မာတိကာသို့ ခုန်သွားရန်

စေတီပုထိုးများ

ဝီကီပီးဒီးယား မှ
(စေတီ မှ ပြန်ညွှန်းထားသည်)

စေတိယ =စေတီ ဟူသည် မူလအနက်အရ လူတို့အမြတ်တနိုး ရှိခိုးဦးချ ကိုးကွယ်ကြသည့် အရာမှန်သမျှကို ဆိုလိုသည်။ သို့သော် ပါဠိဘာသာကို ဗုဒ္ဓဘာသာတွင်သာ သုံးနှုန်းသဖြင့် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်၊ အသုံးအဆောင်များ အစရှိသည်တို့ကို ဌာပနာထားသော သာသနိက အဆောက်အဦးများ၊ ထိုသို့ဌာပနာမပါသော်လည်း ဗုဒ္ဓကိုရည်မှန်း ဆောက်လုပ်ထားအပ်သော သာသနိကအဆောက်အအုံများကို စေတီဟု သတ်မှတ်နိုင်သည်။ စေတီဟူသည်မှာ အရိုအသေပြုအပ်သော အရာဝတ္ထုဖြစ်၏။ စေတီသည်−

  1. ဓာတုစေတီ = ဘုရားရှင်၏ ဓာတ်တော်
  2. ဓမ္မစေတီ၊ = တရားတော်၊ ဓမ္မခန္ဓာများ၊
  3. ပရိဘောဂစေတီ = ဘုရားရှင်၏ အသုံးအဆောင်၊
  4. ဥဒ္ဒိဿစေတီ၊ = ဘုရားရှင် ကိုယ်စား ရုပ်တုတော်၊ ဆင်းတုတော်
  5. ပါဒစေတီ၊ = ဘုရားရှင်၏စက်လက္ခဏာတော် ဟူ၍

ငါးမျိုးရှိသည်။

စေတီသုံးမျိုး

[ပြင်ဆင်ရန်]

ဇာတ်အဋ္ဌကထာ ကာလိင်္ဂဗောဓိဇာတ်၌ စေတီသည် သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿကစေတီ ဟူ၍ သုံးမျိုးလာ၏။ ထိုသုံးမျိုးတို့တွင်-

  1. မြတ်စွာဘုရားခန္ဓာကိုယ်၏ အစိတ်အပိုင်းဖြစ်သော ဓာတ်တော်၊ မွေတော်၊ ညှပ်ရိုးတော်၊ နဖူး သင်းကျစ်တော်၊ စွယ်တော်၊ သွားတော်၊ ဆံတော်၊ မွေးညှင်းတော်၊ ခြေသည်းတော်၊ လက်သည်းတော်သည်လည်းကောင်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်လည်းကောင်း သာရီရိကစေတီ မည်၏။
  2. ဘုရားလောင်း၏ အသုံးအဆောင်ဖြစ်သော ဝတ်လဲတော်ပုဆိုး၊ ဆံတော်စသည်လည်းကောင်း၊ မြတ်စွာဘုရား၏အသုံးအဆောင် ဖြစ်သော ဗောဓိပင်၊ ကျောင်းတော်စသော အဆောက်အဦသည်လည်းကောင်း၊ သပိတ်တော်၊ သင်္ကန်းတော်၊ တောင်ဝှေးတော်စသော ပရိက္ခရာသည်လည်းကောင်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်လည်းကောင်း ပရိဘောဂစေတီမည်၏။
  3. ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ခဲ၊ ကျောက်၊ အုတ်၊ အင်္ဂတေ၊ မြေ၊ သစ်သား စသည်တို့ကို ထုလုပ်ထားသော ရုပ်တုတော်ဆင်းတုတော်သည် လည်းကောင်း၊ ဆေးမင်တို့ဖြင့် ရေးသားရိုက်နှိပ်ထားသော ဓာတ်ပုံဓာတ်ကားသည်လည်းကောင်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်လည်းကောင်း ဥဒ္ဒိဿကစေတီမည်၏။

သာရတ္ထဒီပနီဋီကာ ဗာဟိရနိဒါန်း၌ကား− သာရီရိကစေတီနှင့် ဓာတုစေတီဆိုသည် မှာ သဒ္ဒါသာကွဲ၍ အနက်မှာ အတူတူပင်ဖြစ်သည်။ ဓမ္မစေတီတစ်ခုသာ ထူးသည်။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ် စသော ပိဋကတ်တော်သည်လည်းကောင်း၊ ယင်းပိဋကတ်တော်ကို ရွှေပြား၊ ငွေပြား၊ ကြေးပြား၊ သံပြား၊ ခဲပြား၊ ကျောက်ပြား စသည်တို့၌ ရေးထွင်းကာ ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎ယလည်းကောင်း ဓမ္မစေတီမည်၏။

ရုပ်ပွားတော်၊ ပုံတော်များမှအစ ဘုရားပုထိုးများတိုင်အောင် စေတီ မည်နိုင်သည်။ သို့သော် ဌာပနာဖြင့်ဖြစ်စေ၊ ဌာပနာမပါဘဲဖြစ်စေ ဆောက်လုပ်ကိုးကွယ်သည့် အဆောက်အဦးများကိုသာ မြန်မာတို့က စေတီခေါ်နေကြသည်။

စေတီပူဇော်ခံ ထိုက်သူများ

[ပြင်ဆင်ရန်]

စေတီတည်ထားကိုးကွယ် ပူဇော်ခြင်းကို ခံထိုက်သော ပုဂ္ဂိုလ်များမှာ−

  1. ဘုရားရှင်
  2. ပစ္စေကဗုဒ္ဓ အရှင်များ၊
  3. သီလဝန္တဖြစ်သော မြတ်စွာဘုရား၏ တပည့်သား သံဃာများနှင့်
  4. စကြာဝတေးမင်းတို့ ဖြစ်သည်။

စေတီပုထိုးများ ဖြစ်ပေါ်လာပုံ

[ပြင်ဆင်ရန်]

တေရသနိပါတ် ကာလိင်္ဂဗောဓိဇာတ်ကို ထောက်၍ အနာထပိဏ်သူဌေး တောင်းပန်၍ ရှင်အာနန္ဒာ လျှောက်ထားသဖြင့် သာဝတ္ထိပြည်တွင် သာရီရိကစေတီ၊ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီတို့ကို မြတ်စွာဘုရား ခွင့်ပြုတော်မူကြောင်း သိသာလေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူတော်မူသည့်နောက် ရာဇဂဟ၊ ဝေသာလီ၊ ကပိလဝတ္ထု၊ အလ္လကပ္ပ၊ ရာမဂါမ၊ ဝေဌဒီပ၊ ပါဝေယျက၊ ကုသီနာရ ဟူသော ရှစ်ပြည်ထောင်သော မင်းတို့သည် အသီးအသီး ဓာတ်တော်တို့ကို ယူဆောင်၍ မိမိတို့ တိုင်းပြည်၌ စေတီတည်ကြကြောင်း ထိုစေတီတို့သည် ဓာတ်တော်ကို ဌပနာ၍ တည်သောကြောင့် ဓာတုစေတီမည်ကြောင်း၊ ထိုနောက် ရှင်မဟာကဿပမထေရ်သည် ထိုမင်းတို့လက်ထက်၌ ကိုးကွယ်လောက်ရုံ ပေးထားခဲ့၍ ဓာတ်တော်တို့ကို ယူဆောင်ပြီးလျှင် အဇာတသတ်မင်းအား ရာဇာဂြိုဟ်ပြည်တွင် မြေအတွင်း စေတီ တည်လုပ် မြှုပ်ထားစေကြောင်းဟူ၍ ကျမ်းဂန်များ၌ အသီးသီးလာရှိ၏။

သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်ခြင်းနှင့် မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို ပူဇော်ခြင်းသည် ကုသိုလ်ပုည တူမျှသည်၏အဖြစ်ကြောင့် သာသနာပြု မင်းကောင်းမင်းမြတ်ဖြစ်သော သီရိဓမ္မာသောကမင်းကြီးသည် အများသတ္တဝါတို့၏ အကျိုးကို တောင့်တတော်မူသဖြင့် အဇာတသတ်မင်းနှင့် ရှင်မဟာကဿပတို့ မြှုပ်ထားခဲ့သော ဓာတ်တော်တို့ကို တူးဖော်၍ မြို့ပေါင်း ၈၄ဝဝဝ တို့၌ စေတီပေါင်း ၈၄ဝဝဝ တည်စေကြောင်း သုတ်မဟာဝါ အဋ္ဌကထာ၌ လာရှိချေသည်။

ဤအချက်များကို ထောက်ရှု၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ဓာတ်တော်များကို ရှစ်ပြည်ထောင်မင်းတို့ ခွဲဝေ ပူဇော်သည်မှစ၍ စေတီတော် တည်ထားကိုးကွယ်ကြောင်းနှင့် သီရိဓမ္မာသောကမင်း လက်ထက်တွင် စေတီမြောက်မြားစွာ တည်ထားကိုးကွယ်ကြောင်းကို ထင်ရှား သိသာသည်။

စေတီကပုထိုးများ သဏ္ဌာန်ပြောင်းလဲလာပုံ

[ပြင်ဆင်ရန်]

ရှစ်ပြည်ထောင်မင်းတို့ တည်လုပ်ကြသော စေတီများ၏ ပုံသဏ္ဌာန်ကို ကျမ်းဂန်တို့၌ အထူးအထွေမဆို၊ မျက်မြင် လက်တွေ့လည်း မရှိသောကြောင့် အတိအကျ မသိရချေ။ သို့သော် “ထူပါ”ဟူသော ဝေါဟာရသည် သက္ကဋဘာသာ သတု(ပ်)မှ သက်ဆင်းလာခြင်း ဖြစ်၏။ “သတု(ပ်)”သဒ္ဒါသည် တောင်ပူစာ၊ တောင်ကုန်းဟူသော အနက်အဓိပ္ပာယ်ကို ဟော၏။ ထိုမှတစ်ဆင့် ယင်းတောင်ကုန်း ပေါ်၌ တည်ထား၍ အမြတ်တနိုး ကိုးကွယ်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ ဆံတော်ဓာတ်တော်တို့ကိုလည်း သတုပ် မည်ခေါ်၏။ သတုပ် ဝေါဟာရမှသည် တုပ်၊ ယင်းမှသည် ပါဠိမြန်မာ ဝေါဟာရ “ထူပ”သို့ ရွှေ့လျော်သက်ဆင်းလာသည်ဟု ယူဆနိုင်၏။ သတုပ် ဝေါဟာရသည်ပင်လျှင် ချီးမွမ်းထိုက်သော အနက်ဟောသတုတ သဒ္ဒါမှ ပေါက်ပွားလာသည်ဖြစ်သောကြောင့် စေတီ၊ ထူပ ဟူသော ဝေါဟာရများသည် ပူဇော်ကိုးကွယ်ထိုက်သော အရာ၊ ချီးမွမ်းအပ်သောအရာဟု အဓိပ္ပာယ် ပေါ်လွင်လေသည်။ “ပုထိုး” ဟူသော ဝေါဟာရသည်လည်း အလားတူ အဓိပ္ပာယ် သက်ရောက်သည်ပင် ဖြစ်၏။ ပုထိုးသည် ပရိထု(သက္ကဋ) ပုထု(ပါဠိ) သဒ္ဒါ၊ ကျယ်ပြန့်ခြင်း၊ ကြီးကျယ်ခြင်း၊ ပြန့်ပြောခြင်း၊ မရေမတွက်နိုင်ခြင်း၊ အနန္တဂုဏ်နှင့် ပြည့်စုံခြင်း၊ အနက်များ ဟောသောပုဒ်မှ ရွှေ့လျောလာသည်ဟု ယူဆနိုင်သည်။ စေတီဟူသည်မှာ မုတ်မပါသော မြေစိုက်ဘုရား အဆောက်အဦ၊ ပုထိုးဟူသည်မှာ မုတ်နှင့်တကွသော ဘုရားအဆောက်အဦ ဖြစ်သည်ဟု အချို့က မှတ်ယူလေ့ရှိကြ၏။ စင်စစ်မူကား စေတီ၊ ပုထိုး၊ ထူပ ဟူသောဝေါဟာရတို့သည် ယေဘုယျအားဖြင့် သဏ္ဌာန်မကွဲပြား၊ တစ်မျိုးတစားတည်းသော အဆောက်အဦကို ဟောသော ဝေါဟာရများသာ ဖြစ်ချေသည်။

အမရပူမြို့၊ ဘကြီးတော်မင်း၏ ကောင်းမှုတော်ကြီးဟု ခေါ်ဝေါ်သည်ကိုထောက်၍ မုတ် မပါသော်လည်း ပုထိုးဟု သမုတ်နိုင်ကြောင်း သိသာလေသည်။ ထူပဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ထောက်ခြင်းအားဖြင့် စေတီ၏ မူလသဏ္ဌာန်သည် ကုန်းမို့မို့ တောင်ပူစာ ကဲ့သို့ ဖြစ်သတည်း။ သီရိဓမ္မာသောကမင်း လက်ထက်တွင်မူ ပိသုကာလက်ရာများ ပါဝင်သော စေတီပုံသဏ္ဌာန်များ တီထွင်ဆောက်လုပ်သည်ကို သိသာနိုင်သည်။ သီရိဓမ္မာသောကမင်း လက်ထက်တွင်မူ ပိသုကာ လက်ရာများ ပါဝင်သော စေတီပုံ သဏ္ဌာန်များ တီထွင်ဆောက်လုပ်သည်ကို သိသာနိုင်သည်။ ထိုမင်းသည် စေတီပေါင်း ၈၄ဝဝဝ ကို တည်ထားစေခဲ့သော်ငြားလည်း နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့်လည်းကောင်း၊ အသောကမင်း၏ ကောင်းမှုစေတီတော် များကို မူလသဏ္ဌာန်အတိုင်း ဖူးတွေ့ခဲ့လေသည်။ သို့သော် အိန္ဒိယနိုင်ငံ ကမ္ပည်းကျောက်စာဌာန၏ သုတေသနလုပ်ငန်းများကြောင့် ဆန်ချိနှင့် ဘာရဟုတ်ဒေသများတွင် အသောကမင်းကြီး၏ ကောင်းမှုတော်နှင့် အသောကမင်း နန်းစံပြီးနောက် နှစ်ပေါင်း ၂ဝဝ အတွင်းက တည်ဆောက် ကိုးကွယ်ခဲ့ကြောင်း ခိုင်လုံစွာ သိရှိရသည့်စေတီများကို တူးဖော်တွေ့ရှိရလေသည်။ ယင်းသို့ ဖူးတွေ့ ရသော စေတီများမှာ နှောင်းခေတ် ကုသိုလ်ရှင်များ၏မွမ်းမံခြယ်လယ်မှုတို့ဖြင့် တန်ဆာဆင်ထားသည့် လက်ရာတို့ကိုပါ တွေ့ရလေသည်။ သို့သော် အုတ် အင်္ဂတေဖြင့်သာပြီးသော မူလအဆောက်အဦ သဏ္ဌာန်သည်ကား ပြိုပျက်လျက်ရှိသော အပေါ်လွှာ ကျောက်အုတ်၊ ကျောက်ချပ်များ အကြား၌ ထင်ရှားစွာ ပေါ်ပေါက်နေချေသည်။ ထိုမျှသာမကသေး ကျောက်ဆစ်ပညာဖြင့် ရှေးဟောင်း အဆောက်အဦ ဗုဒ္ဓဝင်ရုပ်ကြွများ ထုလုပ်ကိုးကွယ်သောအခါ၌ စေတီပုံများကို သရုပ်ဖော်ထားသည်ကို ထောက်ရှုခြင်းဖြင့်လည်း ရှေးအကျဆုံးသော စေတီသဏ္ဌာန်ကို ကောင်းစွာ သိသာနိုင်လေသည်။

ယင်းစက်ဝန်းတခြမ်း ပုံသဏ္ဌာန်၏ ညီပြန့်သော ထိပ်ပေါ်တွင် သေတ္တာသဏ္ဌာန်လေးထောင့်ဌာပနာတိုက်ရှိ၍ ထိုဌာပနာတိုက် အလယ်တွင် ပိန္နဲတိုင် စိုက်ထူကာ ထီးတင်ထားခြင်း ဖြစ်၏။ ထိုသို့သော ပုံရိုးရိုးမှ တစတစဖြင့် ပစ္စယာဆင့်၍ လှေကားများတပ်ခြင်း၊ ထီးအထပ်ထပ်တင်ခြင်း၊ ပန်းပုပန်းပြောက်တို့ဖြင့်ပြီးသော လက်ရန်းအကာနှင့် မုတ်သတုရိုဏ်တိုင်များ စိုက်ထူခြင်း စသည်တို့ကို ဆန်းပြားကြီးကျယ်စွာ ပြုလုပ်လေသေည်။

'အဏ္ဍ'ဟုခေါ်သော စက်ဝန်းတခြမ်းပုံကို မြင့်မားစွာ တည်ဆောက်ရာမှ တစ်ဖန်မုတ်များ ထွင်းထု၍ ဆင်းတုရုပ်ကြွများ ပူဇော်ထားကြပြန်သည်။ ထိုနောက်တွင် မြတ်စွာဘုရား ရုပ်တုတော်များကို ဂန္ဓကုဋိတိုက်တွင် ပူဇော်ကာ ကျောက်ဆစ်ပညာ ထွန်းကားလာချိန်၌ ကျောက်ဂူဘုရားများ ထွင်းထု ဆောက်လုပ်ကြချေ၏။ မဇ္ဈိမဒေသ၌ သာသနာတော် ညှိုးမှိန်စပြုချိန် လောက်တွင် စေတီတည်ထားကိုးကွယ်မှုသည် ဟိန္ဒူဘုရား ရှိခိုးကျောင်း သဏ္ဌာန် အဆောက်အဦတို့ဖြင့် အဆုံးသတ်လေတော့သည်။

မြန်မာနိုင်ငံစေတီပုံထိုးများ စေတီတည်ထားမှု ပိသုကာ အနုပညာသည် သာသနာတော် စည်ပင် ပြန့်ပွားလာသည့်အလျောက် မဇ္ဈီမဒေသမှ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံသို့ ပျံ့နှံ့လာခဲ့ရာ ရှေးအကျဆုံးသော မြန်မာစေတီပုထိုးများသည် မိဂဒါဝုန်တော်၌ မြတ်စွာဘုရား တရားဦးဟောရာ နေရာကို အထိမ်းအမှတ် တည်ဆောက်ထားသော ဓမ္မရာဇိကစေတီနှင့် ဆင်တူလေသည်။ မူလစေတီ ပုံသဏ္ဌာန်များသည် စကြဝဠာကို ရည်ရွယ်မှန်းဆကာ သရုပ်ဆောင်ထားသည်ဖြစ်ရာ မြန်မာပြည်၌ သာသနာ ထွန်းကားသည်နှင့်အမျှ စေတီပုထိုးများကို အနှံ့အပြား တည်ဆောက်ပူဇော်ကြရာဝယ် ပိသုကာလက်ရာသဏ္ဌာန် အနေအထားအားဖြင့် တည်ဆောက်ပူဇော်ကြရာဝယ် ပိသုကာလက်ရာသဏ္ဌာန် အနေအထားအားဖြင့် ၃၁ ဘုံကိုလည်းကောင်း၊ မြင်းမိုရ်တောင်ကိုလည်းကောင်း၊ မှန်းဆ အတုယူကာ တစ်ဆင့် ထက်တစ်ဆင့် ဆန်းကြွယ်စွာ တည်ဆောက်ကြလေသည်။ ထိုကြောင့် မြန်မာစေတီရိုးရိုး၏ သပိတ်မှောက်နှင့် ခေါင်းလောင်းပုံမှာ မဇ္ဈိမဒေသစေတီတို့မှ အဏ္ဍခေါ် စက်ဝန်းတစ်ခြမ်းသဏ္ဌာန်မှ ဆင်းသက်ပုံပြောင်းလာခြင်း၊ ဖောင်းရစ်များမှ ဆတ္တဝလီခေါ် ထီးအဆင့်ဆင့်၏ ပုံပန်းကို အတုယူ ပြောင်းလဲထားခြင်းဖြစ်သည်မှာ သိသာချေသည်။ ပစ္စယာထောင့်များတွင် ကြာအိုးများ၊ စေတီငယ်များတည်ခြင်း၊ လှေကားနှင့် မုတ်ဂူများ တပ်ဆင်ခြင်း၊ စေတီရံများ တည်ဆောက်ခြင်းနှင့် ခြင်္သေ့ရုပ်များ၊ မနုဿီဟရုပ်များ စေတီရင်း၌ တည်ထားခြင်းစသော မွမ်းမံခြယ်လှယ်မှုတို့မှာ ကုသိုလ်ရှင်များ၏ စိတ်ကူးဉာဏ် ဆန်းကြယ်သည်နှင့်အမျှ ဖြည့်စွက် တိုးပွားထားသော အင်္ဂါရပ်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံရှိ စေတီရိုးရိုးတစ်ဆူ၏ အစိတ်အပိုင်းတို့ကို လိုရင်းမျှ ရေတွက်ပြရသော် ရှေးဦးစွာ မြေပေါ်၌ ပန်းတင်ခုံ သို့မဟုတ် ဖိနပ်ဟုခေါ်သော စတုရန်းအုတ်ခံရှိ၏။ ထိုအထက် ပလ္လင်အောက်ပိုင်းသဏ္ဌာန် ပစ္စယာ ၃ ဆင့်ကို တည်ဆောက်၏။ ပစ္စယာများအထက်တွင် ကြေးပန်း ကြေးဝိုင်း၊ ထိုအထက်ခေါင်းလောင်းပုံနှင့် သပိတ်မှောက်၊ ထိုအထက် ဖောင်းရစ်များ၊ ထိုအထက် ကြာမှောက်၊ ရွဲနှင့် ကြာလန်၊ ယင်းအထက်တွင် ချယားသီး သို့မဟုတ် ငှက်ပျောဖူး၊ ယင်းအထက်တွင် ထီး၊ ငှက်မြတ်နားနှင့် စိန်ဖူးတို့ ဖြစ်သတည်း။

မြန်မာနိုင်ငံရှိ စေတီပုထိုးများ

[ပြင်ဆင်ရန်]

မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူ၍ ခုနစ်သတ္တာဟမြောက် ရာဇရတန လင်းလွန်းပင်၌ သီတင်းသုံးနေတော် မူသောအခါ ဥက္ကလာပ ဇနပုဒ်အသိတဉ္ဇနမည်သော ပေါက္ကရဝတီမြို့သား တပုဿ ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့ ရောက်လာကြ၍ ပျားမုံ့ဆုပ် ကပ်လှူခြင်း၊ ဒွေဝါစိက သရဏဂုံ ခံယူခြင်းတို့ကို ပြုလတ်ပြီးသော်၊ 'မြတ်စွာဘုရား၊ ထိုနေ့မှစ၍ အဘယ်ကို ရှိခိုးပူဇော်ရပါကုန်အံ့နည်း'ဟု လျှောက်ထားကြရာ တွင် မြတ်စွာဘုရားသည် ဦးခေါင်းတော်ကို လက်ဖြင့် သုံးသပ်တော်မူပြီးလျှင် 'ဆံတော်ရှစ်ဆူကို ကောင်းစွာ ကိုးကွယ်ကြကုန်' ဟု မိန့်တော်မူ၍ ပေးအပ်လိုက်ကြောင်း ဝိနည်းအဋ္ဌကထာ၌ လာရှိ၏။ ရာဇဝင်သမိုင်းတို့၌ကား ယင်းဆံတော်ရှစ်ဆူကို ညီနောင်နှစ်ယောက်တို့ ခွဲယူ၍ စေတီတစ်ဆူစီ တည်ကြောင်း၊ ညီတော်သည် ရွှေတိဂုံတွင် စေတီတည်ကြောင်းဟူ၍ ဆက်လက် ဖော်ပြ၏။ ညီတော် တပုဿ၏ စေတီတော် ရွှေတိဂုံဘုရားမှာ သံတောင် ၄ဝ မြင့်၏ဟု ဆိုသည်။


မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ လေးဝါမြောက်သော အခါ ဖိုးဦးတောင်သို့ ကြွတော်မူ၍ ခေတ္တရာမည်သော ရသေ့မြို့ကို ဗျာဒိတ်ပေးတော်မူပြီးနောက် ဆံတော် ၄ ချောင်းကို ဧရာပထနဂါးမင်း ကပ်လှူသော မြကြုတ်၌ထည့်သွင်း၍ ကိုးကွယ်ထိုက်သော သူတို့အားရစေသတည်းဟု ဓိဋ္ဌာန်တော်မူ၍ ကောင်းကင်သို့ ပစ်လိုက်သည်ရှိသော် သုဝဏ္ဏဘူမ္မိ သထုံပြည်မှ ပြန်လာသော အဇ္ဇိတ ဖလိတ ညီနောင်နှစ်ယောက် ရကြကုန်သည် ဖြစ်ရာ သုဒဿနတောင်ထိပ်၌ အမြင့်သံတောင် ၄၂ တောင်ရှိသော ရွှေဆံတော်စေတီ တည်ထားခဲ့ကြောင်း ရာဇဝင်သမိုင်းများတွင် လာရှိ၏။


မြတ်စွာဘုရား သည် ထိုမှတစ်ဖန် ဥက္ကံသုံးဆယ်အရပ်သို့ ရောက်တော်မူလျှင် ပိဏ္ဍိတသေဌေးကြီး၏သားနှစ်ယောက်အား ဆံတော် ၄ ချောင်း ပေးအပ်တော်မူလျှင် ညီနောင်နှစ်ယောက်တို့လည်း ဟံသာဝတီပြည်ကြီးတည်ရှိရာ မဟာသုဒဿန ဆေးဒန်းမြင်းသီလာတောင်ထိပ်၌ အမြင့်သံတောင် ၄ဝ ရှိသော ရွှေမော်ဓောစေတီ တည်ကြောင်းလည်း ရာဇဝင်သမိုင်းများ၌ လာရှိချေသည်။


ထိုကြောင့် မြန်မာနိုင်ငံရှိ စေတီတော်များ အနက် အကြိမ်ကြိမ်အဖန်ဖန် မွမ်းမံမြှင့်တင် တည်ဆောက်ခြင်း မပြုမီ မူလစေတီငယ်များအသွင်ရှိစဉ်က ရွှေတိဂုံ၊ ရွှေဆံတော်နှင့် ရွှေမော်ဓော စေတီတော်များသည် ရှေးအကျဆုံးဖြစ်သည်ဟု မှတ်ယူကြရပေမည်။ သို့သော် ယင်းမူလစေတီငယ်တို့ကို မဖူးတွေ့နိုင်ကြတော့လေရာ စေတီများ၏ ပိသုကာလက်ရာသဏ္ဌာန် ပြောင်းလဲလာပုံကို လေ့လာရာ၌ ပကတိပုံပန်းမှ လွန်စွာခြားနား ပြောင်းလဲခြင်း မရှိသေးသည့် စေတီတော်များကို အထောက် အထား ပြုရချေမည်။

သာသနာတော် သက္ကရာဇ် ၁ဝ၁ ခုနှစ်တွင် သရေခေတ္တရာပြည်ကိုတည်သော ဒွတ္တပေါင်မင်းကြီးသည် စေတီပုထိုးများ တည်ကြောင်းကို ၆ ဆူ၊ ၈ ဆူ၊ ၉ ဆူဟူ၍ ရာဇဝင်များက အကွဲကွဲ အပြားပြား မှတ်တမ်းတင်ထားကြချေသည်။ မည်သို့ပင် ဆိုစေကာမူ ယင်းတို့အနက် ဒွတ္တပေါင်မင်း၏ ကောင်းမှု အပါအဝင်ဟု ယုံကြည်ရသော ပေါပေါ(ဘောဘောကြီး)နှင့် သရမာ(ဘုရားမာ) စေတီတော်ကြီး ၂ ဆူကို ယခုတိုင် ဖူးတွေ့ နိုင်ပေသည်။ ယင်းစေတီတော်တို့မှာ ယခုကာလ တည်လုပ်သော စေတီကဲ့သို့ ဖောင်းရစ်မပါ၊ တစ်ဖြိုးတည်း လုံးလုံးလျောင်းလျောင်း သဏ္ဌာန်ရှိသည်။ ပုံပန်းသဏ္ဌာန်အားဖြင့် ပေါပေါဘုရားထက် ရှေးကျသော စေတီများကို သရေခေတ္တရာ ခေတ်အတွင်း၌ တည်ဆောက်ပူဇော်ခြင်း ရှိခဲ့ဟန်တူကြောင်း လည်း အထောက်အထား တွေ့ရသေးသည်။

သရေခေတ္တရာမြို့ဟောင်းတွင် မြန်မာနိုင်ငံကမ္ပည်းကျောက်စာဌာနက ရှေးဟောင်း သုတေသနကိစ္စအတွက် တူးဖော်ရာတွင် ခင်ဘားကုန်း၌ ဘုရားပျက်တစ်ဆူ၏ ဌာပနာတိုက် ပေါ်ပေါက်ခဲ့၏။ ယင်းဌပနာတိုက်ကို ဖုံးအုပ်ထားသော ကျောက်ပြားပေါ် တွင် ရေးထုထားသော စေတီပုံများမှာ အသောကမင်း နန်းစံပြီးနောက် နှစ်ပေါင်း ၁ဝဝ မှ ၂ဝဝ အတွင်း မဇ္ဈိမဒေသတွင် များစွာထုလုပ်ကိုးကွယ် တည်ဆောက်ခြင်းဖြစ်သော ထီးသုံးဆင့်ပါသော စေတီဝိုင်းပုံကို ဖူးတွေ့ရသည်။ အဆိုပါ ဌပနာတိုက်တွင်း၌ တွေ့ရှိသော ဓမ္မစေတီ ရွှေပုရပိုက်များ၊ ရှေးဟောင်း သာသနိကပစ္စည်းများနှင့်အတူ ငွေခေါင်းပွ စေတီငယ်များ၏ အချိုးအစားမှာ မြင့်မြင့်လုံးလုံး ရှိသော်လည်း ဆတ္တဝလီခေါ် အဆင့်ဆင့် အထပ်ထပ် ပြုလုပ်ထားသည့် ထီးတော်များကို ထောက်ရှု၍ မဇ္ဈိမဒေသစေတီများ သဏ္ဌာန်သည် ပေါ်လွင် ထင်ရှားလေသည်။

ပြူစောထီးမင်း၏ ကောင်းမှုဟု အဆိုရှိသော ပုဂံမြို့များဘုရား၏ စေတီလုံးသည်ပင် ပေါပေါဘုရားသဏ္ဌာန်နှင့် များစွာ မကွာခြားလှချေ။ အနော်ရထာမင်း လက်ထက်တွင်မူ ပစ္စယာများ၊ ဖောင်းရစ်များ၊ နတ်လှေကားများကို တိုးချဲ့ထည့်သွင်းကာ တည်ဆောက်လာချေ၏။ သို့သော် လောကနန္ဒာဘုရား၏ လုံးပတ်တော်မှာ ရှေးလက်ရာများကဲ့သို့ တစ်ဖြိုးတည်းမျှ ရှိသေး၏။

အနော်ရထာမင်း စတင်တည်ဆောက်၍ ကျန်စစ်သားမင်း အပြီးသတ် တည်ထားသော ညောင်ဦး ရွှေစည်းခုံဘုရားတွင် ပစ္စယာထောင့်များ၌ စေတီငယ်များ စိုက်ထူခြင်း၊ နတ်မုတ်နတ်လှေကားများ တပ်ဆင်ခြင်းတို့ ပါဝင်လေသည်။ ရွှေစည်းခုံဘုရား၏ သပိတ်မှောက်နှင့် ခေါင်းလောင်းပုံမှာကား ဝန်းဝိုင်း ဖြောင့်မတ် လျက်ရှိ၏။


ထိုနောက်မှ ပုဂံပြည်တွင် မင်းမှူးမတ်နှင့် ပြည်သူအများ တည်ထားကိုးကွယ်သော စေတီ များမှာ ခေါင်းလောင်းပုံမှ အထက်သို့ သွယ်ပျောင်း ငယ်ငေါင်း သေးသိမ်လာလေတော့သည်။ တရုတ်ပြေးမင်းကောင်းမှု မင်္ဂလာစေတီတော်သည် ပုဂံစေတီများအနက်တွင် အချိုးအစား ပြေပြစ်ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။ ပစ္စယာထောင့်များတွင် ကလသာအိုးခေါ်သော အမြိုက်အိုး၊ ကြာအိုးများဖြင့် တန်ဆာဆင်ထား၏။


ထိုသို့ စေတီပုံရိုးကို တစ်စတစ်စဖြင့် သေးသွယ်ချွန်ထက်သော သဏ္ဌာန်များအဖြစ် ပြောင်းလဲ တည်ဆောက်သည့် အပြင်အသွင် ကွဲပြားခြားနားစွာလည်း တည်ဆောက်ကြသေး၏။ ပုံစံအားဖြင့် ပုဂံပြည် နရပတိစည်သူမင်း လက်ထက်တွင် သီဟိုဠ်ကျွန်းသို့ ဥတ္တရာဇိဝထေရ်နှင့်အတူ ကြွသွားသော ရဟန်းတော်များအနက် ဆပဒထေရ်သည် ပုဂံမြို့သို့ ပြန်လည် ကြွရောက်သည်တွင် တည်ထားသော သီဟိုဠ်စေတီပုံ ဆပဒဘုရား၊ အင်းဝမြို့ သာလွန်မင်းတရားလက်ထက်တွင် သီဟိုဠ်မှ ထူပါရုံ စေတီသဏ္ဌာန် တည်ဆောက်သော စစ်ကိုင်းမြို့အနီး ကောင်းမှု တော်ဘုရားခေါ် ရာဇမဏိစူဠာစေတီတော် စသည်တို့မှာ အသွင် ကွဲပြားခြားနားသည့် စေတီများ ဖြစ်ကြ၏။


မုတ်ခံစေတီ သို့မဟုတ် ကုလားကျောင်းခံ စေတီတို့မှာကား မဇ္ဈိမဒေသ၌ မြေစိုက်စေတီများနောက်မှ တည်ဆောက်သည် ဖြစ်၏။ သို့သော် မြန်မာနိုင်ငံတွင် သရေခေတ္တရာ၌ ပေါပေါဘုရားနှင့် တစ်ခေတ်တည်းလိုလိုပင် လေးမျက်နှာဘုရား၊ ဗဲးဗဲး ဘုရား၊ ဈေးကူဘုရား စသည့် ဂန္ဓကုဋီတိုက်ပါသော ဘုရားများကို တည်ဆောက်ပူဇော်သည်ကို တွေ့မြင်ကြရ၏။ ပုဂံခေတ်တွင် ကျန်စစ်သား လက်ထက်၌ တစ်ဖက်မုတ်ဂူဘုရားများ စတင် တည်ထားလေသည်။ ထေရဝါဒသာသနာတော်သည် သုဝဏ္ဏဘူမ္မိမှ တစ်ဆင့် ပုဂံပြည်သို့ ပြန့်ပွားလာသည်ဖြစ်ရာ ပုဂံပြည်၌ တည်ဆောက်သော တစ်ဖက်မုတ်ဂူဘုရားများသည် မွန်လက်ရာ ဖြစ်သည်ဟု မှတ်ယူကြ၏။ ပုဂံအလိုပြည့်ဂူပုထိုးသားများဂူဘုရား၊ မြင်းပုဂံ ဂူပြောက်ကြီးဘုရားနဂါးရုံဂူဘုရား (ပုဂံ) စသည်တို့တွင် ဆေးရေးရုပ်များ၊ မွန်အက္ခရာဖြင့် နံရံမင်စာများကို ထောက်၍လည်း မွန်လက်ရာဘုရားများ ဖြစ်သည်ကို သိသာနိုင်၏။ သို့သော် ပိသုကာအရာ၌ကား မဇ္ဈိမဒေသမှ သဏ္ဌာန်ပင်လျှင် တိုက်ရိုက်သော်လည်းကောင်း၊ မွန်နိုင်ငံ သုဝဏ္ဏဘူမ္မိမှ တစ်ဆင့်သော်လည်းကောင်း၊ အတုယူထားခြင်းမှာ ယုံမှားဖွယ်ရာ မရှိချေ။ မဇ္ဈိမဒေသ၌ သာသနာတော် ထွန်းကားနေစဉ် အသောကမင်းတရားလက်ထက်နှင့် နှောင်းခေတ်ကာလ၌ ကျောက်ဆစ်ပညာ တိုးတက်နေသည့်အလျောက် တောင်ကမ်းပါးများကို ထွင်းဖောက်၍ တဖက်မုတ်ဂူများကို ဝိဟာရစေတီအဖြစ် တည်ဆောက်သည်ကို တွေ့ရလေသည်။ ထိုမှတစ်ဆင့် နည်းယူမှီငြမ်း၍ ဟိန္ဒူဘုရား ရှိခိုးကျောင်းများကို တည်ဆောက်လေသဖြင့် ပုဂံမြို့မှ ဂူဘုရားများတွင် အချို့ကို စေတီအထွတ်စိုက်ထူ၍ အချို့ကို သိခဲ့ရခေါ် ကွမ်းထောင်ပုံများ တည်ထားပြုလုပ်ကြလေသည်။ ကျန်စစ်သားမင်းသည် ဂန္ဓမာဒနတောင် နန္ဒမူလလိုဏ်သဏ္ဌာန်နှင့် တူစွာ အာနန္ဒာဘုရားကို တည်တော်မူကြောင်း အဆိုရှိ၏။ စင်စစ်သော် ကား လေးဖက်မုတ်ပါသော ဂူဘုရား အဆန်းတကြယ် မွမ်းမံခြယ်လှယ်ထား ခြင်း ဖြစ်ချေသတည်း။ ထိုမှတစ်ဆင့် ကုလား ကျောင်းခံ စေတီတော်များကို လိုဏ်မုတ်နှစ်ဆင့်၊ ငါးမျက်နှာ ရှစ်မျက်နှာ စသည်ဖြင့် ထူးခြားစွာ တိုးချဲ့ တည်ဆောက်ကြပြန်သည်။

နိုင်ငံခြားမှ စေတီတော်များနှင့် နှိုင်းယှဉ်ချက် မြန်မာစေတီပုထိုးများသည် မူလဇာစ်မြစ်မှ မဇ္ဈိမဒေသမှ သဏ္ဌာန် အနေအထား ပေါက်ပွားလာခြင်း ဖြစ်သော်ငြားလည်း သရေခေတ္တရာခေတ်မှ ယခုမျက်မှောက်အထိ ပုံပန်းသဏ္ဌာန် ပြောင်းလဲ ဆန်းကြယ်လာခြင်းမှာ မြန်မာတို့၏ ကြံရည်ဖန်ရည်ဖြင့် အနုပညာလက်ရာ ပြောင်မြောက်အောင် စွမ်းဆောင်မှုကြောင့်ပင် ဖြစ်တော့သည်။ ထိုကြောင့် မဇ္ဈိမဒေသမှ စေတီတော် များတွင် ကျောက်ဆစ် ရုပ်တုရုပ်ကြွတို့ဖြင့် တန်ဆာဆင်ထားသော အရံအတားများနှင့် တုရိုဏ်တိုင် များအစား မြန်မာနိုင်၌ စောင်းတန်းများနှင့် မုတ်ပြာသာဒ် များကို သစ်သားပန်းပုဖြင့် လက်ရာမြောက်စွာ ခြယ်လှယ်ထား သည်ကို တွေ့ရသည်။ သီဟိုဠ်ကျွန်း၌ကား ယခုတိုင်အောင် ဓာတ်တော်တိုက်ဖြစ်သည့် ဓာတုတိုက်ကို သပိတ်မှောက်အထက်၌ တည်ဆောက်နေသေး၏။ မြန်မာတို့အဖို့မူကား စေတီလုံး၏ ပြေပြစ်မှုကို ရည်ရွယ်ဟန်ဖြင့် အချိုး ကျကျ အထက်ပိုင်းသို့ သွယ်ပျောင်းသေးငယ်စွာ ဆောက်လုပ်ကြ၏။ ယိုးဒယားမှ အချို့သော စေတီမြင့်မြင့်များကဲ့သို့ ရှည်လျားသော အထွတ်များ တပ်ဆင်ခြင်းကိုလည်း မပြုလုပ်ကြချေ။ သို့သော် သာသနာတော် ထွန်းကားရာဖြစ်သော အခြား နိုင်ငံများသည်လည်း မိမိတို့၏ ကြွယ်ဝပေါများသော သဘာဝ ဝတ္ထုပစ္စည်းများကို လိုက်၍လည်းကောင်း၊ အနုပညာများ တိုးတက်သည်နှင့် အမျှလည်းကောင်း၊ ဘုရားပုထိုးများကို အံ့မခန်းအောင် ဖန်ဆန်း တည်ဆောက်ကြ လေသည်။ ပုံစံအားဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ပုဂံခေတ်မတိုင်မီ အေ၊ ဒီ ၈၅ဝ ခန့်က တည်ထားသော ဗောရောဗုဓောဘုရားသည် မြင့်မိုရ်တောင်သဏ္ဌာန်ဖြစ်၍ ကျောက်ရုပ်တု ဆင်းတုပေါင်း ထောင်သောင်းတို့ဖြင့် ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ကာ မွမ်းမံခြယ်လှယ်ထားသဖြင့် ဗုဒ္ဓအယူဝါဒီ များအားသာလျှင် သဒ္ဓါကြည်ညိုစိတ် ပွားများစေသည်သာမက နိုင်ငံတကာကပင် ချီးမွမ်းအံ့ဩဖွယ်ရာ ဖြစ်စေသည်။ (ဦးလူဖေဝင်း) []

တည်ထားမှု အချိုးအစား

[ပြင်ဆင်ရန်]

စေတီပုထိုးများတည်ထားမှုနှင့် စပ်၍ လောကုတ္တရာနည်း ဟူ၍ကားမရှိ၊ လောကီနည်းအားဖြင့်ကား ကူခမ်းမြို့ မြောက်မျက်နှာ၊ ရွှေဥမင်ဆရာတော်ဘုရားကြီး စီရင်သော ထုံးကိုမှီ၍ ပြုစုထားသော သတ္ထုရူပက ဝိလာသနီကျမ်းတွင် အကျယ်ဖော်ပြပါရှိသည်။

ဧကောဇေယျော ဒွေသိဒ္ဓိ-စသောဂါထာဖြင့် မိမိတည်လိုသော စေတီ၏ ဉာဏ်တော်အတောင်ကို မိုက်ဖွဲ့၍ ၇-ဖြင့်စားပါ။

၁-ကြွင်းလျှင် ဇေယျ၊
၂-ကြွင်းလျှင် သိဒ္ဓိ၊
၃-ကြွင်းလျှင် ဒုက္ခ၊
၄-ကြွင်းလျှင် လာဘ၊
၅-ကြွင်းလျှင် မရဏ၊
၆-ကြွင်းလျှင် သုခသမ္ပတ္တိ၊
၇-(သုည) ကြွင်းလျှင် သုည၊ (သုဉ်း-ပျက်စီး) နှင့် ကလဟ-ဟု ဆိုသည်။

ထို့အတူ အဝန်းကို ၈-ဖြင့်စား၍-

၁-ကြွင်းလျှင် တံခွန်၊ ကုန်သည်တို့နှင့်သင့်။ ( ကုန်သည်တို့ ကိုးကွယ်သင့် )
၂-ကြွင်းလျှင် အခိုး-ရဟန်း-ပုဏ္ဏား၊
၃-ကြွင်းလျှင် ခြင်္သေ့ ပြည့်ရှင်မ၊
၄-ကြွင်းလျှင် ခွေး-တောသား၊ မုဆိုး၊
၅-ကြွင်းလျှင် နွား-သူဆင်းရဲ၊
၆-ကြွင်းလျှင် မြည်း-သူဋ္ဌေးသူကြွယ်၊
၇-ကြွင်းလျှင် ဆင်-အမတ်စစ်သူကြီး၊
၈-(သုည) ကြွင်းလျှင် ကျီး-ပြည့်တန်ဆာမတို့နှင့် ဆိုင်ကြောင်း ဖော်ပြထားသည်။

ထို့အတူ ပန်းလည်တိုင် (ပိန္နဲတိုင်) ကိုလည်း မိုက်ဖွဲ့၊ ၇-ဖြင့်စား၍ အကြွင်းကို ကြည့်ပြီးဟောပုံ၊ အုတ်မြစ်ချပုံ၊ ဌာပနာပုံများ၊ ပါရှိသေးသည်။ အဟောင်းကို ပြင်ဆင်ရာ၌ကား မူလဉာဏ်တော်ထက် အနည်းငယ်မြှင့်၍ တည်ရကြောင်း အဆိုရှိသည်။ ဤသို့ စေတီပုထိုးများ တည်ထားကိုးကွယ်မှုမှာ မြတ်စွာဘုရား၏ ဓာတ်တော် မွေတော် ဥဒ္ဒိဿစေတီတော်များကို ဌာပနာ၍ ကိုးကွယ်ခြင်းဖြစ်သဖြင့် ဓာတုစေတီ ပရိဘောဂစေတီတော်ကို ပူဇော်ရခြင်းဖြစ်၍ သက်တော်ထင်ရှား မြတ်စွာဘုရားအား ပူဇော်ရခြင်းနှင့် ထပ်တူပင်ဖြစ်ကြောင်း ဝိမာနဝတ္ထုပါဠိတော်၊ အပါဒါန်ပါဠိတော်များ၌ ဟောတော်မူထားသည်။ အချည်းနှီး အကျိုးမရှိ-ဟု မဆိုထိုက်၊ လွန်စွာပင် အကျိုးရှိကြောင်း မှတ်သားသင့်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)