'ခုခံရေး ဝင်ရိုးတန်းအဖွဲ့' ပြိုသွားတဲ့နောက် အီရန်ရဲ့ နောက်ခြေလှမ်းက ဘာလဲ

အီရန် အထွတ်အထိပ်ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီရန် အထွတ်အထိပ်ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ

ကယ်ရိုလိုင်း ဟော်လီ

ဒမတ်စကပ်က အီရန် သံရုံး ကြမ်းပြင်ပေါ်မှာ မှန်ကွဲစတွေ၊ ကျိုးကြေနေတဲ့ အလံတွေ နဲ့ အတူ အီရန် အထွတ်အထိပ်ခေါင်းဆောင် ရုပ်ပုံပါ ပိုစတာ စာရွက်တွေလည်း စုတ်ပြဲပြီး ပြန့်ကျဲကျနေပါတယ်။

စက်တင်ဘာလက ဘေရွတ်မှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဖြစ်တဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာ လှုပ်ရှားမှု ခေါင်းဆောင် ဟာဆန် နက်စ်စရဲလာရဲ့ ရုပ်ပုံတွေလည်း ဆွဲဖြဲခံထားရပြီး ကြမ်းပြင်ပေါ်မှာပါ။

သံရုံးအပြင်ဘက် မျက်နှာစာကို အလှဆင်ထားတဲ့ အပြာရောင်ကြွေပြားတွေကတော့ အရင်အတိုင်း မပျက်မစီးရှိပေမဲ့ အီရန်မှာ သြဇာသိပ်ကြီးခဲ့တဲ့ တော်လှန်ရေး အစောင့် တပ်ဖွဲ့ တပ်မှူး ကာဆန် ဆိုလမ်မာနီရဲ့ ရုပ်ပုံကြီးကတော့ ဖျက်ဆီးခံထားရပါပြီ။ အဲဒီ အီရန် ထိပ်တန်း တပ်မှူးက ၂၀၂၀ ဇန်နဝါရီလ အတွင်းမှာ သမ္မတ ဒေါ်နယ်ထရမ့် အမိန့်နဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံရပြီး သေဆုံးသွားသူပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က သူတို့ရဲ့ မဟာမိတ် ဆီးရီးယား သမ္မတ ဘာရှား အယ် အာဆတ် ပြုတ်ကျ သွားတဲ့ အရေးအပြင် ဒီပုံရိပ်တွေက အီရန်ရဲ့ ထိခိုက်ခံရမှုတွေကို ထပ်တိုး ပြသနေတာပါ။

ဒဏ်ရာတွေကို ဖြေဖျောက်ရင်း အီရန်ဟာ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ဆိုရင် သူတို့ ဘာလုပ်ရမလဲ ဆိုတာကိုလည်း ပြင်ဆင်ရမှာပါ၊ သူတို့ တင်းမာတဲ့မူနဲ့ ချဉ်းကပ်မှာလား၊ ဒါမှမဟုတ် အနောက်နဲ့ ညှိနှိုင်းမှုတွေကို ပြန်လုပ်မလား။ တကယ်ရော အီရန် အစိုးရက ဘယ်လောက် တည်ငြိမ်နေပါလဲ။

ဆုတ်ဖြဲထားတဲ့ အရင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နက်စ်စရဲလာရဲ့ပုံ (ဝဲဘက်)နဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆိုလမ်မာနီရဲ့ ပုံ တွေကို လူတယောက်က တက်နင်းထားစဉ် - အီရန်သံရုံး၊ ဒမတ်စကပ်၊ ဒီဇင်ဘာ ၈ ရက် ၂၀၂၄

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဆုတ်ဖြဲထားတဲ့ အရင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နက်စ်စရဲလာရဲ့ပုံ (ဝဲဘက်)နဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆိုလမ်မာနီရဲ့ ပုံ တွေကို လူတယောက်က တက်နင်းထားစဉ် - အီရန်သံရုံး၊ ဒမတ်စကပ်၊ ဒီဇင်ဘာ ၈ ရက် ၂၀၂၄

အာဆတ်ဖြုတ်ချခံရပြီးတဲ့နောက် ခါမေနီက သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ဗျူဟာ မြောက်အရှုံးကို ဟန်မပျက်တဲ့ ပုံဖော်ညွှန်းသွားပါတယ်။ ၁၉၈၉ မှာ အထွတ်အထိပ်နေရာကို ရလာခဲ့ပြီး အခု အသက် ၈၅ နှစ်ရှိပြီ ဖြစ်တဲ့ သူဟာ သူ့ရာထူးသက်တမ်း အတွင်း စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ခဲ့ရပေမဲ့ အခုထိ အာဏာပိုင်စိုးထားဆဲပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"အီရန်ဟာ ခိုင်မာပြီး စွမ်းအားရှိတယ်၊ ပိုပြီးတော့တောင် ခိုင်မာလာဦးမှာ" လို့ သူက ကြုံးဝါးပါတယ်။

အစ္စရေးကို ဆန့်ကျင်တဲ့ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ၊ ယီမင်က ဟူသီ၊ အီရတ်က ရှီးယား လက်နက်ကိုင်တွေ အပါအဝင် အီရန် ဦးဆောင် မဟာမိတ်တွေဟာ အားကောင်းလာဖို့ပဲ ရှိတယ်လို့ သူက ဆိုပါတယ်။

"ဖိအားတွေ ခံရလေလေ၊ ခုခံတော်လှန်ရေးက ပိုပြီးခိုင်မာလာလေလေပဲ၊ ရာဇဝတ် ကျူးလွန်တာ ခံရလေလေ၊ ကိုယ့်ရည်မှန်းချက်အတွက် ပိုခိုင်မာလေလေပဲ၊ တိုက်ပွဲ ဆင်ရင်း တိုက်ပွဲတွေဟာ ပိုကြီးမားလာလိမ့်မယ်" လို့လည်း သူက ပြော ပါတယ်။

ဒါပေမဲ့ အစ္စရေးမှာ ဟားမတ်စ်တို့ လူတွေအစုလိုက်သတ်ဖြတ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် ၂၀၂၃ နောက်ပိုင်း အခြေအနေတွေက အီရန်အစိုးရ အတွက် မကောင်းလှပါဘူး။

အစ္စရေးက သူ့ရန်သူတွေကို လက်တုံ့ပြန်ရင်း ဖြစ်လာတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံရေး မြင်ကွင်းအသစ်မှာ အီရန်က နောက်ကျကျန်နေပါတယ်။

အမေရိကန်သံတမန်ဟောင်း၊ လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း တယောက်ဖြစ်ပြီး လက်ရှိမှာ ဝဲလ်ဆန် စင်တာ သုတေသနပညာရှင်အဖွဲ့မှာ လုပ်နေတဲ့ ဂျိမ်းစ် ဂျက်ဖရီက "ဒိုမီနိုကားချပ်တွေ အကုန်လုံးက ဆက်တိုက် လဲကျနေတာ" လို့ ဆိုပါ တယ်။

"အီရန်ရဲ့ ခုခံရေး ဝင်ရိုးတန်းအဖွဲ့ကို အစ္စရေးက ရိုက်ခွဲလိုက်ပြီ၊ နောက် အခု ဆီးရီးယား အဖြစ်က အကြီးအမား ပြိုလဲမှုပဲ။ အီရန်အနေနဲ့ ဒေသတွင်းမှာ သူတို့ရဲ့ လက်ဝေခံဆိုလို့ ယီမင်က ဟူသီတွေက လွဲလို့ ဘာမှ မရှိတော့ဘူး။"

အီရန်ဟာ အိမ်နီးချင်း အီရတ်ထဲမှာ သြဇာကြီးတဲ့ စစ်သွေးကြွအဖွဲ့ကို နောက်ခံ ရပ်ပေးထားတုန်းပါ။ ဒါပေမဲ့ မစ္စတာ ဂျက်ဖရီက "ဒါက ဒေသတွင်း လွှမ်းမိုးထားနိုင်မှု ပြိုလဲကျသွားတာ၊ ဒီလို ဖြစ်လာလိမ့်မယ်လို့ အရင်က မတွက်ဆ ထားကြဘူး" လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က အာဆတ်ဟာ အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ခဲ့ပါတယ်၊ အများပြည်သူအကြား သူ့ကို နောက်ဆုံးတွေ့ခဲ့ရတဲ့ အဖြစ်လည်း ဖြစ်ပါတယ်၊ အဲဒီလိုတွေ့စဉ်က ဆီးရီးယား မြို့တော်ကို ထိုးလာနေတဲ့ သူပုန်တွေကို သူက "ချေမှုန်းဖို့" ကတိပြုခဲ့ပါတယ်။ နောက်ရက်ပိုင်းအကြာမှာတော့ နိုင်ငံကနေ သူ ထွက်ပြေးလာပြီး ရုရှားမှာရောက်နေပြီလို့ ကရင်မလင် အစိုးရက ထုတ်ပြန်ပါတယ်။

ဆီးရီးယား နိုင်ငံဆိုင်ရာ အီရန် သံအမတ် ဟူစိန် အက်ဘာရီကလည်း အာဆတ်ဟာ "ခုခံရေး ဝင်ရိုးတန်းရဲ့ ရှေ့တန်းတပ်ဦးနေရာမှာ ရှိသူ" လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဘာရှား အယ် အာဆတ် အတွက် နိဂုံးဖြစ်လာတဲ့အချိန်မှာ အီရန်ဟာ သူ့ အတွက် တိုက်မပေးနိုင် ဒါမှမဟုတ် မတိုက်ချင်တော့ပါဘူး။

ရက်ပိုင်းအတွင်းမှာပဲ "ခုခံရေး ဝင်ရိုးတန်းအဖွဲ့ "က တခုတည်းသော အစိုးရက မရှိတော့ပါဘူး။

အီရန်က သူ့မဟာမိတ် ကွန်ရက်ကို ဘယ်လို တည်ဆောက်ခဲ့လဲ

ဒေသတွင်းမှာ သြဇာလွှမ်းမှုကို ထိန်းထားနိုင်အောင်နဲ့ အစ္စရေးက တိုက်ခိုက်မှုကို ဟန့်တားနိုင်အောင်တို့အတွက် အီရန်ဟာ သူတို့ရဲ့ စစ်သွေးကြွကွန်ရက်ကို ဖွဲ့နိုင်ရေး ဆယ်စုနှစ်တွေနဲ့ ချီပြီး လုပ်ခဲ့ပါတယ်။ ပြောရရင် ၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေး ကာလ ကတည်းကပါ။

အဲဒီနောက်ပိုင်းဖြစ်လာတဲ့ အီရန်နဲ့ အီရတ်စစ်ပွဲမှာ ဘာရှား အယ် အာဆတ်ရဲ့ ဖခင် ဟာဖက်ဇ်က အီရန်ကို ထောက်ခံခဲ့ပါတယ်။

ဘာရှား အယ် အာဆတ်ဟာ အလီ ခါမေနီနဲ့ အနီးကပ် ဆက်ဆံရေးရှိ

ဓာတ်ပုံ ရင်းမြစ်, IRANIAN PRESIDENCY / HANDOUT

ဓာတ်ပုံ ပုံစာ, ဘာရှား အယ် အာဆတ်ဟာ အလီ ခါမေနီနဲ့ အနီးကပ် ဆက်ဆံရေးရှိ

အီရန်က ရှီးယား ဘာသာရေးခေါင်းဆောင်တွေနဲ့ အာဆတ်မိသားစုတို့ကြား (အာဆတ်တို့ဟာ ရှီးယား အစ္စလာမ် ဂိုဏ်းခွဲတခုဖြစ်တဲ့ အလာဝိုက် တွေဖြစ်) မဟာမိတ်ဖြစ်မှုက ဆွန်နီတို့လွှမ်းမိုးတဲ့ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ ပါဝါ အခြေစိုက်စခန်းကို အင်အားဖြစ်စေပါတယ်။

အီရန်အဖို့ သူ့ရဲ့ လက်ဘနွန်က မဟာမိတ် ဟစ်ဇ်ဘိုလာနဲ့ ဒေသတွင်းက တခြား လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပို့နိုင်ဖို့ ဆီးရီးယားဟာ ထောက်ပံ့ရေး လမ်းကြောင်းပါ။

အာဆတ်ကိုလည်း အီရန်က ကူဖူးပါတယ်။ ၂၀၁၁ မှာ လူထုအုံကြွမှုနဲ့ ကြုံနေရပြီး အာဆတ်တယောက် အကူအညီလိုနေချိန်မှာ အီရန်က တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ၊ လောင်စာဆီတွေ၊ လက်နက်တွေ ထောက်ပို့ပေးဖူးပါတယ်။ စစ်ရေး အကြံပေးတွေ ဆီးရီးယားကို စေလွှတ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အီရန် ဗိုလ်ချုပ်တွေ အပါအဝင် စစ်သားပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

"၂၀၁၁ က စပြီး ဆီးရီးယားမှာ အီရန်က ဒေါ်လာ ၃၀ ဘီလျံကနေ ၅၀ ဘီလျံအထိ အသုံးပြုခဲ့တယ်" လို့ ချက်သန်ဟောက်စ် သုတေသနပညာရှင်အဖွဲ့က အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ဆနမ် ဗက်ကေးက ပြောပါတယ်။

"ခုခံရေး ဝင်ရိုးတန်းဆိုတာက အီရန်ကို တိုက်ရိုက် တိုက်ခိုက်လာနိုင်မှုတွေကို ကာကွယ်ဖို့ ဗျူဟာကျကျ လုပ်ထားတဲ့ အသုံးချ ကွန်ရက်တခုပါ" လို့ ဒေါက်တာ ဗက်ကေးက ပြောပြီး "အခုတော့ ဒီဗျူဟာက ကျရှုံးသွားတာ အသေအချာပါ" လို့ ဆိုပါတယ်။

အီရန်က နောက်ဘာဆက်လုပ်မလဲဆိုတဲ့ စီစဉ်မှုတွေဟာ အခု အာဆတ်ပြုတ်ကျ သွားပြီဆိုတဲ့ အချက်တခုတည်းကြောင့် ထိခိုက်သက်ရောက်ခံရတာ မဟုတ်ပါဘူး။ အီရန် စစ်တပ်က အစ္စရေးထက် အခြေအနေဆိုးနေတဲ့ အချက်ကလည်း သက်ရောက်မှုတွေ ရှိပါတယ်။ ဒီနှစ်စပိုင်းက ၂ နိုင်ငံ စစ်တပ်တွေအကြား ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ ကြပြီး အီရန်စစ်တပ်ရဲ့ အားနည်းမှုတွေကို တွေ့ခဲ့ကြရပါတယ်။

အောက်တိုဘာလအတွင်းက အီရန်ကနေ အစ္စရေးကို ပစ်လိုက်တဲ့ ပဲ့ထိန်း မစ်ဆိုင်းဒုံးတချို့က လေတပ်စခန်းတွေကို တစုံတရာ ထိခိုက်နိုင်ခဲ့ပေမဲ့ မစ်ဆိုင်းအများစု ကို အစ္စရေးက ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကတော့ အီရန်ရဲ့ လေကြောင်းကာကွယ်ရေးနဲ့ မစ်ဆိုင်းထုတ်လုပ်ရေးနေရာတွေကို အကြီးအမား ပျက်စီးစေခဲ့ပါတယ်။ "အီရန်ရဲ့ မစ်ဆိုင်း ခြိမ်းခြောက်မှုက စက္ကူကျားလို ဖြစ်သွားတယ်" လို့ မစ္စတာ ဂျက်ဖရီက ပြောပါတယ်။

ဇူလိုင်လ အတွင်း ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာတယောက် တဟီရန်မှာ လုပ်ကြံခံခဲ့ရမှုကလည်း အီရန်အတွက် အထူး အရှက်ရစရာပါ။

နိုင်ငံရဲ့ အနာဂတ် ဦးတည်ရာလမ်း

အီရန်အနေနဲ့ အခုအချိန်ကစပြီး အဓိက ဦးစားပေးရမယ့် အရာကတော့ သူ့ကိုယ်ပိုင် ရှင်သန်ရေးပါ။ "ထရမ့်ကနေ ပေးလာနိုင်တဲ့ ဖိအားကို တုံ့ပြန်ရှင်သန်နိုင်ဖို့ သူတို့ကိုယ် သူတို့ ပြန်နေရာချ ရမယ်၊ ခုခံရေး ဝင်ရိုးတန်းမှာ ကျန်သလောက် အင်အားကနေ ပြန်အားစုရမယ်၊ ဒေသတွင်း ဆက်ဆံမှုတွေကို ပြန်ပြီး ရင်းနှီးတည်ဆောက်ရမယ်" လို့ ဒေါက်တာ ဗက်ကေးက ဆိုပါတယ်။

အီရန်မှာ ကနေဒါ သံမှူးဘဝနဲ့ ၃ နှစ်ကြာနေခဲ့တဲ့ ဒန်နစ် ဟိုရက်ခ်က "ဒီအစိုးရက အာဏာကြီးပြီး အတော် ခံနိုင်စွမ်းရှိပါတယ်။ သူတို့ လုပ်နိုင်တာတွေ အများကြီးပါ " လို့ ပြောပါတယ်။

သူတို့မှာ လက်နက်စွမ်းအား အားကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ အစ္စရေးနဲ့ ထိပ်တိုက်ရင်ဆိုင်စရာတွေ ဖြစ်လာရင် ဒါတွေကို သူတို့က ထုတ်သုံးနိုင်ပါတယ်။ အီရန်ဟာ စက္ကူကျားပဲလို့ မြင်တဲ့ အမြင်မျိုးကို သူက သတိထား ရှောင်ကြဉ်ပါတယ်။

ဒါပေမဲ့ အမေရိကန်မှာ သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်ထရမ့် ရဲ့ မှန်းဆ မရနိုင်မှုတွေ၊ အစ္စရေးက သူ့ရန်သူတွေကို ဆွဲထုတ် တိုက်ခိုက်နိုင်စွမ်းတွေနဲ့အတူ နိုင်ငံတကာ အမြင် မှာတော့ အီရန်ဟာ သိသိသာသာ အားနည်းနေပါပြီ။

"ခုခံရေး ဝင်ရိုးတန်းကို အခြေခံထားတဲ့ သူတို့ရဲ့ ကာကွယ်ရေး အမြင်ကို အီရန်က ပြန်သုံးသပ်ပါလိမ့်မယ်" လို့ ဒေါက်တာ ဗက်ကေးက ပြောပါတယ်။

"သူတို့ နျူကလီးယား အစီအစဉ်ကို စဉ်းစားလိမ့်မယ်၊ အစိုးရကို ပိုပြီးလုံခြုံမှုပေးနိုင်ဖို့ အဲဒီအစီအစဉ်က မရှိမဖြစ်လိုမလား၊ လိုမယ်ဆိုရင် ပိုရင်းနှီးမြှုပ်နှံမလား စတာတွေ သူတို့ စဉ်းစားမှာပါ။"

နျူကလီးယား အလားအလာ

သူတို့ရဲ့ နျူကလီးယား အစီအစဉ်က လက်နက်ထုတ်လုပ်ဖို့ လုံးဝမဟုတ်ဘဲ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ပါလို့ အီရန်က ထပ်ခါထပ်ခါ ပြောထားပါတယ်။ ဒါပေမဲ့ ၂၀၁၅ မှာ ဒေါ်နယ်ထရမ့်က သဘောတူစာချုပ်ကနေ ထွက်လိုက်တဲ့နောက်ပိုင်း သူတို့ နျူကလီးယားအစီအစဉ်က အဆင့်တွေ မြင့်လာနေပါတယ်။

အရင် သဘောတူညီမှုအရ အီရန်ဟာ နျူကလီးယား စွမ်းအင်ထုတ် စက်ရုံတွေ အတွက် လောင်စာဆီ ထုတ်နိုင်အောင် ယူရေနီယံ သန့်စင်မှု ရာခိုင်နှုန်း ၃.၆၇% အထိ လုပ်ဆောင်နိုင်ပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (International Atomic Energy Agency – IAEA)က အီရန်ဟာ အခုဆိုရင် ယူရေနီယံ သန့်စင်မှုနှုန်း ၆၀% အထိ လုပ်လာနိုင်နေပြီလို့ ဆိုပါတယ်။

ထရမ့်က ပြန်လုပ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို တုံ့ပြန်ပြီးလုပ်နေတာလို့ အီရန်က ပြောပါတယ်၊ အဲဒီအရေးယူပိတ်ဆို့မှုတွေက ဘိုင်ဒန် အစိုးရလက်ထက်မှာလည်း ဆက်ရှိနေပြီး အရင် သဘောတူမှု ပြန်ဖြစ်မလာခဲ့ပါဘူး။

နျူကလီးယားဗုံးထုတ်နိုင်ဖို့ ယူရေနီယံ သန့်စင်မှုက ၉၀% နဲ့ အထက်ကို ရှိရပါတယ်။

ဒေသတွင်းကြား သူတို့နိုင်ငံရဲ့ သြဇာကျဆင်း လာတာကို ပြန်တင်ချင်တဲ့အနေနဲ့ အီရန်က အဲဒါတွေကို လုပ်နေတာလို့ IAEA အကြီးအကဲ ရက်ဖဲလ် ဂရော့စီက ဆိုပါတယ်။

"ဒါကတကယ့်ကို စိုးရိမ်စရာ အနေအထားပါ" လို့ Royal United Services Institute သုတေသနပညာရှင်အဖွဲ့က နျူကလီးယား ပြန့်ပွားမှု လေ့လာရေးဆိုင်ရာ ပညာရှင် ဒါယာ ဒိုဇီကိုဗာ က ပြောပါတယ်။ "အဲဒီ နျူကလီးယားအစီအစဉ်က ၂၀၁၅ တုန်းကနဲ့ ဘာမှ မဆိုင်တော့ဘူး၊ သိပ်ကို ခြားနားသွားပြီ။"

အလက်ပိုမှာ သူပုန်တပ်ဖွဲ့ဝင် တယောက်က ဘာရှား အယ် အာဆတ် ပုံကို ဆွဲဖြဲနေပုံ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, အလက်ပိုမှာ သူပုန်တပ်ဖွဲ့ဝင် တယောက်က ဘာရှား အယ် အာဆတ် ပုံကို ဆွဲဖြဲနေပုံ

အီရန်ဟာ နျူကလီးယား လက်နက်တခုထုတ်နိုင်ဖို့ အတွက် ယူရေနီယံကို လုံလောက်စွာ သန့်စင်တဲ့ အလုပ်ကို အချိန်ကာလ တပတ်အတွင်း လုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ နျူကလီးယားကို လက်နက် ထိပ်ဖူးထဲမှာ ထည့်ဖို့နဲ့ ပစ်မယ့် စနစ်တွေတည်ဆောက်ဖို့ စတာတွေကတော့ လနဲ့ချီ ဒါမှမဟုတ် တနှစ်လောက်ကြာ နိုင်တယ်လို့လည်း သူတို့က ခန့်မှန်းပါတယ်။

"ပစ်နိုင်တဲ့ နျူကလီးယားလက်နက်ရဖို့ သူတို့ဘယ်လောက်နီးစပ်နေပြီလဲဆိုတာ ကျွန်မတို့ မသိပါဘူး။ ဒါပေမဲ့ အီရန်ဟာ နျူကလီးယား လက်နက်နဲ့ ပတ်သက်ပြီး သိထားမှုတွေ အများကြီးရှိနေပြီး ဒါတွေကို ပြန်ရုပ်သိမ်းလို့ ရမှာမဟုတ်ပါဘူး" လို့ မစ္စ ဒါယာ ဒိုဇီကိုဗာက ထပ်ဖြည့်ပြောပါတယ်။

အနောက်နိုင်ငံတွေအဖို့ ဒီအရေးက ပူစရာအဖြစ် အချက်ပေး ခေါင်းလောင်းထိုးသံ ပါ။

"ထရမ့်က အီရန်အပေါ် သူ့ရဲ့ အမြင့်ဆုံး ဖိအား ဗျူဟာတွေ ပြန်ချဖို့ လုပ်မှာ အသေအချာပါပဲ" လို့ အစ္စရေး အမျိုးသားလုံခြုံရေး လေ့လာမှု အင်စတီကျုနဲ့ တဲလ်အဗီ တက္ကသိုလ်က ဝါရင့် သုတေသီ ဒေါက်တာ ရက်ဇ် ဇင်မ်က ပြောပါတယ်။

"ဒါပေမဲ့ အီရန်အနေနဲ့ နျူကလီးယား လုပ်ဆောင်မှုတွေကနေ ပြန်ဆုတ်သွားအောင် ထရမ့်က ပြန်ညှိနှိုင်းတာတွေစပြီး အီရန်နဲ့ ဆက်ဆံဖို့လည်း လုပ်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။"

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ညာဟုက အီရန်အစိုးရ အပြောင်းအလဲဖြစ်ဖို့ လိုလားကြောင်း ပြောထားပေမဲ့ ဒေါက်တာ ဇင်မ်ကတော့ အစ္စရေးနိုင်ငံဟာ ဒေါ်နယ် ထရမ့်က အီရန်ကို ဘာလုပ်မလဲ၊ အီရန်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်ရင်း အချိန်ကောင်းကို စောင့်လိမ့်မယ်လို့ ဆိုပါတယ်။

အီရန်ဟာ အလုံးစုံ ထိပ်တိုက်ရင်ဆိုင်ရမယ့်အခြေအနေထိရောက်အောင် လုပ်မယ့်ပုံ မရှိပါဘူး။

တဟီရန် တက္ကသိုလ်က ပါမောက္ခ နက်ဆာ ဟာဒင်းက "ဒေါ်နယ်ထရမ့်က စီးပွားရေး သမားတယောက်လိုပါပဲ၊ အီရန်နဲ့ ဆက်ဆံပြီး သဘောတူမှုတခုရအောင် လုပ်မယ်လို့ ထင်တယ်" လို့ ပြောပါတယ်။

"တကယ်လို့ ဖြစ်မလာရင်တော့ အဲဒါဖြစ်လာအောင် သူက အမြင့်ဆုံး ဖိအားတွေ ပေးပါလိမ့်မယ်။"

'ပျံ့နှံနေတဲ့ တူးတူးခါးခါး အမုန်းတွေ'

အစ္စလာမ်မစ်ပြည်သူ့သမ္မတနိုင်ငံ အီရန်ဟာ အထွတ်အထိပ်ခေါင်းဆောင်ကြီး နေရာ အတွက် ဆက်ခံမယ့်သူကို စီစဉ်နေရသလို ပြည်တွင်းမှာလည်း စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာပါ။

"ခါမေနီဟာ သူ့အမွေက ဘယ်လိုကျန်ခဲ့မလဲ၊ အသွင်ကူးပြောင်းရေးက ဘယ်လို ဖြစ်မလဲ၊ အီရန်ကို တည်ငြိမ်တဲ့ နိုင်ငံအဖြစ် သူချန်ထားနိုင်ပါ့မလား စတဲ့ အတွေးတွေနဲ့ အိပ်ရာဝင်ရမယ့်သူပါ" လို့ ဒေါက်တာ ဗက်ကေးက ပြောပါတယ်။

ခေါင်းစည်းပဝါ သေချာစွာ မစည်းလို့ဆိုတဲ့ စွပ်စွဲချက်နောက်ပိုင်း အမျိုးသမီးငယ် မာရှာ ဂျီနာ အမ်မီနီ သေဆုံးသွားခဲ့ရတဲ့ အဖြစ်ကြောင့် ၂၀၂၂ခုနှစ်မှာ နိုင်ငံအနှံ့ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေက အီရန်အစိုးရကို အကြီးအမား သက်ရောက်ခဲ့ပါတယ်။

အဲဒီ လူထုအုံကြွမှုက ဘာသာရေး ခေါင်းဆောင်မှုပိုင်းကို စိန်ခေါ်ခဲ့ပြီး အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုကို ကြုံခဲ့ရပါတယ်။

အစိုးရအပေါ် တူးတူးခါးခါး မုန်းတီးမှုတွေက အခုထိ နိုင်ငံအတွင်းမှာ ပျံ့နှံ့နေဆဲ ဖြစ်ပြီး နိုင်ငံရပ်ခြားက ပဋိပက္ခတွေကို အစိုးရက ထောက်ပံ့နေတာ၊ အလုပ် လက်မဲ့ဖြစ်မှုတွေ တိုးလာတာ၊ ငွေဖောင်းပွမှုကြီးလာတာတွေကလည်း မီးလောင်ရာ ကို လေပင့်နေ ပါတယ်။

အီရန်ရဲ့ လူငယ်မျိုးဆက်က အစ္စလာမ်မစ်တော်လှန်ရေးကို သိပ်မသိကြတော့တဲ့အပြင် အစိုးရရဲ့ လူမှုရေးဆိုင်ရာ တားမြစ်ချက်တွေက သူတို့ကို ကန့်သတ်လွန်းတဲ့ အပေါ် မကြိုက်ကြပါဘူး။ အမျိုးသမီးတွေက အပြင်ထွက်ရင် ခေါင်းစည်းပဝါ မစည်းဘဲ ဆန္ဒပြနေကြတာက နေ့တိုင်းလိုလို ဖြစ်နေတာပါ။

ဒါပေမဲ့ ဆီးရီးယားလို အစိုးရ တရပ်ပြုတ်ကျသွားသလိုမျိုး အီရန်မှာ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း အီရန်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။