ဧပြီ ၉ ရက် နိုင်ငံတကာ ထိပ်တန်းသတင်း- ထိုင်းနိုင်ငံသား အားလုံးနီးပါးရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထွင်းဖောက်ယူသွားတဲ့ ဟက်ကာ လင်မယား
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေ အားလုံးနီးပါးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကွန်ပျူတာ နည်းပညာနဲ့ ထွင်းဖောက် ရယူပြီး၊ ငွေကြေးနဲ့ ပြန်လည် ရောင်းစားဖို့ ကြိုးစားခဲ့သူတွေ အဖြစ် သံသယ ရှိရတဲ့ စုံတွဲကို သက်ဆိုင်ရာ အာဏာပိုင်တွေ ဆက်လက် ရှာဖွေ နေကြဆဲ ဖြစ်တယ်လို့ ထိုင်း အစိုးရက ထုတ်ပြန်ပါတယ်။
ခင်ပွန်းဟာ စစ်တပ်က တပ်ကြပ်ရာထူး ရှိသူဖြစ်ပြီးနဲ့ အမျိုးသမီးကတော့ သူနာပြုဆရာမတို့ ဖြစ်ကြတဲ့ အဲဒီ စုံတွဲဟာ ထိုင်းနိုင်ငံသား ၅၅ သန်းရဲ့ မှတ်ပုံတင်ကဒ်ပြားပါ အချက်အလက်တွေနဲ့ ဖုန်းနံပါတ်တွေလိုမျိုး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖွင့်မချ စေချင်ရင် သူတို့နဲ့ ဆက်သွယ်ပါ ဆိုပြီး ကြေညာခဲ့ပါတယ်။
ဘယ်နေ့ နောက်ဆုံးထား ဆက်သွယ်ရမယ် ဆိုတဲ့ နေ့ရက်ကို သူတို့ဘက်ကပဲ ရွှေ့ဆိုင်းခဲ့ပြီးတဲ့နောက်မှာတော့၊ သူတို့ဟာ ခြေရာဖျောက် သွားကြပါတယ်။
ထိုင်းစစ်တပ်က ယာဉ်မောင်း ဖြစ်တဲ့ အမျိုးသားဟာ ကွန်ပျုတာ ထွင်းဖောက်တာကို ဝါသနာပါသူ ဟက်ကာ တစ်ယောက် ဖြစ်ပြီး၊ သူ့ရဲ့ ဇနီးသည် သူနာပြု ဆရာမရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်ဆေးထိုးနှံမှု ဆိုင်ရာ အက်ပ်လီကေးရှင်း ကနေ တဆင့် လူတွေရဲ့ အချက်အလက်ကို ရရှိခဲ့တာလို့ နားလည်ရပါတယ်။
အရေးပေါ်လိုင်းပေါ်မှာ မြောက်ကိုရီးယား အသံတိတ်နေ
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ဆက်သွယ်ထားရှိတဲ့ စစ်ဘက် ဆိုင်ရာ အရေးပေါ် ဖုန်းလိုင်းကို မြောက်ကိုရီးယားဘက်က မဖြေဆိုတာ ၃ ရက် ဆက်တိုက် ရှိနေပြီလို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ် စစ်ပွဲ ရှောင်ရှားနိုင်ရေး ရည်ရွယ်ချက်နဲ့ ထားရှိထားတဲ့ အဲဒီ အရေးပေါ်လိုင်းကနေ တစ်ရက်ကို ၂ ကြိမ် အဆက်အသွယ် လုပ်ကြဖို့ သဘောတူထားပါတယ်။
အရင်ကလည်း အဲဒီလိုင်းကို မြောက်ကိုရီးယားဘက်က နည်းပညာ အခက်အခဲရ ဖြစ်စေ၊ နိုင်ငံရေး မကျေနပ်ချက်တွေ ရှိလို့ ဖြစ်စေ ဖြတ်တောက်တာတွေ လုပ်ခဲ့ဖူးပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် လတ်တလော ပြုလုပ်ခဲ့တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အပေါ် ဒါဟာ ကျူးကျော်စစ် အတွက် ပြင်ဆင် နေတာလို့ ပြုံယမ်းဘက်က ဒေါသတကြီး တုံ့ပြန်ခဲ့ အပြီး၊ အခုလို အရေးပေါ်လိုင်းပေါ်မှာ အသံတိတ် သွားတာ ဖြစ်ပါတယ်။
ရာစုနှစ်ဝက် ကျင့်သုံးခဲ့တဲ့ ကျားထိန်းသိမ်းရေး အိန္ဒိယပေါ်လစီ
အိန္ဒိယနိုင်ငံမှာ ကျားကောင်ရေ အရေအတွက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ တိုးလာတယ်လို့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ဆိုပါတယ်။
ကျားကောင်ရေ ထိန်းသိမ်းရေး ပရောဂျက်ကို နိုင်ငံတော် မူဝါဒ အဖြစ် ချမှတ်ပြီး လုပ်ဆောင် နေခဲ့တာရဲ့ အနှစ် ၅၀ ပြည့် အခမ်းအနားမှာ ဝန်ကြီးချုပ် မိုဒီက အဲဒီလို ပြောတာ ဖြစ်ပါတယ်။
တောင်ဘက်ပိုင်း ပြည်နယ် ကာနာတားကားမှာ ပြုလုပ်ခဲ့တဲ့ ဒီအခမ်းနားမှာ ဝန်ကြီးချုပ်မိုဒီ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေ အရ အိန္ဒိယမှာ လက်ရှိ ကျားကောင်ရေ ၃ ထောင် ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီ ၃ ထောင် ဆိုတဲ့ အရေအတွက်ဟာ တကမ္ဘာလုံးက ကျားကောင်ရေ စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း အိန္ဒိယမှာ ရှိနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။
အိန္ဒိယရဲ့ ကျားထိန်းသိမ်းရေး မူဝါဒ အောင်မြင်တယ် ဆိုပြီး ချီးကျူး ပြောဆိုမှုတွေ ရှိသလို၊ ဒီမူဝါဒကြောင့် သစ်တောတွေထဲ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့ တချို့ ဌာနေ မျိုးနွယ်စုတွေရဲ့ ဘဝ နေပုံထိုင်နည်းတွေ ပျက်စီးခဲ့ရတယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ယီမင်အတွက် ထာဝရ ငြိမ်းချမ်းရေး အလားအလာ
ယီမင်နိုင်ငံထဲက ဟူသီလှုပ်ရှားမှု သူပုန်အဖွဲ့ ခေါင်းဆောင်ဟာ အခုဆိုရင် မြို့တော် ဆားနားမှာ ဆော်ဒီအာရေဗျ ကိုယ်စားလှယ် အဖွဲ့နဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်၊
ယီမင်နိုင်ငံထဲ အချိန်အကန့်အသတ်မထားပဲ အမြဲတမ်း သဘောဆောင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူမှု အသစ် ရရှိလာအောင် နှစ်ဘက် ဆွေးနွေးကြမယ်လို့ ဆိုပါတယ်၊
၈ နှစ်တာ ကြာမြင့်လာပြီ ဖြစ်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ယီမင် ပြည်တွင်းစစ်ထဲ ဆော်ဒီအာရေဗျဟာ ယီမင် အစိုးရကို ကျောထောက် နောက်ခံ ပေးပြီး၊ ဟူသီသူပုန်တွေကို တိုက်ခိုက် နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ မြို့တော် ဆားနားကို ဟူသီ သူပုန်တွေ ထိန်းချုပ်ထားပြီး၊ ရှိထားလက်စ ယာယီ အပစ်ရပ်သဘောတူမှုကို ပြီးခဲ့တဲ့နှစ်တုန်းကတော့ သက်တမ်း မတိုးခဲ့ပါဘူး။ အခုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် အလားအလာကောင်းတွေ တွေ့မြင်နေရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
အရှေ့အလယ်ပိုင်း တင်းမာမှုနဲ့ ပုပ်ဖရန်ဆစ်ရဲ့ အီစတာတရား
ဂျူးဘာသာရေးမှာ အလေးအမြတ်ထားရာ တစ်ခု ဖြစ်တဲ့ Passover အားလပ်ရက် အထိမ်းအမှတ် အဖြစ် ဂျေရူဆလင်မ်မြို့ Temple Mount ဘုရားကျောင်းဝင်းထဲ ဂျုးလူမျိုးတချို့ ဝတ်ပြု ဆုတောင်းပွဲ လုပ်ခဲ့တာမှာ၊ အစ္စရေး လက်နက်ကိုင်ရဲတွေ အင်အားအများအပြား ချထားပြီး အကာအကွယ် ပေးခဲ့ပါတယ်။
အဲဒီ့ Temple Mount ပရိဝုဏ်ဟာ မွတ်ဆလင်တွေ အတွက်လည်း အယ်လ် အာ့က်ဆာ ပလီဝတ်ကျောင်းတော် အဖြစ် အထွဋ်အမြတ်ထားရာ နေရာ ဖြစ်ပါတယ်။
မွတ်ဆလင်တို့ရဲ့ ရမဒန် ဥပုသ်လလည်းဖြစ်တဲ့ အခါသမယမှာ အဲဒီ ဘာသာရေး အထွဋ်အမြတ်နယ်မြေမှာ တင်းမာမှုတွေ မြင့်တက် နေပါတယ်။
အယ်လ် အာ့က်ဆာထဲမှာ မွတ်ဆလင် ရာဂဏန်းတချို့ အကာအရံ ချပြီး နေရာယူထားပါတယ်။ အစ္စရေးရဲတွေကလည်း အယ်လ် အာ့က်ဆာထဲကို နောက်ထပ်လူတွေ ဝင်ခွင့် မပေးတော့ပဲ၊ ဘုရားဝတ်ပြုလိုသူတွေကို ဂျေရူဆလင်မ်မြို့ဟောင်းရဲ့ ဂိတ်ဝတွေရဲ့ အပြင်ကနေသာ ဝတ်ပြု စေခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ အီစတာ ငြိမ်းချမ်းရေးတရား
ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ အီစတာ ဆုတောင်းစကားထဲ ဂျေရူဆလင်မ်မြို့ တင်းမာမှုတွေ အပေါ် စိုးရိမ်ကြောင်း ထည့်သွင်း ပြောခဲ့ပါတယ်။
‘’ဒီနေ့ရက် ခရစ်တော် ပြန်လည် ရှင်ပြန် ထမြောက်တဲ့ အဖြစ်အပျက်ကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဂျေရူဆလင်မ် အရေးနဲ့ ပတ်သက်ပြီး၊ ဘုရားသခင်ထံ အကျွန်ုပ်ဆုတောင်းလို ပါတယ်။
ပြီးခဲ့တဲ့ ရက်တွေမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပြန်တဲ့ အတွက် အကျွန်ုပ် အနေနဲ့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်သောက ရောက်ရပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား အပြန်အလှန် ယုံကြည် လေးစားမှုတွေ ရရှိလာအောင် ညှိနှိုင်းဆွေးနွေး စကားပြောဆိုတာတွေ ပြန်ပြီး ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်။
ဒါမှလည်း မြင့်မြတ်တဲ့ နယ်မြေ အပါအဝင် ဒေသတစ်ခုလုံး အေးချမ်းသာယာ နိုင်မှာ ဖြစ်တယ်’’ လို့ ပုပ်ရဟန်းမင်းကြီး ပြောသွားခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းသိမ်းစစ်သဖွယ် ပြည်မကြီး စစ်တပ် ၂ ရက်မြောက် စစ်ရေးလေ့ကျင့်
တရုတ်ပြည်မကြီး အစိုးရဟာ ထိုင်ဝမ်ကျွန်း တဝိုက် အင်အား ကြီးမားလှတဲ့ စစ်ရေး လေ့ကျင့်မှုကို ဒုတိယမြောက်နေ့ အဖြစ် ပြုလုပ် ခဲ့ပါတယ်။
အဓိက ပစ်မှတ်နေရာတွေကို ကြည်း-ရေ-လေ တပ်ပေါင်းစုံ စုပေါင်းပြီး အဘက်ဘက်ကနေ အတိအကျ ချိန်ကိုက် တိုက်ခိုက်တဲ့ ပုံစံမျိုး လေ့ကျင့် ခဲ့ကြတာ ဖြစ်တယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ပြောပါတယ်။
တရုတ် စစ်လေယာဉ် ၅၈ စင်းနဲ့ စစ်သင်္ဘော ၉ စင်း ဒီနေ့ တွေ့ထားရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်ဝမ် သမ္မတ မစ္စ ဆိုင်အင်ဝမ် အမေရိကန် ပြည်ထောင်စုကို သွားရောက်တဲ့ ခရီးစဉ် အပြီး ဘေဂျင်းက အော်ပရေးရှင်း ဂျွိုင့်ဆော့ဒ်လို့ နာမည် ပေးထားတဲ့ ဒီစစ်ရေး လေ့ကျင့်မှုကို ပြုလုပ်လာတာ ဖြစ်ပြီး၊ ၃ ရက် ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။