မျောက်တွေကို ညှဥ်းပန်းနှိပ်စက်နေတဲ့ ကမ္ဘာတဝန်း ဂိုဏ်းကွင်းဆက် ဘီဘီစီ ဖော်ထုတ်

မျောက်၊ တိရစ္ဆာန်  ညှဥ်းပန်း နှိပ်စက်မှု
ဓာတ်ပုံ ပုံစာ, မျောက်တွေကို ညှဥ်းပန်း နှိပ်စက်ပြတဲ့ ဗီဒီယိုထဲက ပုံ
  • ရေးသားသူ, ဂျိုဝယ်လ် ဂန်တာ၊ ရေဘက္ကာ ဟန်ချ်ကေး၊ အက်စ်တူဒက်စ်ထရာ အယန်ဂက်စထရီ
  • ရာထူးတာဝန်, BBC Eye စုံစမ်းစစ်ဆေးရေဌာန

မျောက်တွေကို ရက်စက်ကြမ်းကြုတ်စွာ ညှဥ်းပန်း နှိပ်စက်တဲ့ ကမ္ဘာ့ဂိုဏ်းကွန်ရက် ကွင်းဆက်ကြီးတစ်ခုကို တစ်နှစ်ကြာ ခြေရာခံ စုံစမ်းခဲ့အပြီး ဘီဘီစီ ကမ္ဘာတလွှားအသံလွှင့်ဌာနက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီဂိုဏ်းဟာ အင်ဒိုနီးရှားကနေ အမေရိကန်နိုင်ငံအထိ ဖြန့်ကြက်ရှိနေခဲ့တာပါ။

မြီးရှည်မျောက် ပေါက်စလေးတွေကို ညှဥ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်တဲ့ပုံတွေကို ဗီဒီယိုပေါ်တင် ရိုက်ပြဖို့အတွက် အဲဒီမျောက်ကလေးတွေ ကျက်စားရာ အင်ဒိုနီးရှားက လူတချို့ဆီကနေ အမေရိကန်၊ ယူကေနဲ့ နိုင်ငံအတော်များများက လူတွေက ငွေပေးဝယ်နေကြတာကို တွေ့ခဲ့ရပါတယ်။

ဒီလို ညှဥ်းပန်းနှိပ်စက်မှုပုံတွေကို အဲဒီဂိုဏ်းက ယူကျူ့ပေါ်တင်ပြီး အရင် စခဲ့တာပါ။ အဲဒီနောက် တယ်လီဂရမ် မက်ဆင်ဂျာကနေတဆင့် ပုဂ္ဂလိကအုပ်စုတွေဆီ ဖြန့်ခဲ့ပါတယ်။

အခုအခါ အဲဒီဗီဒီယို ဝယ်သူတွေကို ရဲတွေက ခြေရာခံ ရှာဖွေနေပြီး ဖမ်းဆီးမှုအတော်များများ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဆောင်းပါးထဲမှာ စိတ်မချမ်းမြေ့စရာ အကြောင်းအရာတွေ ပါဝင်ကြောင်း ကြိုတင်သတိပေးထားပါရစေ

ဘီဘီစီသတင်းထောက်တွေက မျောက် ညှဥ်းပန်းနှိပ်စက်သူတွေအဖြစ် ဟန်ဆောင်ပြီး တယ်လီဂရမ်ပေါ်က မျောက်ညှဥ်းပန်းတဲ့ အဓိကအုပ်စုကြီးတစ်ခုထဲ ဝင်ခဲ့ပါတယ်။ လူရာပေါင်းများစွာ ပါတဲ့ အဲဒီအုပ်စုကြီးက မျောက်တွေကို အစွမ်းကုန် ညှဥ်းပန်းနှိပ်စက်နိုင်မယ့် နည်းတွေကို ဝိုင်းရှာဖွေ အကြံပေးကြပြီး သူတို့နည်းတွေအတိုင်း လုပ်ဖို့ အင်ဒိုနီးရှားနဲ့ တခြား အာရှနိုင်ငံက လူတွေကို ငွေပေး လုပ်ခိုင်းလေ့ရှိကြပါတယ်။

အဲဒီအုပ်စုရဲ့ ရည်ရွယ်ချက်က မြီးရှည်မျောက်ပေါက်စလေးတွေကို ညှဥ်းပန်း၊ နှိပ်စက် တစ်ခါတလေ သတ်ပစ်တဲ့ ပုံတွေကို ဗီဒီယိုရိုက်ပြီး ထုတ်ဖို့ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အင်ဒိုနီးရှားက မျောက် ညှဥ်းပန်းနှိပ်စက်သူတွေကိုရော၊ အမေရိကန်ကနေ ငွေပေးပြီးခိုင်းသူတွေနဲ့ ဗီဒီယိုဝယ်ကြည့်သူတွေကိုပါ ဘီဘီစီက ခြေရာခံလိုက်ရှာနိုင်ခဲ့ပြီး အဲဒီလူတွေကို တရားဥပဒေအရ အရေးယူနိုင်စေရေး နိုင်ငံတကာ ဥပဒေတစ်ခု ပြဌာန်းနိုင်ဖို့ ကြိုးပမ်းနိုင်ခွင့် ရခဲ့ပါတယ်။

ကမ္ဘာတဝန်းက လူ အနည်းဆုံး ၂၀ လောက်ကို အခုအခါ စုံစမ်းစစ်ဆေးနေပြီး အဲဒီထဲမှာ ယူကေနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။ အဲဒီအမျိုးသမီးတွေကို မနှစ်က ရဲက ဖမ်းဆီးခဲ့ပါတယ်။ အခုအခါ ပြန်လွှတ်ပေးလိုက်ပေမဲ့ ဆက်လက် စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်က အမျိုးသားတစ်ဦးကိုတော့ ပြီးခဲ့တဲ့သီတင်းပတ်က တရားစွဲဆိုခဲ့ပါတယ်။

“ညှဥ်းပန်းနှိပ်စက်မှု ထိပ်ခေါင်ဘုရင်ကြီး”ဆိုတဲ့ အမည်နဲ့ မျောက်တွေကို ညှဥ်းပန်းနှိပ်စက်၊ သတ်ဖြတ်ပုံ ဗီဒီယိုတွေ ထုတ်လုပ်တဲ့ အဓိက လူတစ်ဦးဖြစ်တဲ့ အမေရိကန်နိုင်ငံက မိုက်ခ် မက်ကာ့တ်နီ က ဘီဘီစီကို အင်တာဗျူးပေးဖို့ သဘောတူခဲ့ပြီး မျောက်ညှဥ်းပန်းနှိပ်စက်တဲ့ တယ်လီဂရမ်အုပ်စုတစ်စုထဲ ပထမဆုံး ဝင်ခဲ့တုန်းက အချိန်ကို သူက ပြန်ပြောပြခဲ့ပါတယ်။

“မျောက်တွေကို ဘယ်လိုညှဥ်းပန်း နှိပ်စက်ကြမလဲဆိုတာကို သူတို့က မဲခွဲ ဆုံးဖြတ်လေ့ ရှိပါတယ်။ တူနဲ့ထုပြီး နှိပ်စက်တာ ကြိုက်သလား။ ပလာယာ သုံးတာ ကြိုက်သလား။ ဝက်အူလှည့် သုံးချင်သလား ဆိုတာကို မဲခွဲကြပါတယ်။ အဲဒီအဆုံးသတ် ဗီဒီယိုဟာ ကျွန်တော်မြင်ဖူးသမျှ အော့နှလုံးနာစရာပုံတွေထဲမှာ အဆိုးဆုံးပါပဲ။ “လို့ သူက ပြန်ပြောပြပါတယ်။

မျောက်၊ တိရစ္ဆာန် ညှဥ်းပန်းနှိပ်စက်မှု

ဓာတ်ပုံ ရင်းမြစ်, Joel Gunter/BBC

ဓာတ်ပုံ ပုံစာ, မျောက်ပေါက်စလေးတွေကို နို့ဗူးပြ စတာမျိုးကအစ လက်ချောင်းတွေ ဖြတ်ပစ်တာမျိုးအထိ လုပ်ကြတယ်လို့ “မျောက် ညှဥ်းပန်းနှိပ်စက်မှု ထိပ်ခေါင်ဘုရင်ကြီး” က ပြောပြ

မျောက်တွေကို ညှဥ်းပန်းနှိပ်စက်တဲ့ လောကထဲ မဝင်ခင်က မကာ့တ်နီဟာ မော်တော်ဆိုင်ကယ်ဂိုဏ်းဝင်ဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ထောင်ကျဖူးသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာ မျောက်တွေကို နှိပ်စက် ညှဥ်းပန်း သတ်ဖြတ်ဖို့ စိတ်အားထက်သန်တဲ့ အမာခံ တယ်လီဂရမ်အုပ်စုအတော်များများအတွက် ဗီဒီယိုတွေ ထုတ်လုပ်ဖြန့်ဖြူးပေးသူ ဖြစ်လာခဲ့ပါတယ်။

“ဒါက မူးယစ်ဆေး မှောင်ခိုလို့ ရတဲ့ငွေနဲ့ ဘာမှ ထူးမခြားနားပါဘူး။ မူးယစ်ဆေးငွေက ညစ်ညမ်းတဲ့လက်ကနေ ရတာ၊ ဒီငွေက သွေးစွန်းတဲ့လက်ကနေ ရတာ။ အတူတူပါပဲ။“လို့ သူက ပြောပါတယ်။

ဒါ့အပြင် နောက်အရေးပါတဲ့ သံသယတရားခံ နှစ်ဦးကိုလည်း ဘီဘီစီက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အခုအခါ သူတို့ကို အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS)က စုံစမ်းစစ်ဆေးနေပါတယ်။ တစ်ယောက်က "ရက်စက်ကြမ်းကြုတ်သူ" လို့ သူ့အသိုင်းအဝိုင်းမှာ ကင်ပွန်းတပ်ခံထားရသူ အယ်လာဘားမားပြည်နယ်က မြေးတောင်ရနေပြီဖြစ်တဲ့ အသက် ၄၀ ပိုင်း အရွယ် စတေစီ စတိုရီ ဆိုသူ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မစ္စတာ မျောက်ဝံလို့ အများသိကြတဲ့ ဂိုဏ်းခေါင်းဆောင် တစ်ဦးတို့ ဖြစ်ပါတယ်။ သူ့အမည်ရင်းကိုတော့ လုံခြုံရေးအရ ဖော်ပြခွင့် မရှိပါဘူး။

အနည်းဆုံး မျောက် ၄ ကောင်သေဆုံးခဲ့မှုနဲ့ တခြား မျောက်အများကြီးကို နှိပ်စက်ညှဥ်းပန်းခဲ့မှုတွေကို သူလုပ်ခဲ့တယ် ဆိုတာကို မစ္စတာ မျောက်ဝံ က ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။ အစွမ်းကုန် ရက်စက်ကြမ်းကြုတ်တဲ့ ဗီဒီယိုတွေ ထုတ်ဖို့ သူက အခကြေးငွေပေးပြီး ခိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။

စတိုရီရဲ့ ဖုန်းကို အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) က ဝန်ထမ်းတွေ သိမ်းဆည်းခဲ့စဉ်မှာ မျောက်တွေကို ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ ဗီဒီယိုပေါင်း ၁၀၀ နီးပါး တွေ့ခဲ့သလို နည်းကုန်လမ်းကုန် ညှဥ်းဆဲ သတ်ဖြတ်ပြတဲ့ ဗီဒီယိုတချို့ ဖန်တီး ထုတ်လုပ်ဖို့ သူငွေပေးပြီး ခိုင်းခဲ့တယ်ဆိုတဲ့ အထောက်အထားတွေလည်း တွေ့ခဲ့ရပါတယ်။

ရဲသတင်းရပ်ကွက်တွေအရ စတိုရီဟာ အခုလ အစောပိုင်းလောက်အထိ မျောက်ညှဥ်းဆဲနှိပ်စက်တဲ့ အုပ်စုတစ်စုမှာ ပါဝင်လှုပ်ရှားနေခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလတုန်းက အယ်လာဘားမားပြည်နယ်မှာ စတိုရီကို ဘီဘီစီက ချဉ်းကပ် မေးမြန်းခဲ့စဉ်တုန်းကတော့ သူက သူ့ဖုန်း ဟက်လုပ်ခံခဲ့ရတယ်လို့ ပြောခဲ့ပြီး သူ့အပေါ် စွပ်စွဲထားတဲ့ အချက်တွေကို အသေးစိတ် ပြန်တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်။

မျောက်၊ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှု

ဓာတ်ပုံ ရင်းမြစ်, Ed Ou/BBC

ဓာတ်ပုံ ပုံစာ, မျောက်အကောင်တိုင်းစီရဲ့ မျက်နှာတွေနဲ့ သူတို့ ဘယ်လိုသေခဲ့ကြရသလဲဆိုတာကို ကျွန်တော် မှတ်မိနေတယ်လို့ မစ္စတာ မျောက်ဝံက ပြောပါတယ်။

မစ္စတာ မျောက်ဝံ၊ စတေစီ စတိုရီနဲ့ မိုက်ခ် မက်ကာ့တ်နီ တို့ ဟာ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနရဲ့ ခုချိန်ထိ စုံစမ်းစစ်ဆေးနေဆဲ အမှုကြီးမှာ အဓိက အရေးပါတဲ့ လူ ၅ ဦးထဲက ၃ ဦး ဖြစ်ပါတယ်။ သူတို့ကို တရားစွဲဆို အပြစ်ပေးတာတွေ မလုပ်ရသေးပါဘူး။ ဒါပေမဲ့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက သိမ်းဆည်းရထားတဲ့ အထောက်အထားတွေကို အခြေခံပြီး တရားစွဲဆိုမယ်ဆိုရင် သူတို့ ထောင်ဒဏ် ၇ နှစ်လောက်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ဖွယ် ရှိနေပါတယ်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ အထူးထောက်လှမ်းရေးအဖွဲ့ဝင် ပေါလ် ဝိုလ်ပါ့တ် က ဒီစုံစမ်းစစ်ဆေးမှုမှာ ပါဝင်နေတဲ့ ရဲတပ်ဖွဲ့ဝင် အယောက်စီတိုင်းဟာ ဒီရာဇဝတ်မှု ဖြစ်စဉ်တွေကြောင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ကြရတယ်လို့ ပြောပြပါတယ်။

“ဒီလိုရာဇဝတ်မှုမျိုး ကြုံရဖို့ အသင့်ပြင်ထားကြမယ့်သူ တစ်ယောက်မှ ရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ အမှုလိုက်ရှေ့နေတွေ၊ တရားသူကြီးတွေရော အခု ဒီဆောင်းပါးကို ဖတ်မိတဲ့ သူတိုင်းပါ အလားတူ ခံစားမိကြမှာ သေချာပါတယ်။ ဒီရာဇဝတ်မှုကြီးက ထိတ်လန့်တုန်လှုပ်စရာကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။”

မျောက်တွေကို ညှဥ်းပန်းနှိပ်စက်၊ သတ်ဖြတ်တဲ့ ဗီဒီယိုတွေကို ဝယ်ယူအားပေးခဲ့သူတွေ၊ ထုတ်လုပ်ဖြန့်ချိခဲ့သူတွေ မှန်သမျှ “တစ်ချိန်ချိန်မှာ ရဲက တံခါးလာခေါက် စစ်ဆေးမေးမြန်းတာကို ခံရဖို့ ရှိတယ်”လို့ ထောက်လှမ်းရေးအဖွဲ့ဝင် ဝိုလ်ပါ့တ် က ပြောပါတယ်။ “ဒီအမှုကနေ ရှောင်ပြေးလို့ လွတ်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

အင်ဒိုနီးရှားမှာလည်း တိရစ္ဆာန် နှိပ်စက် ညှဥ်းပန်းမှုနဲ့ သံသယရှိသူ တရားခံနှစ်ဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ အဆက်ပ် ယာဒီ နူရူလ် ဟစ်က်မာ ဆိုသူကို တိရစ္ဆာန် နှိပ်စက် ညှဥ်းပန်းမှု၊ တားမြစ်မိန့်ထုတ်ထားတဲ့ ရှားပါးမျိုးသုဉ်း တိရစ္ဆာန်မျိုးစုတစ်ခုကို ရောင်းချမှုတွေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ အမ်မ် အဂျစ်စ် ရက်စ်ဂျနာ ဆိုသူကိုတော့ ထောင်ဒဏ် ၈ လ ချမှတ်ခဲ့ပါတယ်။ ဒါဟာ တိရစ္ဆာန် နှိပ်စက် ညှဥ်းပန်းမှု စွဲချက်နဲ့ အမြင့်ဆုံး ချမှတ်နိုင်တဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။

မျောက်၊ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှု
ဓာတ်ပုံ ပုံစာ, မျောက်တွေကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့သူ တစ်ဦးဖြစ်တဲ့ အဆက်ပ် ယာဒီ နူရူလ် ဟစ်က်မာ ကို အင်ဒိုနီးရှားရဲတွေ ဖမ်းဆီးခဲ့စဉ်

မျောက်တွေကို ညှဥ်းပန်းနှိပ်စက်တဲ့ ဗီဒီယိုတွေက တယ်လီဂရန် ချန်နယ်လ်မှာ အလွယ်တကူ ရှာကြည့်လို့ ရနေဆဲ ဖြစ်ပြီး အခုဆိုရင် ဖေ့စ်ဘွတ်ခ်မှာတောင် ကြည့်လို့ ရလာနေပါပြီ။ အဲဒီမှာ မျောက်တွေကို ရက်ရက်စက်စက် ညှဥ်းပန်းနှိပ်စက်တဲ့ပုံတွေကို အချင်းချင်းဝေမျှကြတဲ့ အုပ်စုတွေ ဒါဇင်နဲ့ချီ ရှိနေကြပြီး တချို့ အုပ်စုတွေမှာဆိုရင် အုပ်စုဝင် ၁၀၀၀ ကျော် ရှိတာကို ဘီဘီစီက မကြာသေးခင်က တွေ့ခဲ့ရပါတယ်။

“အရင်က ပုန်းလျှိုးကွယ်လျှိုး ရှိခဲ့တဲ့ ဒီမမြင်ဝံ့စရာ ဗီဒီယိုတွေကို အခုအခါ ဖေ့စ်ဘွတ်ခ်လို မီဒီယာ ပလက်ဖောင်းမျိုးတွေမှာ ပြောင်ပြောင်တင်းတင်း အချင်းချင်း ဝေမျှနေကြတာတွေ ပိုတိုးလုပ်လာနေတယ်”လို့ Action for Primates တိရစ္ဆာန် ကာကွယ်ရေး ပရဟိတ အဖွဲ့ ကို ပူးတွဲတည်ထောင်သူ ဆာရာ ကိုက်တ် က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ကတော့ သူတို့ သတိထား တွေ့မိတဲ့ အုပ်စုတွေကို ဖယ်ရှားပစ်ခဲ့ပြီးပြီလို့ ဘီဘီစီကို ပြောပါတယ်။ “တိရစ္ဆာန်တွေကို နှိပ်စက် ညှဥ်းပန်းဖို့ တိုက်တွန်းအားပေးတာတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခွင့် မပြုပါဘူး။ သတိထား တွေ့မိလိုက်တာနဲ့ ချက်ချင်း ဖြုတ်ချပါတယ်။ အခုဒီအုပ်စုတွေကို လုပ်ခဲ့သလိုမျိုး အမြဲဖြုတ်ချလေ့ ရှိပါတယ်“ လို့ ဖေ့စ်ဘွတ်ခ် ပြောခွင့်ရသူက ပြောပါတယ်။

မျောက်တွေကို ညှဥ်းပန်းနှိပ်စက်တဲ့ ဗီဒီယိုတွေ ရိုက်ကူးထုတ်လုပ်ဖို့ ငွေပေး ခိုင်းစေခဲ့သူ လူပုဂ္ဂိုလ်တွေအပေါ် တရားစွဲဆို အရေးယူနိုင်ရေး ပိုလွယ်ကူလာစေဖို့အတွက် ယူကေမှာ ဥပဒေစည်းမျဉ်းတွေ ပြင်ဆင် ချမှတ်ဖို့ ကိုလည်း မစ်စ်ကိုက်တ်က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ “တိရစ္ဆာန်တွေ ထိခိုက်နာကျင်အောင် လုပ်ရာမှာ စိတ်အား ထက်ထက်သန်သန် ပါဝင်ခဲ့သူတွေကို သူတို့ နည်းပြ စေခိုင်းခဲ့တဲ့ အချက်တွေကို ဖော်ပြပြီး အရေးယူနိုင်အောင် ပိုတင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ထားသင့်ပါတယ်။”

ယူကျူ့ကုမ္ပဏီကတော့ “တိရစ္ဆာန် ညှဥ်းပန်းနှိပ်စက်တာတွေကို သူတို့ရဲ့ ယူကျူ့ ပလက်ဖောင်းပေါ်မှာ ဖော်ပြခွင့် တားမြစ်ထားကြောင်းနဲ့ စည်းမျဉ်းချိုးဖောက်တဲ့ အကြောင်းအရာ မှန်သမျှကို အမြန်ဆုံး ဖယ်ရှား ဖြုတ်ချဖို့ ယူကျူ့ကုမ္ပဏီက အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်နေတယ်”လို့ ဘီဘီစီကို ပေးပို့လာတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"အကြမ်းဖက် ထိတ်လန့်စရာ အကြောင်းအရာ၊ ပုံရိပ်တွေ မဖော်ပြဖို့ တားမြစ်ထားတဲ့ ယူကျူ့ရဲ့ ပေါ်လစီကို ချိုးဖောက်ခဲ့မှုနဲ့ ဒီနှစ်တစ်နှစ်ထဲမှာတင် ဗီဒီယို သိန်းပေါင်းများစွာကို ယူကျူ့ပေါ်ကနေ ဖြုတ်ချခဲ့သလို ချယ်နယ် ထောင်ပေါင်းများစွာကိုလည်း ပိတ်ပစ်ခဲ့ပြီးပါပြီ။" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တယ်လီဂရမ်ကတော့ သူတို့အနေနဲ့ တယ်လီဂရမ် သုံးသူတွေရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လိုမျိုး လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ကတိပြုထားတဲ့အတိုင်း လုပ်ဆောင်နေကြောင်းနဲ့ တယ်လီဂရမ် ကြီးကြပ်သူတွေအနေနဲ့ ပုဂ္ဂလိကအုပ်စုတွေကို အမြဲတမ်းစောင့်ကြည့် စစ်ဆေးတာမျိုးတော့ မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။