ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်သွား မြန်မာပညာတော်သင်များ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တက္ကသိုလ်နဲ့ အထက်တန်းကျောင်း ပညာရေးတွေ ရှေ့မဆက်နိုင်ဘဲ ကျောင်းတွေ ဖွင့်ချည် ပိတ်ချည် ဖြစ်ခဲ့ပါတယ်။ ကျောင်းတက်ရေးမတက်ရေးနဲ့ စစ်ကောင်စီ အောက်က ပညာရေးမှာ ပါဝင်သင့်မသင့် ငြင်းခုံမှုတွေ ရှိခဲ့သလို အန်ယူဂျီဘက်က ကြားဖြတ်တက္ကသိုလ်ကောင်စီတွေ တည်ထောင်တာနဲ့ အင်တာနက်ပညာရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ကျောင်းပိတ်နှစ်ရှည်နဲ့ ပညာရေးထက်ပိုင်းကျိုး
လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲကြောင့် ကျောင်းတွေနှစ်ချီပိတ်ခဲ့တဲ့အစဉ်အလာတွေ ရှိခဲ့တဲ့အတွက် နောက်ထပ် ပညာရေး ခါးဆက်ပြတ်တာတွေ ထပ်ဖြစ်မှာကို ပညာရေးလောကသားတွေက စိုးရိမ် နေကြပါတယ်။ မြန်မာ့ပညာရေး ပြုပြင်မှုတွေ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ အရှိန်ရလာခဲ့တဲ့အတွက် နောက်တဆင့် အရှိန်မြှင့်ဖို့ ပညာရှင်တွေ စိုင်းပြင်းနေချိန်မှာ အာဏာသိမ်းပွဲ ဖြစ်တာပါ။ ဒါကြောင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် ဆယ်စုနှစ်တွေနဲ့ချီ ပြတ်ကျန်နေခဲ့တဲ့ မြန်မာ့ပညာရေးဟာ နိုင်ငံရေးဝဲဂယက်ကြောင့် နောက်ထပ် ဆယ်စုတစုစာ ပြတ်ကျန်လိမ့်ဦး မလားဆိုပြီး သုံးသပ်နေကြတာ ဖြစ်ပါတယ်။
တခါ စစ်အုပ်ချုပ်ရေးအောက်က ပညာရေးလွတ်လပ်ခွင့်အခြေအနေဟာလည်း အရင်ကြုံခဲ့တဲ့ စစ်အစိုးရနှစ်ဆက်ခေတ်ကလို ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပြန်သံသရာလည်နေမှာကို တွေးဆနေကြပါတယ်။ ဒါကြောင့် စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေကို သပိတ်မှောက်ဖို့ ကျောင်းသားသမဂ္ဂတွေနဲ့ အန်ယူဂျီ ဘက်က တောင်းဆိုနေပါတယ်။ နောက် ဒီလို စစ်အာဏာသိမ်းမှုကြောင့် ကျောင်းသူကျောင်းသားနဲ့ လူငယ်တွေ ထောင်ချီတောခိုပြီး စစ်ပညာသင်ကြတာ ကလည်း ၁၉၄၂၊ ၁၉၄၈၊ ၁၉၆၂ နဲ့ ၁၉၈၈ မြန်မာ့နိုင်ငံရေးအကွေ့အချိုးတွေမှာ လူငယ်တွေ စစ်ထဲဝင်ကြ တောခိုကြ လုပ်ခဲ့တာတွေကို ပြန်ပြောင်း အောက်မေ့စေပါတယ်။
တဘက်မှာလည်း ဒီလို စစ်ပညာသင်နေချိန်မှာ စာသင်ကြားရေးဘက် ဆက်လုပ်ကြတဲ့ လူငယ်တွေလည်း ခေတ်အဆက်ဆက်မှာ ရှိခဲ့ ရှိဆဲ ဖြစ်ပါတယ်။ ဒီလို လူငယ်တွေကပဲ ခေတ်အဆက်ဆက် နိုင်ငံအုပ်ချုပ်ရေးနဲ့ ပညာရေးကိစ္စတွေမှာ အကောင်အထည်ဖော်ခဲ့ကြပြီး စစ်မြေပြင် တိုက်ပွဲဝင်ခဲ့သူက စစ်ရေး၊ နိုင်ငံရေးဘက်တွေမှာ ခေါင်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာလူငယ်တွေရဲ့ ပညာရေး ခရီးကြမ်း ပဲ ဖြစ်ပါတယ်။
စိန့်ဂျွန်းနဲ့ ဂျပန်စာသင်တဲ့ တက္ကသိုလ်
၁၉၄၁ မြန်မာနိုင်ငံကို ဂျပန်စစ်မီး ကူးစက်လာပြီးနောက် အစိုးရယန္တရားနဲ့အတူ စာသင်ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲတချို့ကို အမြန်စစ်ပေးပြီး ဘွဲ့လက်မှတ်တွေ ထုတ်ပေးခဲ့သလို ပါမောက္ခတွေနဲ့ ကထိကတွေလည်း စစ်ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရပါတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေကို ဂျပန်သိမ်းပြီးနောက် အခြေအနေ တည်ငြိမ်လာတဲ့အခါ ရန်ကုန်တာမွေဘက်မှာ တက္ကသိုလ်ရုံးဖွင့်ပြီး ကျောင်းကို ပြန်လည် ပတ်ဖို့ ကြိုးစားခဲ့ပါတယ်။ မြို့ထဲက အခု လသာ ၂ ဖြစ်လာတဲ့ စိန့်ဂျွန်းမိန်းကလေးကျောင်းမှာ တက္ကသိုလ်သင်တန်းတွေ ဖွင့်လှစ် သင်ကြား ပေးခဲ့တယ် လို့လည်း တက္ကသိုလ် ခင်မောင်ဇော်က တက္ကသီလာ မြကျွန်းသာ စာအုပ်မှာ ရေးပါတယ်။
ဒီစစ်အတွင်း တက္ကသိုလ်ကျောင်းမှာ ပညာ သင်ခဲ့သူတွေထဲက ဆေးပညာပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်၊ လေယာဉ်မှူးကြီး ဦးဖေဖေကျော်၊ ကလေး ဆရာဝန်ကြီး ဒေါက်တာခင်သန်းနု စတဲ့ ထင်ရှား သူတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒီကျောင်းသူကျောင်းသားတွေဟာ ကျောင်းခန်းတွေမှာ နေပြီး စုချက် စားရသလို ဂျပန်စစ်သားတွေရန်က အချင်းချင်း ကာကွယ်ပေးရတယ်လို့လည်း သိရပါတယ်။ တက္ကသိုလ်မှာ ဂျပန်စာ သင်ချင်တဲ့ ဂျပန်ဆရာတွေက သူတို့အတန်းထက် တပည့်ပိုများတဲ့ အင်္ဂလိပ်စာဆရာ ဦးမျိုးမင်းကို မနာလိုမုန်းတီးတဲ့အကြည့်နဲ့ ကြည့်ကြတယ်လို့လည်း တက္ကသိုလ်ခင်မောင်ဇော်က ရေးခဲ့ ပါတယ်။ ဒီကျောင်းသားတွေဟာ စစ်အတွင်း သင်ခဲ့တဲ့ ပညာတွေနဲ့ စစ်ပြီးစ တက္ကသိုလ်ပြန်ဖွင့်ချိန်မှာ စာမေးပွဲဝင်ဖြေပြီး ဘွဲ့တွေရကြတာပါ။ ဒေါက်တာမြင့်မြင့်ခင်နဲ့ အတူ ဘီအေ အင်္ဂလိပ်စာဘွဲ့ကို တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဒေါက်တာထင်အောင်ဆီမှာ ဖြေဆိုအောင်မြင်သူက ဗမာ့တပ်မတော် ဗိုလ်ဟောင်း ကိုမောင်မောင် ဖြစ်ပြီး နောက်မှာ သမ္မတ ဒေါက်တာမောင်မောင် ဖြစ်လာပါတယ်။ စစ်အတွင်းမှာ တက္ကသိုလ်ကျောင်းအုပ်ကြီး လုပ်ခဲ့တဲ့ ဦးဖေမောင်တင်ကို စစ်အတွင်းရန်ကုန်ဆေးရုံအုပ်ကြီး လုပ်ခဲ့တဲ့ ဒေါက်တာဘသန်းလိုပဲ ဂျပန်နဲ့ ပေါင်းတယ်ဆိုပြီး စစ်နိုင် ဗြိတိသျှတပ်တွေက ပြဿနာ ရှာခဲ့ပါတယ်။
တခါ စစ်အတွင်း ပညာဆက်မသင်ဘဲ တပ်ထဲဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေ သူတို့သွားနေကျ မိန်းကလေးတွေအိမ်အလည်သွားတဲ့အခါ သမီးရှင် မိဘတွေက အရင်လို ပျူပျူငှာငှာ မရှိကြဘူးလို့ စာရေးဆရာနဲ့ တပ်မင်းကြီးဟောင်း မြတ်ထန်က ရေးဖူးပါတယ်။ စစ်ပြီးခေတ်မှာ တပ်ရာထူးကြီးတွေ ရလာကြတဲ့ ဒီကျောင်းသားဟောင်းတွေနဲ့ တက္ကသိုလ်ဘွဲ့ရ အမျိုးသမီးတွေ၊ သူဌေးနဲ့ အရာရှိကြီးတွေရဲ့ သမီးပျိုတွေ လက်ထပ်ကြတာကိုလည်း တွေ့ရ ပါတယ်။ ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်းနဲ့ ဂျပန်ဘုရင့်စစ်တက္ကသိုလ်ဆင်း အရာရှိတွေဟာ စစ်ပြီးခေတ်မှာ ဗြိတိန်နဲ့ အမေရိကန်က စစ်တက္ကသိုလ် တွေမှာ ဆက်လက်ပညာသင်ပြီး ၁၉၆၂ နောက်ပိုင်းမှာ ဝန်ကြီး၊ နိုင်ငံတော်ကောင်စီဝင် စတဲ့ရာထူးတွေ ရခဲ့ကြသလို တောခိုပြီး သူပုန်ခေါင်းဆောင်အဖြစ် နိဂုံးချုပ်ခဲ့ရသူတွေလည်း ရှိပါတယ်။
မဟာမိတ်နဲ့ ဖက်ဆစ်ပြည်သွား ပညာသင်များ
ဒီလို ပြည်တွင်းမှာ ရတဲ့နည်းနဲ့ စာသင်နေသူတွေ ရှိသလို ဗြိတိန်ကို ရောက်နေတဲ့ ဒေါက်တာဘမော်ခေတ်က လွှတ်ထားတဲ့ မြန်မာပညာသင် ကျောင်းသား တွေကလည်း ပညာကို ဆက်လက်ဆည်းပူးကြတဲ့အတွက် စစ်ပြီးခေတ်မှာ မြန်မာပါရဂူတွေအဖြစ် ထင်ရှားလာကြပါတယ်။ ဒီထဲမှာ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါက်တာလှဘေ ပါသလို စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တွေ ဖြစ်ခဲ့ကြတဲ့ ဒေါက်တာလှမြင့်၊ ဒေါက်တာသာလှ၊ ဒေါက်တာ မောင်မောင်ခ စတဲ့ ဝိဇ္ဇာသိပွံပညာရှင်တွေလည်းပါပါတယ်။ မိုးလေဝသဌာန ညွှန်ကြားရေးဝန် ဒေါက်တာဘိုးအေးနဲ့ ရှမ်းပြည်နယ် တိရိစ္ဆာန် ဆေးကုအရာရှိချုပ်လုပ်ခဲ့တဲ့ ဒေါက်တာလှကျော်တို့ဟာလည်း စစ်အတွင်း ဗြိတိန်မှာ ပညာသင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ နောက် လွတ်လပ်ရေးရပြီး အစိုးရအဖွဲ့ဝန်ကြီးနဲ့ သံအမတ်ကြီးတွေ ဖြစ်ခဲ့တဲ့ ဦးအုန်းဟာလည်း စစ်အတွင်း လန်ဒန်တက္ကသိုလ် ဓနဗေဒကျောင်းမှာ ပညာသင်ခဲ့သလို ဗုံးစ ထိမှန်ပြီး ခြေထောက်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး မြန်မာသတင်းစာပညာတော်သင် ကိုညိုမြကတော့ အမေရိကန်ဘက်ကူးပြီး ချီကာဂိုနားက အနောက်မြောက်တက္ကသိုလ်မှာ မဟာဘွဲ့ယူခဲ့ကာ ဗီအိုအေ အသံလွှင့်ရုံမှာ လုပ်ခဲ့သလို အိန္ဒိယမှာရှိတဲ့ မဟာမိတ်တပ်တွေ မြန်မာပြည်ပေါ် ကြဲဖြန့်ဖို့ လေနတ်သား စာစောင်ကို ကူညီတည်းဖြတ်ပေး ခဲ့ပါတယ်။
နောက် သီဟိုဠ်နဲ့ အိန္ဒိယကို စစ်ကြီးမဖြစ်ခင်က ရောက်နေကြတဲ့ မြန်မာကျောင်းသားတချို့ မဟာမိတ်လေထီးတပ်သားအဖြစ် မြန်မာပြည်ထဲ ပြန်ဝင် လာတာ ရှိသလို စစ်ပြေးအစိုးရနဲ့အတူ အိန္ဒိယကိုလိုက်သွားတဲ့ ရခိုင်ခေါင်းဆောင်တွေရဲ့ သားတွေဟာလည်း စစ်ပြီးစမှာ ဗြိတိန်နဲ့အမေရိကန်သွားပြီး ပညာရေး ခရီးဆက်ခဲ့ကြပါတယ်။
ဒီလို အနောက်နိုင်ငံတွေကို မသွားနိုင်တဲ့ ပြည်တွင်းက ကျောင်းသားတွေအတွက် စစ်အတွင်းမှာ မျှော်လင့်ချက် တခုပဲ ရှိပါတယ်။ အဲဒါကတော့ မြန်မာပြည်ကို သိမ်းထားတဲ့ ဂျပန်ပြည်မှာ သွားရောက်သင်ယူဖို့ပဲ ဖြစ်ပါတယ်။ ဗြိတိသျှတွေကို တိုက်ထုတ်ပေးခဲ့တယ်ဆိုပေမယ့် ဂျပန်ရဲ့ ကြမ်းကြုတ် အနိုင်ကျင့် မှုကို တပြည်လုံး ကျောကော့ခံထားရတာပါ။ ဒါပေမဲ့လည်း ပညာကို အယုတ်အလတ်အမြတ်မရွေး ရတဲ့ဆီက သင်ဖို့ မြန်မာကျောင်းသားတွေ ပိုင်းဖြတ် ထားကြတဲ့အတွက် ဂျပန်ကို စစ်ဘက်အရပ်ဘက် ပညာသင်တွေ စေလွှတ်ခဲ့ပါတယ်။ ဒီလူငယ်တွေဟာ စစ်ပြီးခေတ် နိုင်ငံကို ပြာပုံဘဝကနေ ပြန်လည် ပျိုးထောင်ရာမှာ ပါဝင်ခဲ့ကြသလို ၁၉၇ဝ-၈ဝ ပြည့်လွန်နှစ်တွေမှာလည်း နိုင်ငံရဲ့ အုပ်ချုပ်ရေးစစ်ရေးခေါင်းဆောင်တွေအဖြစ် တာဝန်ယူခဲ့ကြပါတယ်။
မေ့လျော့ခံ စစ်အတွင်းခရီးသည်များ
၁၉၄၃ မှာ မြန်မာကို ဂျပန်က လွတ်လပ်ရေး ပေးခါနီး မြန်မာကျောင်းသားတွေကို ဂျပန်မှာ စစ်ဘက် အရပ်ဘက် ပညာတွေ သင်ဖို့ စေလွှတ်ပါတယ်။ ဂျပန်ရဲ့ အရှေ့အာရှ သာတူညီမျှကောင်းစားရေးရပ်ဝန်းမှာ ပါတဲ့ မြန်မာပြည်ဟာ အိန္ဒိယကို ထိုးစစ်ဆင်နေတဲ့ ဂျပန်တပ်တွေရဲ့ ခြေကုပ်စခန်းဖြစ်လို့ မြန်မာကို သူ့သြဇာခံအဖြစ်က လွတ်မသွားရေးဟာ ဂျပန်အတွက် အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေရဲ့သားတွေကို ဂျပန် စေလွှတ်ပြီး ပညာသင် ခိုင်းကာ ဂျပန်စိတ်ဝင်အောင် သိမ်းသွင်းခဲ့ပါတယ်။ တနည်းအားဖြင့် ဒီလို ခေါင်းဆောင်မိသားစုတွေနဲ့ လူငယ်ပညာတတ် တွေ၊ စစ်ဗိုလ်တွေကို ဓားစာခံ အဖြစ် ဂျပန်ခေါ်ထားတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်အတွင်း ဂျပန်သွား မြန်မာကျောင်းသားတွေထဲမှာ အဓိပတိ ဒေါက်တာဘမော်ရဲ့သား ဇာလီမော်နဲ့ တူ ကိုဝင်းဟန်တို့ ပါသလို စစ်မဖြစ်ခင်က အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဆစ်ဒနီလူနီရဲ့သား ပါစီလူနီခေါ် ကိုလှဘူးလည်း ပါပါတယ်။ နောက် အရေးပိုင်၊ မင်းကြီး စတဲ့ အရာရှိသား စာတော်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဂျပန်လွှတ်ပြီး စိုက်ပျိုးရေး၊ ဥပဒေ၊ မိုးလေဝသ၊ ဓာတုဗေဒ၊ ဆေးပညာ စတဲ့ ပညာရပ်စုံကို သင်ကြား စေခဲ့ ပါတယ်။ နောက် စစ်ဘက်က ထူးချွန်တဲ့ အရာရှိငယ်တွေကို ဂျပန်စစ်တက္ကသိုလ်မှာ သင်ကြားစေရာမှာ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးလွင်၊ ဗိုလ်မှူး ကြီး ခင်မောင်သောင်း စတဲ့ စစ်ဘက်အရာရှိကြီး ဝန်ကြီးတွေ ဖြစ်မယ့်သူတွေ ပါလာခဲ့ပါတယ်။ စစ်ပညာသင်တွေရဲ့ မှတ်တမ်းတွေကို မိုမို တာရောစန်၊ ခင်မောင်ညို( မန်း) ၊ ဗိုလ်ဉာဏ်မောင် စတဲ့ အရာရှိဟောင်းတွေ ရေးခဲ့ပြီး လမ်းစဉ်ပါတီခေတ်က ထင်ရှား လူဖတ်များခဲ့ပါတယ်။ အရပ်ဘက် ပညာသင် တွေ အကြောင်းကတော့ တောင်ကြီးဦးထွန်းမြင့်ကလေး၊ သံအမတ်ကြီးဦးသက်ထွန်း၊ ဦးကြည်ခင် စတဲ့ ပုဂ္ဂိုလ်တွေ ရေးခဲ့တဲ့ မှတ်တမ်းတွေမှာသာ အဓိကတွေ့ရပြီး စစ်ပညာသင်တွေလောက် ထင်ထင်ရှားရှားမရှိခဲ့ပါဘူး။
ခန်းဂျီး၊ ခါမိခါဇေနဲ့ ဂျပန်ရည်းစားများ
စစ်အတွင်း ဂျပန်ကို နှစ်သုတ်ခွဲလွှတ်ခဲ့တဲ့ မြန်မာကျောင်းသား ၄၅ ယောက် ရှိပြီး သင်္ဘောအခက်အခဲကြောင့် မပို့နိုင်သူ ဆယ်ယောက် ကျန်ရစ်တယ် လို့လည်း စစ်အတွင်းကာလ ဂျပန်ပြည်ရောက် မြန်မာလူငယ်များ ဆောင်းပါးမှာ ဦးသက်ထွန်းက ရေးပါတယ်။ ဂျပန်သွားဖို့ သတင်းလာပို့တဲ့ ဘန်ကောက် လုံချည်ဝတ် မြန်မာကျောင်းသားတွေကို ဂျပန်ဆရာတွေက ကြမ်းတိုက်ခိုင်းပြီး ဂျပန်မှာ ကြုံရမယ့် အခက်အခဲတွေကို နမူနာပြ ခဲ့ကြတယ် လို့လည်း သိရပါတယ်။ ပထမအသုတ်တုန်းက မင်္ဂလာဒုံလေဆိပ်ကနေ ဂျပန်ဗုံးကြဲလေယာဉ်နဲ့ ဘန်ကောက်သွားခဲ့ပေမယ့် ၁၉၄၄ မှာ ထွက်တဲ့ ဒုတိယ အသုတ်ကတော့ သေမင်းတမန်ရထားလမ်းကနေ စွန့်စွန့်စားစား သွားခဲ့ရပါတယ်။ ဂျပန် အမြန်ဖောက်တဲ့ ရထားလမ်းက မခိုင်လို့ ရထားကို ဖြည်းဖြည်းချင်း ခုတ်မောင်း ရသလို မဟာမိတ်လေယာဉ်တွေ လာတိုက်မှာကိုလည်း ကြောက်ရကြောင်း ချယ်ရီခေါ် ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ ကိုယ်တွေ့ စစ်အတွင်း ဂျပန်ပြည် စာအုပ်မှာ ပါရှိပါတယ်။
စင်္ကာပူကနေ ဂျပန်ကို သွားတဲ့လမ်းမှာတော့ မဟာမိတ် ရေငုပ်သင်္ဘောတွေကို ကြောက်ရတဲ့အတွက် အရှေ့အနောက် ဖျက်သင်္ဘောလေးစင်းခြံရံပြီး လေယာဉ်တင်သင်္ဘောပေါ်က လေယာဉ်တွေက အပေါ်ကနေ ဝဲပျံကင်းလှည့်ပြီး ကျောင်းသားတွေကို စောင့်ရှောက်ခဲ့ရပါတယ်။ ဂျပန် ရောက်တဲ့အခါ မှာလည်း စစ်အတွင်းကာလဖြစ်တဲ့အတွက် အစားအစာရှားပါးမှု၊ ခန်းဂျီးခေါ် အဆင့်မြင့်ဂျပန်စာရေးနည်းရဲ့ ခက်ခဲမှု၊ ဂျပန်ဆရာတွေရဲ့ တင်းကျပ်တဲ့ စည်းကမ်းနဲ့ စောင့်ကြည့်မှုတွေ ခံရပါတယ်။ စိုက်ပျိုးရေးပညာသင်ဖို့ ဆိုပြီး လွှတ်လိုက်တဲ့ မြန်မာကျောင်းသားတွေကို လယ်စိုက်ခိုင်းပြီး ဘာပညာမှ သင်မပေးဘူးဆိုပြီး ကန့်ကွက်တာလည်း ကြုံခဲ့ရပါတယ်။ ဆောင်းတွင်းမှာ အဝတ်အစားမပြည့်စုံလို့ အေးခဲပြီး နှင်းကိုက်တာ ကြုံရသလို စားစရာ ရတဲ့နေရာမှာ အလုအယက်တန်းစီပြီး ဝယ်စားကြရတယ်လို့ ကြည်ခင် (လျှပ်စစ်ဓာတ်အား)ရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရောက်ပညာသင်သုံးကျိပ် စာအုပ်မှာ ပါပါတယ်။ ဗိုက်ပြည့်ရင် ပြီးရော ဆိုပြီး ဆေးဆိုင်က ဖွဲနုဆေးပြားတွေ ဝါးစားမိလို့ ဝမ်းလျှောတာတောင် ကြုံခဲ့ကြရတာပါ။ ရိက္ခာပိုရတဲ့ မြန်မာစစ်ကျောင်းသားတွေ အလည်လာရင် အစားအသောက်ယူလာတတ်လို့ အရပ်ဘက်ကျောင်းသားတွေ သက်သာရရခဲ့ပါတယ်။
ဒီလို အခက်အခဲတွေ ရှိပေမယ့် မြန်မာကျောင်းသားတွေဟာ ပညာကို အပတ်တကုတ် ကြိုးစားကြပါတယ်။ ဆေးကျောင်းသား မွန်းထော်သက်ညွန့်ဟာ ခါမိခါဇေခေါ် အသေခံလေသူရဲတွေ ပတ်တဲ့ ခေါင်းစည်းဖြူကို ပတ်ပြီး ညတိုင်း အခန်းတံခါးပိတ်စာကျက်တယ်လို့ ဦးသက်ထွန်းက ရေးပါတယ်။ ရူပဗေဒပညာသင်ကျောင်းသား ကိုလှညွန့်ကတော့ စစ်ပြီးခေတ်မှာ အမေရိကန်သွားပြီး ပထမဆုံး အဏုမြူပညာသင်တဲ့ မြန်မာဖြစ်လာပြီးနောက် သြစတြီးယားက နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီမှာ ထမ်းဆောင်ခဲ့ပါတယ်။ ရေအားနဲ့ ဆည်မြောင်းအင်ဂျင်နီယာပညာသင်တဲ့ ကိုကြည်ခင် ကလည်း စစ်ပြီးနောက် အမေရိကန်မှာ ပညာဆက်သင်ပြီး လောပိတစီမံကိန်းမှာ ပါဝင်ခဲ့ပါတယ်။ ဝန်ကြီးသခင်လွန်းဘော်သား၊ ရော်ဘာလုပ်ငန်း အကြောင်း သင်တဲ့ ကိုပေါ်သိမ်းကတော့ လမ်းစဉ် ပါတီခေတ်မှာ ဒုဝန်ကြီး ဖြစ်ခဲ့ပါတယ်။
ဒီလို ကျပ်တည်းမှုတွေ ရှိပေမယ့်လည်း လူငယ်ဘာဝ အချစ်အတွေ့အကြုံတွေလည်း ရှိခဲ့ကြပါတယ်။ နောင်မှာ သံအမတ်ကြီး ဖြစ်လာမယ့် ကိုမောင်မောင်ညွန့်မှာ ချစ်သူပေါလို့ ကျောင်းအသွား ဓာတ်ရထားခရီးမှာ ပျောက်ပျောက်သွားတတ်တယ်လို့ ဦးသက်ထွန်းက ရေးပါတယ်။ ဒါတွင်မက ကိုထွန်းမြင့် ကလေးရဲ့ချစ်သူ ဂျာမန်ဂျပန်ကပြား မာရီယွန်နဲ့ ကိုမောင်မောင်ညွန့်တို့ကြားမှာ သံယောဇဉ်တွေ ရှိခဲ့ပြီး ကိုထွန်းမြင့်နဲ့ သူနဲ့ကြားမှာလည်း အခင်အမင် မပျက်ခဲ့ဘူးလို့ ဆိုပါတယ်။ မြန်မာကျောင်းသားတွေရဲ့ အချစ်ဇာတ်လမ်းတွေကို သိတဲ့ ဂျပန်တွေဘက်ကတော့ ကျောင်းပြီးရင် ဂျပန်မိသားစုတွေဆီပို့ပြီး သမီးတွေနဲ့ လက်ထပ် ပေးမယ်၊ ပြီးမှ ကိုယ့်တိုင်းပြည်ပြန်ပြီး ခေါင်းဆောင်လုပ်ကြပါလို့ ဖျောင်းဖျပါတယ်။ ဒါကလည်း မန်ချူးရီးယားမှာ ဘုရင်ပုယီရဲ့ညီ ပုဂျီနဲ့ ဂျပန်မြို့စား သမီးကို လက်ထပ်ပေးတဲ့ ယဉ်ကျေးမှုကလာတာလို့ ဦးသက်ထွန်းက ဆိုပါတယ်။
တိုကျိုဗုံးမီးနဲ့ ပြည်တော်ပြန်
၁၉၄၅ ဂျပန် စစ်မရှုံးခင်မှာ တိုကျိုက မြန်မာကျောင်းသားတချို့ကို ကျိုတိုဘက်ပို့ထားလို့ စစ်ဘေးက သက်သာရာရခဲ့သလို ဟီရိုရှီးမားက ကျောင်းသား ငါးယောက်ကိုလည်း တခြားပို့လိုက်တဲ့အတွက် အဏုမြူဗုံးဘေးက လွတ်ကင်းခဲ့ပါတယ်။ ဖူကူအိုကာက မြန်မာကျောင်းသားတွေနေတဲ့ အဆောင်ကို ဗုံးကျလို့ အဝတ်အစားတွေ မီးထဲပါကုန်သလို ကြောက်အားလန့်အားနဲ့ ရေထဲခုန်ချခဲ့တဲ့ ကျောင်းသားနှစ်ယောက် ရေနစ်တာကိုလည်း ကယ်ခဲ့ရ ပါတယ်။
ဟီရိုးရှီးမားနဲ့ နာဂါစာကီကို အဏုမြူဗုံးကျပြီးနောက် တတိယဗုံးဟာ တိုကျိုကို ကျနိုင်တဲ့အတွက် ကျန်နေတဲ့ မြန်မာကျောင်းသားတွေကို ဟာကုနီအိုင် နားက အပန်းဖြေအိမ်ကို အမြန်ရွှေ့ခဲ့ဖို့ စစ်သံမှူး ဗိုလ်စကြာက အမိန့်ပေးပါတယ်။ ဒါကြောင့် အိမ်ရဲ့ စင်္ကြန်လမ်းတွေပါမကျန် အိမ်အပြည့် မြန်မာ ကျောင်းသား ၆ဝ ဟာ ဂျပန်လက်နက်ချတဲ့အထိ ဟာကုနီမှာ ခိုလှုံခဲ့ရပါတယ်။ စစ်ပြီးချိန်မှာ မြန်မာသံအမတ် ဒေါက်တာသိန်းမောင်ကို ဂျပန်ဖမ်းထားပြီးဖြစ်လို့ ကျန်တဲ့မြန်မာတွေ ဘေးမသီရန်မခ နိုင်ငံပြန်နိုင်ဖို့ ဗိုလ်စကြာ ကြိုးပမ်းခဲ့ပါတယ်။ ဗိုလ်စကြာဟာ ဆိုဗီယက်သံရုံးနဲ့ ချိတ်ပြီး စစ်သတင်းတွေယူ၊ မဟာမိတ်ဘက်နဲ့ ချိတ်ထားသူဖြစ်လို့ စစ်ကျောင်းသား ၇၂ ယောက်အပါအဝင် မြန်မာကျောင်းသား ၁၂၆ ယောက် ရန်ကုန်ပြန်နိုင်ရေး အဆင်ပြေခဲ့ပါ တယ်။ ကျောင်းသားတွေ နိုင်ငံပြန်ရင် စာဆက်မသင်နိုင်မှာစိုးလို့ နေခဲ့ကြဖို့ ဂျပန်ပါမောက္ခတချို့က ခေါ်ပေမယ့် ဒီဆရာတွေရဲ့ အနေအထားကလည်း မရေရာ လှတဲ့အတွက် မနေခဲ့ကြဘဲ ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျောင်းသားတွေ ပြန်နိုင်ဖို့ မဟာမိတ် တပ်က အရှေ့တောင်အာရှ စစ်သေနာပတိချုပ် လော့မောင့်ဘက်တန်ကိုယ်တိုင် ကူညီပေးခဲ့ပေမယ့် ရန်ကုန် ပြန်ရောက်တော့ သူတို့ကို စစ်စခန်းမှာ ချုပ်ထားပြီး ဘာကြောင့် ဂျပန်သွားတာလဲ ဆိုတာကို မေးခဲ့ပါတယ်။ ဂျပန်ခေတ်မှာ ဂျပန်မသွားလို့ ဘယ်သွား ရမှာလဲ၊ ကျွန်တော်တို့ တိုင်းပြည်အတွက် စွန့်စားသွားတာပါ၊ ဂျပန်တပည့်ခံဖို့ မဟုတ်ဘူး၊ သူလျှိုလုပ်ဖို့လည်း မဟုတ်ဘူးလို့ ဘုကျကျ ပြန်ဖြေမှ လွှတ်ပေးခဲ့ကြောင်း ဦးကြည်ခင်က ရေးပါတယ်။
ဂျပန်ပြန်အုပ်စု
ဂျပန်တပည့်ခံဖို့ သွားတာမဟုတ်ဘူးဆိုပေမယ့် ဂျပန်မှာ သင်ကြားခဲ့တာတွေရဲ့ အရိပ်အငွေ့တွေကတော့ သူတို့အပေါ် သက်ရောက်ခဲ့ပါတယ်။ စစ်အတွင်း ဂျပန်ရောက်ခဲ့တဲ့ သတင်းစာဆရာ ဦးထွန်းဖေက မြန်မာ စစ်ကျောင်းသားတယောက် ဟိုက်ဆိုပြီး သူ့ကို ဂျပန်လို အလေးပြုနှုတ်ဆက်လို့ တုန်လှုပ်မိ ကြောင်း ကမ္ဘာတခွင်ရောက်ခဲ့စဉ်က စာအုပ်မှာ ရေးခဲ့ပါတယ်။ နောက်ပြီး ကျောင်းသားတွေကို တိုကျိုနန်းတော်နားသွားပြီး ဘုရင်ကို အလေးပြုခိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။
ဒီအရပ်ဘက်ကျောင်းသားတွေဟာ ကင်ဒို၊ ဂျူဒို စတဲ့ ဂျပန်ကိုယ်ခံပညာတွေ သင်ခဲ့ရသလို စစ်ကျောင်းတွေနဲ့ အသေခံ လေသူရဲတွေ လေ့ကျင့်ပေးတဲ့ စခန်းတွေကို သွားလေ့လာ ခဲ့ရပါတယ်။ နောက်ပြီး သူတို့ကို နိုင်ငံအတွက် တရက် လေးနာရီပဲအိပ်ပြီး ကြိုးစားဖို့၊ ဂျပန်တွေဟာ နိုင်ငံကို အနောက်တိုင်းနဲ့ ရင်ဘောင်တန်းဖို့ ဘယ်လို ကြိုးစားခဲ့တယ် ဆိုတဲ့ ဥပမာတွေပေးပြီး ဆရာတွေက ဆုံးမကြတယ်လို့ ချယ်ရီ ခေါ် ဂါးဒီးယန်း ဦးစိန်ဝင်းက ရေးပါတယ်။ နောက်ပြီး ဂျပန်ပြည်က လူတွေဟာ အာရှနိုင်ငံတွေ ရောက်နေတဲ့ သူတို့တပ်တွေ ဘယ်လို ရက်စက်ပြုမူနေကြတယ် ဆိုတာကို မသိကြဘဲ ဖက်ဆစ်အစိုးရ ပြောသမျှ ယုံနေကြတယ်၊ လွတ်လပ်တဲ့တိုင်းပြည်က မလွတ်လပ်တဲ့ လူမျိုးတွေလို့ ချယ်ရီက မှတ်ချက်ချပါတယ်။
၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရမှာ လေတပ် ဦးစီးချုပ် ဗိုလ်မှူးချုပ်သောင်းဒန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီးလွင် ( NLD ဦးလွင်) စတဲ့ ဂျပန်ပြန် ဝန်ကြီးတွေ ပါလာပါတယ်။ စစ်ဘက်မှာလည်း ဗိုလ်မှူးကြီး ခင်မောင်သောင်း၊ ဒုတိယဗိုလ်မှူးကြီး အောင်ကြူး စတဲ့ ဂျပန်ပြန် စစ်ဗိုလ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၉၇ဝ နောက်ပိုင်းမှာ မြန်မာကို ဂျပန်က ဖွံ့ဖြိုးရေး အကူအညီ အများအပြား ရရှိဖို့ ဂျပန်လိုလားတဲ့ အုပ်စုက ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အနောက်တိုင်း သုတေသီတွေက ရေးပါတယ်။ ဂျပန် မြန်မာဆက်ဆံရေးဟာ ၁၉၈၈ နောက်ပိုင်းမှာလည်း မှိန်ဖျော့မသွားဘဲ မြန်မာကို သံယောဇဉ်မပြတ်တဲ့ ဒီမိုကရေစီနိုင်ငံတခုအနေနဲ့ ဆက်ကျန်ရှိသလို စစ်ဘက် အရပ်ဘက်နဲ့ အစိုးရဝန်ထမ်း မြန်မာကျောင်းသားတွေကို ပညာတော်သင် ခေါ်ယူတာကလည်း ဆက်တိုက်ရှိနေခဲ့ပါတယ်။
ဂျပန်ပြန်တွေထဲက ဒေါက်တာမွန်းထော်သက်ညွန့်ဟာ စစ်ဆေးတပ်မှာ အမှုထမ်းရင်း ဖောင်တော်သီနားက တိုက်ပွဲမှာ ကျဆုံးခဲ့လို့ ကျောက်တိုင်စိုက်ထားခဲ့တာကို ရန်ကုန် မန္တလေးလမ်းဟောင်းမှာ တွေ့နိုင်ပါတယ်။ ဓာတုဗေဒပညာသင် ကိုတင်အေးကတော့ ဂျပန်က ပြန်လာပြီးနောက် အမေရိကန် ပညာသင် သွားစဉ် ဘာရိန်းပင်လယ်ကွေ့မှာ ရေယာဉ်ပျံပျက်ကျ ကွယ်လွန်ခဲ့ပါတယ်။ ဒုတိယဗိုလ်မှူးကြီးအောင်ကြူးကတော့ လားရှိုးမှာ ၁၉၇ဝ လွတ်လပ်ရေးနေ့ အားကစားပွဲမှာ သူပုန်လက်ပစ်ဗုံးမှန်ပြီး ကျဆုံးခဲ့ပါတယ်။ စစ်အတွင်း ဂျပန်သွား မြန်မာပညာသင်အများစု မရှိကြတော့ပေမယ့် နိုင်ငံအတွက် ပညာသင် ရမယ်ဆိုတဲ့ စိတ်ဓာတ်ခံယူချက်ကတော့ မြန်မာ လူငယ်တွေ ကြားမှာ ရှင်သန်ဆဲ ဖြစ်ပါတယ်။