အဖော်ရှာနေတဲ့ အထီးကျန်လင်းပိုင် တိုက်ခိုက်လို့ လူအများအပြားဒဏ်ရာရ
ဂျပန်က ပင်လယ်ကမ်းခြေ မြို့လေးတမြို့မှာ ရေကူးသမားတွေ တိုက်ခိုက်ခံရမှု တိုးလာတဲ့အပေါ် အဖော်မဲ့နေပြီး မိတ်လိုက်ချင်ဖွယ် ရှိနေတဲ့ လင်းပိုင်တကောင်ရဲ့ လက်ချက်လို့ ပြစ်တင် ပြောဆိုနေပါတယ်။
အခုနှစ်အတွင်း မိဟာမမြို့နားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု ၁၈ ခုလောက်ဟာ ပုလင်းပုံစံနှာခေါင်းရှိတဲ့ လင်းပိုင်လေးရဲ့ လက်ချက် လို့ ယူဆနေကြပါတယ်။
မူလတန်း ကျောင်းသားအရွယ် ကလေးတယောက်ရဲ့ လက်ချောင်းမှာဆိုရင် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသွားတဲ့အတွက် အချက် ၂၀ ချုပ်ခဲ့ရပါတယ်။
မနှစ်က တိုက်ခိုက်မှုအတွင်း မှာလည်း အနည်းဆုံး လူ ၆ ယောက် ဒဏ်ရာရခဲ့ပြီး ရေကူးသမား တယောက်ဆိုရင် နံရိုးတွေကျိုးသွားတဲ့ အထိ ဖြစ်ခဲ့သလို ၂၀၂၂ ခုနှစ် တုန်းက တိုက်ခိုက်မှုမှာလည်း နောက်ထပ် လူတယောက် ဒဏ်ရာရခဲ့ပါတယ်။
အခုအခါ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပြီး လင်းပိုင်တွေဟာ သူတို့ရဲ့ ထက်မြက်လှတဲ့ သွားတွေနဲ့ ကိုက်တတ်လို့ သွေးထွက်စေရုံသာမက ပင်လယ်ထဲကို ဆွဲချသွားပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တယ်လို့ ဆိုထားပါတယ်။
လင်းပိုင်တွေဟာ လူနဲ့ရင်းနှီးတယ် ဆိုပေမယ့် သူတို့တိုက်ခိုက်တာ ခံရရင် သေနိုင်တယ် လို့လည်း သတိပေးထားပါတယ်။
၁၉၉၄ ခုနှစ်တုန်းက ဘရာဇီးမှာ ရေကူးသူ အမျိုးသား နှစ်ယောက်ဟာ လင်းပိုင် တကောင်ကို တက်စီးဖို့ ကြိုးစားခဲ့ရာမှာ ပြန်လည် တိုက်ခိုက်ခံရတာကြောင့် ရေကူးသမား တယောက် သေဆုံးသွားပြီး ကျန်တဲ့တယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီ လင်းပိုင်ကို ချစ်စနိုးပေးထားတဲ့ နာမည်က Tião ဖြစ်ပြီး အခုနောက်ဆုံးဖြစ်စဉ် မတိုင်ခင်က အနည်းဆုံး လူ ၂၂ ယောက်လောက် သူ့လက်ချက်ကြောင့် ဒဏ်ရာရခဲ့ဖူးပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂျပန်နိုင်ငံ Mie တက္ကသိုလ်က မျိုးဗီဇဆိုင်ရာ ပါမောက္ခ Tadamichi Morisak ရဲ့ အဆိုအရ Mihama ဘေးက ဆိပ်ကမ်းမြို့ ဖြစ်တဲ့ Tsuruga မှာ အမျိုးသားတယောက်ရဲ့ လက်ချောင်းတွေ အကိုက်ခံရပြီး အဲဒီမှာတွေ့ရတဲ့ ကျောရိုးဆူးတောင်ဟာ မနှစ်တုန်းက Fukui ပြည်နယ် ကမ်းရိုးတမ်းမှာ တွေ့ရတဲ့ ၂.၅ မီတာ အရှည်ရှိတဲ့ လင်းပိုင်တကောင်နဲ့ဆူးတောင်နဲ့ သွားတူနေပါတယ်။
ကျောရိုးဆူးတောင်ဟာ လင်းပိုင်တွေရဲ့ လက်ဗွေသဖွယ် ဖြစ်ပြီး ဆူးတောင်တိုင်းမှာ ထူးခြားတဲ့ အထစ် မှတ်ရာ၊ ရိုးကြောင်းနဲ့ အကွက်တွေ ပါရှိပါတယ်။
မနှစ်က ကမ်းရိုးတန်းမှာ တွေ့ရတဲ့ လင်းပိုင်တွေရဲ့ အမြီးဆူးတောင်မှာတွေ့ရတဲ့ ဒဏ်ရာတွေနဲ့ ဒီလင်းပိုင်ရဲ့ဒဏ်ရာတွေ ဆင်တူတာကြောင့် အခုတွေ့ရတဲ့ လင်းပိုင်ကလည်း အတူတူဘဲလို့ ယူဆရပါတယ်။ ဒါ့အပြင် အုပ်စုလိုက် နေတတ်တဲ့ လင်းပိုင်တွေကို တကောင်တည်း အကြာကြီး တွေ့ရတာကလည်း ဖြစ်ခဲလှတဲ့ ကိစ္စတခု ဖြစ်တယ်လို့ ပါမောက္ခ Morisaka က NHK သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ပုလင်းပုံစံ နှာခေါင်းရှိတဲ့ လင်းပိုင် အထီးတွေဟာ တကောင်နဲ့တကောင် ကျီစယ် ကိုက်ခဲလေ့ရှိတယ်လို့ သူက ထပ်လောင်း ပြောပြီး သူတို့ဟာ လူတွေကို အနာတရ ဖြစ်ဖို့ ကြိုးစားလေ့ မရှိပေမယ့် သူတို့နည်း သူတို့ဟန် နဲ့ လင်းပိုင်တွေက လူတွေကို ဆက်ဆံလေ့ ရှိတယ်လို့ သူက ဆိုပါတယ်။
တခြား လေ့လာ ဆန်းစစ်မှုတွေမှာလည်း အလားတူ လင်းပိုင်တွေဟာ မိတ်လိုက်ချင်စိတ် ဖြစ်တာ အပါအဝင် ဘာကြောင့် ဒီလို တိုက်ခိုက်မှုတွေ လုပ်သလဲ ဆိုတဲ့ သီအိုရီ အများအပြား ဖော်ပြကြပါတယ်။
တကယ်တော့ ပုလင်းပုံစံ နှာခေါင်းရှိတဲ့ လင်းပိုင်တွေဟာ လူတွေနဲ့ အလွန်အမင်း အကျွမ်းတဝင် ရှိတဲ့ သတ္တဝါတွေ ဖြစ်ပြီး သူတို့ရဲ့ ဆက်ဆံပုံကလည်း ထိတွေ့ ပြီး ပြသတာ ပိုများတယ်လို့ Shark Bay Dolphin Research စီမံကိန်းက ဇီဝပညာရှင်လည်းဖြစ် အဓိက စုံစမ်းရေးမှူးလည်း ဖြစ်တဲ့ ဒေါက်တာ ဆိုင်မွန် အယ်လန် က ပြောပါတယ်။
လူသားတွေနဲ့ တခြား လူတွေနဲ့ ရင်းနှီးတဲ့ တိရစ္ဆာန်တွေလိုပဲ သူတို့မှာလည်း ဟော်မုန်း အပြောင်းအလဲ ၊ လိင်စိတ် ထိခိုက်ခံစားရမှု ဒါမှမဟုတ် တဖက်သားကို လွှမ်းမိုးလိုစိတ် တွေက လင်းပိုင်တွေအနေနဲ့ သူတို့နဲ့ ထိတွေ့ ဆက်ဆံတဲ့ လူတွေကို အနာတရ ဖြစ်စေပြီး ဒီအခြေခံ အကြောင်းတွေကြောင့် အင်အားကြီးမားတဲ့ လင်းပိုင်လို သတ္တဝါ တွေက လူတွေကို ပြင်းထန်ဒဏ်ရာ ရစေတာ ဖြစ်တယ်လို့ ဒေါက်တာ အယ်လန်က ပြောပါတယ်။
အသိုင်းအဝိုင်းက ဖယ်ကျဉ် ခံထားရတဲ့ လင်းပိုင်ဟာ တခြား ရွေးချယ်ရာ မိတ်ဖက် ရှာတာလည်းဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
စင်ကာပူ အမျိုးသား တက္ကသိုလ် အဏ္ဍဝါဗေဒ ဆိုင်ရာ ပညာရှင် ဒေါက်တာ မားသီးယက်စ် ဟော့ဖ်မန်း ခန့် ကလည်း လင်းပိုင်တွေဟာ သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ ပြုမူတာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကျွန်တော့် အတွေ့အကြုံအရ များသောအားဖြင့် လင်းပိုင်တွေနား လူတွေ ကပ်လာရင် သူတို့ကိုယ်သူတို့ ကာကွယ်တဲ့ အပြုအမူတွေ ပိုလုပ်လာကြပြီး အထူးသဖြင့် လူတွေ လင်းပိုင်စီးဖို့ ကြိုးစားတာ ဒါမှမဟုတ် လူတွေက သူတို့လက်ချောင်းတွေကို လင်းပိုင်တွေ နှာပေါက်ထဲ ထည့်တဲ့အခါမျိုးတွေမှာ သူတို့ ဘယ်လို ပြုမူတုံ့ပြန်ရမလဲဆိုတာ မသိကြဘူးလို့ ဒေါက်တာ ဟော့ဖ်မန်းခန့်က ဆိုပါတယ်။
ဒါကြောင့် လင်းပိုင်တွေ ရန်လိုတာ ဒါမှမဟုတ် ရေထဲမှာ သူတို့ကိုယ် သူတို့ ကာကွယ်တဲ့ အနေနဲ့ လူတွေကို တိုက်ခိုက်တာတွေ ဖြစ်လာတာ အံ့သြစရာ မရှိဘူးလို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် အရင်က လူတွေနဲ့ အတွေ့အကြုံဆိုးတွေ ရှိခဲ့ဖူးတဲ့ လင်းပိုင်ဟာ တခြားသူတွေကို တွေ့တဲ့အခါ အရင်လူလို ထင်ပြီး ဆက်ဆံတာမျိုးလည်း ရှိနိုင်တယ်လို့ ဒေါက်တာ ဟော့ဖ်မန်းခန့်က ပြောပါတယ်။
သူတို့ဟာ ဆင်တွေလိုဘဲ သူတို့အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံသူတွေကို မှတ်မိနေတတ်ပြီး မှတ်ဥာဏ် ကောင်းတယ်လို့ သူက မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။