစ်ကာလအတွင်းမှာ တိရစ္ဆာန်တွေ စားမသွားဖို့ ၊ စည်ပင်က ခုတ်မသွားဖို့၊ လျှပ်စစ်က ခုတ်မသွားဖို့လိုတယ်”လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ YESC ကတော့ အပူချိန်မြင့်နေတဲ့‌ မေလထဲမှာပဲ သာကေတ - ကျိုက္ကဆံဓာတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းမှာဖြစ်တာကြောင့် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှာဖြစ်တယ်လို့လည်း မေ ၁၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

“သစ်ပင်၊ သစ်ကိုင်းတွေနဲ့ ဓာတ်ကြိုးတွေနဲ့ ထိနေရင် ဓာတ်အားဆုံးရှုံးမှုတွေရှိတယ်၊ ဓာတ်ကြိုးပြတ်တာတွေ၊ ဓာတ်အားပြဿနာတွေရှိရင် သစ်ပင်က ဓာတ်ကြိုးကွယ်နေရင် မတွေ့ရဘူး။ အဲ့ဒါကြောင့် ခုတ်ရတာ” လို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဝန်ထမ်းတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုနဲ့သစ်ပင်တွေဟာ ပုံစံမျိုးစုံ၊ အကြောင်းပြချက်မျိုးစုံနဲ့ ခုတ်ခံထိရသလို၊ အရွယ်မရောက်ခင် ကျွဲ၊ နွား၊ ဆိတ်စတဲ့ တိရစ္ဆာန်တွေက စားသွားတာကြောင့် သေဆုံးတာတွေလည်း ရှိနေတာပါ။

အရည်ပြားစုတ်ဖြဲခံထားရတဲ့ ထနောင်းပင်တွေ

အခေါက်ခွာခံထားရတဲ့ ထနောင်းပင်

ဓာတ်ပုံ ရင်းမြစ်, ရေနံ့သာဒင်းဂါး

ဓာတ်ပုံ ပုံစာ, အခေါက်ခွာခံထားရတဲ့ ထနောင်းပင်

ဒီနှစ်မှာ ကမ္ဘာ့အပူဆုံးမြို့တွေထဲ အပူချိန်စံချိန်တင် မြင့်တက်ခဲ့တဲ့ မကွေးတိုင်းထဲမှာဆိုရင်လည်း အောင်လံ-မကွေးလမ်း ၊ သစ်ရာကောက်လမ်းဆုံ မြောက်ဘက်ကနေ ယင်းချောင်းတံတားကြားက ထနောင်းပင်တွေအားလုံးဟာ အခေါက်တွေ အခွာခံထားကြရပါတယ်။

“ထနောင်းခေါက်ဝယ်သည်၊ တစ်ပိဿာ သုံးရာ ”ဆိုတဲ့ စာသားကိုလည်း မြင်တွေ့ခဲ့ရပြီး ထနောင်းတစ်ပင်လုံးခွာရင်တောင် သုံးပိသာထက် ပိုမထွက်ပေမဲ့ ငွေကျပ် တစ်ထောင်လောက်နဲ့ ဖျက်ဆီးခံနေရတယ်'' လို့ ချောက်မြို့နယ်မှာ သစ်ပင်တွေစိုက်ပျိုးနေတဲ့ ရေနံ့သာဒင်းဂါးက ပြောပါတယ်။

“နွေ ထနောင်း၊ ဆောင်း မန်ကျည်း”ဆိုတဲ့စကားပုံအတိုင်း အပူပြင်းတဲ့ မကွေးတိုင်းလို ဒေသမျိုးတွေမှာ သဘာဝကပေးတဲ့ ထနောင်းအရိပ်ဟာ အေးမြတာကြောင့် တန်ဖိုးရှိလှတယ်လို့လည်း ပြောပါတယ်။

“လူတစ်ယောက်ကို အရေခွံတွေခွာ ခံထားရသလိုပဲ မြင်မိတယ်။ လူကတော့ သူနာတာကို စကားနဲ့ပြောလို့ရတာပေါ့။ သစ်ပင်ကတော့ ဘယ်ပြောနိုင်မလဲ”လို့ ချောက်မြို့ခံတစ်ယောက်က ပြောပါတယ်။

ခုတ်လှဲမယ့် ကျွန်းပင်တွေကို မခုတ်လှဲခင် သင်းသတ်တဲ့အနေနဲ့ အခေါက်တွေကို ခွာထားလိုက်တဲ့အခါမှာ လပိုင်းလောက်ကြာရင် သူ့ဘာသာသူ သေဆုံးသွားတာလို့ သစ်တောနဲ့ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးအောင်ဆက်က ပြောပါတယ်။

“အခေါက်တွေ ခွာလိုက်တာက သစ်ပင်ရဲ့ အသက်သွေးကြောတွေကို ဖြတ်တောက်လိုက်တာ၊ အစာရေဆာ ဖြတ်တောက်လိုက်တာဆိုတော့ ဒီထနောင်းပင်တွေလည်း လ ပိုင်းလောက်ပဲ ခံမှာ”လို့ သူက ‌ပြောပါတယ်။

လက်ရှိသစ်ပင်တွေ အခုတ်မခံရဖို့၊ အပူဒဏ်ကာကွယ်နိုင်အောင် သစ်ပင်တွေကို သေချာပြုစုပျိုးထောင်နိုင်တဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးဖို့၊ သစ်ပင်တွေကို ကာကွယ်ဖို့၊ သစ်ပင်တွေ ခုတ်ခံရတာကနေ ကင်းဝေးဖို့က တစ်ဦးတစ်ယောက်ချင်းထက် ပြည်သူကို မျက်နှာမူတဲ့ အစိုးရက ဥပဒေတွေနဲ့ ဦးဆောင်နိုင်မှသာ ပိုပြီးထိရောက်နိုင်တယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပြောပါတယ်။

“ပြည်သူကို မျက်နှာမူတဲ့အစိုးရလိုတယ်ဆိုမှတော့ လက်ရှိအခြေအနေနဲ့ကတော့ ဒီမှာတင်ဇာတ်လမ်းသိမ်းပြီပေါ့”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းမှုအောက်က မြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်ပင်သစ်တော ထိန်းသိမ်းမှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကို သူက ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။

မြောက်ဒဂုံက မငယ်ထွေးကတော့ ပူပြင်းတဲ့နေရောင်အောက်က သူ့ကွမ်းယာဆိုင်လေးကို အရိပ်ရဖို့အရေး ဆောက်လုပ်ရေးလုပ်ငန်းသုံး အစိမ်းရောင်ပလတ်စတစ်လိုက်ကာတွေကို ကာရံနေရပါတယ်။

“သစ်ပင်အရိပ်ခိုရလို့ သစ်ပင်ကို ပိုက်ဆံပေးစရာမလိုဘူးလေ။ အခုတော့ အရိပ်ရဖို့ ငွေက အရင် ထွက်နေပြီ”လို့ မငယ်ထွေးက ပြောပါတယ်။