‘ကျွန်မ မလုံခြုံဘူးလို့ ခံစားနေရတယ်’
အလုပ်သင်ဆရာဝန် အဓမ္ဓကျင့်၊ သတ်ဖြတ်ခံရပြီးနောက် ညဆိုင်းဆင်းရမှာ စိုးရိမ်ကြောက်လန့်နေတဲ့ အိန္ဒိယအမျိုးသမီးဆရာဝန်တွေ
“တော်သင့်ပြီလို့ထင်တယ်။ အခုကတော့ တညီတညာတည်း ထကြွပြီး ဆန္ဒဖော်ထုတ်ဖို့ အချိန်တန်ပြီ”လို့ အနောက်ဘင်္ဂလားပြည်နယ် မြို့တော် ကိုလ်ကတ္တားမြောက်ပိုင်းက(ယခင် ကာလကတ္တား)မြို့က ကျောင်းသူ အနူရှနာ ဒက်စ်က ပြောလာပါတယ်။
မစ္စ ဒက်စ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ အစိုးရပိုင်ဆေးရုံတစ်ခုက အလုပ်သင်ဆရာဝန်တစ်ဦး လိင်ပိုင်းအနိုင်ကျင့်သတ်ဖြတ်ခံခဲ့ရတာကို မကျေနပ်တဲ့ လူထောင်ချီ ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်ချီတက်ခဲ့တဲ့သူ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဆေးရုံတွေထဲက တစ်ခုမှာ တစ်နေကုန်ပင်ပန်းခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဆရာဝန်တစ်ဦးဟာ သင်တန်းခန်းမတစ်ခုထဲမှာ အိပ်ဖို့ ပြင်လိုက်ပါတယ်။
နောက်တစ်နေ့မနက်မှာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ခန်းမရဲ့ စင်မြင့်ပေါ်မှာ ခန္ဓာကိုယ်တစ်ပိုင်း ဝတ်လစ်စလစ်နဲ့ သူ့ကိုတွေ့ခဲ့ပြီး ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးနေပါတယ်။
အဲဒီနောက် ဆေးရုံက စေတနာ့ဝန်ထမ်းတစ်ဦးကို သက်တမ်း ၁၃၈ နှစ်ကြာ ရပ်တည်လာခဲ့တဲ့ ကာလကတ္တားက အာဂျီကား ဆေးဘက်ဆိုင်ရာကောလိပ်မှာဖြစ်ခဲ့တဲ့ လိင်ပိုင်းအနိုင်ကျင့်သတ်ဖြတ်မှုနဲ့ ဆက်စပ်တယ်ဆိုပြီး ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
“ညကိုပြန်လည်သိမ်းယူကြ”လို့အမည်ပေးထားတဲ့ ဆန္ဒပြချီတက်မှုမှာပါဝင်သူတွေဟာ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးအတွက် တရားမျှတမှုနဲ့ နိုင်ငံတစ်ဝန်းက အမျိုးသမီးသန်းပေါင်းများစွာတို့အတွက် လုံခြုံမှုရှိရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယနိုင်ငံက အမျိုးသမီးတွေရဲ့ စစ်မှန်တဲ့လွတ်လပ်မှုတွေ ရဖို့ ရည်ရွယ်တာကြောင့် လွတ်လပ်ရေးအကြိုနေ့ကို ရွေးချယ်ပြီး ဆန္ဒပြဖို့စီစဉ်ခဲ့ကြတာလို့ ဆန္ဒပြပွဲကို စီစဉ်ဦးဆောင်တဲ့သူတွေက ဆိုပါတယ်။
ဘီဘီစီသတင်းထောက်တွေက အိန္ဒိယနိုင်ငံမှာရှိတဲ့ ထိပ်တန်းအစိုးရဆေးရုံတွေက ညဆိုင်းအလုပ်လုပ်တဲ့ အမျိုးသမီးတွေနဲ့ စကားပြောဆိုကြည့်တဲ့အခါမှာ ဆန္ဒထုတ်ဖော်နေတဲ့ အမျိုးသမီးတစ်ဦးက “မိန်းကလေးရော ယောက်ျားလေးသာမက အားလုံးရဲ့ ညတွေကို လုံခြုံစေချင်တယ်”လို့ တောင်းဆိုခဲ့ပါတယ်။
ဒီအဖြစ်ဆိုးကြီးဟာ ၂၀၁၂ ခုနှစ်တုန်းက အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြီး ဒဏ်ရာတွေနဲ့သေဆုံးခဲ့ရတဲ့ တိုင်းသိပြည်သိဖြစ်ရပ်ဆိုးကြီးကို ပြန်ပြီးအမှတ်ရစေပါတယ်။
သေဆုံးခဲ့တဲ့ အလုပ်သင်အမျိုးသမီးဟာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေးကုထုံးအလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။
အိန္ဒိယမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာက ဆိုးရွားတဲ့ပြဿနာတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်ထဲမှာပဲ မုဒိန်းမှု အကြိမ် ၉၀ ဖြစ်ပွားခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။
တောင်ပိုင်း ချန်နိုင်းမြို့က ဆေးရုံတစ်ရုံမှာ ညဆိုင်းအလုပ်ဆင်းရတဲ့ အလုပ်သင် အက်စ် အဘားနားကတော့ ကာလကတ္တားကဖြစ်ရပ်ဆိုးက အမျိုးသမီးဝန်ထမ်းတွေကို ကြောက်ရွံမှုတွေဖြစ်စေတယ်လို့ ပြောထားပါတယ်။
အလုပ်သင်တွေကိုလည်း လက်ရှိဝန်ထမ်းတွေရဲ့ အခန်းတွေကိုပဲ အသုံးပြုခိုင်းပြီး တံခါးတွေကိုလည်း သော့သေချာခတ်ဖို့ ညွှန်ကြားထားတယ်လို့ သူက ဆိုပါတယ်။
လိုအပ်လာရင် အရေးပေါ်သတိပေးချက်ပို့နိုင်ဖို့ “မြို့တော်ရဲ အက်ပလီကေးရှင်း”ကို ဖုန်းထဲထည့်ထားဖို့တိုက်တွန်းထားကြပေမယ့် အဲဒါက “အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တယ်” ဆိုတဲ့ သူ့ရဲ့ စိုးရိမ်မှုကိုတော့ ပြေပျောက်အောင်မလုပ်ပေးနိုင်ပါဘူး။
“လူနာဆောင်အလိုက် အချက်ပေးသံတွေနဲ့ အပြန်အလှန်ဆက်သွယ်မှုတွေမပြတ်ရှိနေတာက အထောက်အကူဖြစ်ပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။
ဒေလီမြို့မှာ အုပ်စုဖွဲ့မုဒိန်းကျင့်မှုအတွက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ဥပဒေတွေကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်ခဲ့ပေမဲ့ လိင်ပိုင်းအကြမ်းဖက်တဲ့အမှုတွေက ပိုများလာသလို တရားမျှတမှုရရှိဖို့က အိန္ဒိယက အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲပဲလို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
ကိုလ်ကတ္တားက ဒီနောက်ဆုံးမုဒိန်းကျင့်သတ်ဖြတ်မှုဟာ စေ့စေ့စပ်စပ်နဲ့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေလိုအပ်တဲ့အပြင် ကျန်းမာရေးအလုပ်သမားတွေ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ဒါကို စိန်ခေါ်မှုတစ်ရပ်အဖြစ် လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတာကြောင့် သူတို့ကို အကာအကွယ်ပေးနိုင်ရေး ပြည်ထောင်စုအဆင့်ဥပဒေပြဌာန်းပေးဖို့ တောင်းဆိုလာကြပါတယ်။
အိန္ဒိယကျန်းမာရေးဝန်ကြီး ဂျေပီ နာဒါကတော့ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံစေဖို့ အစိုးရက တင်းကျပ်တဲ့ စီမံမှုတွေကို ဆောင်ရွက်ပေးမယ်လို့ ဆရာဝန်တွေကို အာမခံထားပါတယ်။
ဒီသီတင်းပတ်မှာတော့ ဆေးပညာဆိုင်ရာအစိုးရအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားဆေးဘက်ဆိုင်ရာကော်မရှင်ကနေ လုံခြုံတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်ဖို့ ဆေးဘက်ဆိုင်ရာကောလိပ်တွေနဲ့ အဖွဲ့အစည်းအားလုံးအတွက် အကြံပေးချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်မှု ၁၅၃ ကြိမ်ဖြစ်ခဲ့တယ်လို့ လန်းဆတ် (Lancet) ဆေးပညာဂျာနယ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်မှုကို အပြစ်ပေးဖို့အတွက် ပြည်ထောင်စုနဲ့ ပြည်နယ်ဥပဒေတွေရှိနေတယ်ဆိုတာကိုလည်း အစီရင်ခံစာထဲမှာ မီးမောင်းထိုးပြထားပါတယ်။
မှောင်မည်းပြီး အလင်းရောင်ကင်းမဲ့တဲ့နေရာတွေ
“ညဘက် အဆောင်ကနေ ဆေးကုသဆောင်ကို တာဝန်ကျလို့ သွားရတဲ့အချိန် ကြက်သီးတွေထပြီး ကြောက်လန့်စိတ်တွေဖြစ်တယ်” လို့ မွမ်ဘိုင်းက ဆရာဝန်တစ်ဦးကပြောပါတယ်။
ဆေးရုံထဲက မှောင်မိုက်ပြီး အလင်းရောင်မရှိတဲ့နေရာတွေက ဝန်ထမ်းတွေအတွက် စိုးရိမ်ပူပန်စိတ်တွေဖြစ်စေပါတယ်။ တချို့ဝန်ထမ်းတွေဆိုရင် အစားအသောက်အတွက် အပြင်ထွက်ဖို့ကိုတောင် ကြောက်နေပြီး အွန်လိုင်းကနေပဲ မှာယူနေကြတာဖြစ်ပါတယ်။
“ကျွန်မတို့က ညဆိုင်းအလုပ်လုပ်ရတဲ့အတွက် ဌာနတစ်ခုကနေ နောက်အဆောက်အအုံက ဌာနတစ်ခုကို သွားဖို့လိုအပ်တယ်။ အဲဒီသွားတဲ့လမ်းမှာ အစောင့် ဒါမှမဟုတ် လုံခြုံရေးဝန်ထမ်းထားတာတွေမရှိဘူး” လို့ ဟိုက်ဒရာဘတ်မြို့အခြေစိုက် ဆရာဝန်တစ်ဦးက ပြောပါတယ်။
တချို့အလုပ်သမားတွေကတော့ ဆေးရုံနဲ့ သူတို့နေတဲ့အဆောင်တွေမှာ လမ်းမီးတွေမရှိလို့ စိုးရိမ်နေရတဲ့အကြောင်း ဘီဘီစီကိုပြောပြပါတယ်။
ဆေးရုံက နေရာတော်တော်များများမှာ မီးမရှိဘူး။ ဆေးရုံလာတက်တဲ့သူတွေကလည်း ဆေးရုံဝင်းမျက်နှာစာက ကြမ်းပြင်ပေါ်မှာပဲ အိပ်ကြတာ”လို့ ဒေလီမြို့က အစိုးရဆေးရုံတစ်ခုမှာ ပထမနှစ် ဘွဲ့လွန်ကျောင်းသားတစ်ယောက်က ပြောပါတယ်။
တစ်ဖက်မှာလည်း အာဏာပိုင်တွေက ဆေးရုံကိုလာတဲ့သူတွေဘေးကင်းဖို့ အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ အခိုင်အမာပြောနေကြပါတယ်။
ဆေးရုံအကြီးအကဲတစ်ဦးကတော့ သူ့ရဲ့ဆေးရုံဝင်းထဲမှာ စောင့်ကြည့်ကင်မရာ (CCTV) အရေအတွက်တွေ တိုးလာနေသလို စိုးရိမ်စရာကိစ္စရပ်တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းတိုင်ပင်ဆွေးနွေးလို့ရအောင် တာဝန်ပေးထားတဲ့လူတစ်ယောက် ၂၄ နာရီ အမြဲတမ်းရှိနေမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
အခြားထိပ်တန်းဆေးရုံက ထိပ်တန်းအရာရှိတစ်ဦးကလည်း လုံခြုံရေးနဲ့ စောင့်ကြည့်ကင်မရာ (CCTV) တွေ အလုံအလောက်တပ်ဆင်ထားပြီး ဆရာဝန်တွေအနေနဲ့ စစ်ဆေးချင်တာတွေရှိလာရင်လည်း မှန်မှန်ကန်ကန်ဖြေရှင်းပေးသွားမယ်လို့ ဖြေဆိုထားပါတယ်။
အနားယူဖို့နေရာမရှိ
ညဆိုင်းလုပ်တဲ့အချိန်အတွင်း အနားယူဖို့ နေရာရှားတာက ကြီးမားတဲ့အဆင်မပြေမှုတစ်ခုဖြစ်တယ်လို့ အမျိုးသမီးဆရာဝန်တော်တော်များများက ထောက်ပြကြပါတယ်။
ဟိုက်ဒရာဘတ်မြို့က ဆရာဝန်တစ်ဦး ဘီဘီစီကိုပြောပြတာကတော့ အမျိုးသားနဲ့ အမျိုးသမီးဆရာဝန်ဆိုပြီး သီးခြားထားပေးတဲ့ နားနေခန်းဆိုတာတွေမရှိဘူးလို့ဆိုပါတယ်။
“အမျိုးသား၊ အမျိုးသမီးဆရာဝန်တွေအားလုံးအတွက် ဘေးချင်းကပ်ခုတင်တွေပဲထားပေးထားတာ၊ အဲဒါက အဆင်မပြေပါဘူး။ မလုံခြုံဘူးလို့ခံစားရတယ်။ ဒါကြောင့် ညဆိုင်းကျတဲ့နေ့တွေဆို အနီးနားက အဆောင်ကိုပဲ သွားနားရတယ်” လို့ သူက ဆက်ပြောပါတယ်။
“တစ်ခါတုန်းကဆို ဆိုင်ကယ်နဲ့ မနက်အစော အဆောင်ကိုမောင်းလာတုန်း ယောက်ျားလေးအုပ်စု အနောက်ကနေလိုက်လာတယ်။ ကြောက်လိုက်တာမှ အရမ်းပဲ” လို့ ပြောပါတယ်။
မသန့်ရှင်းတဲ့အိမ်သာတွေအပြင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတားဆီးကာကွယ်ရေးကော်မတီတွေနဲ့ပတ်သက်တဲ့ မလုံလောက်တဲ့ သတင်းအချက်အလက်တွေရှိနေတယ်လို့ ဝန်ထမ်းတချို့က ရှင်းပြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လုပ်ငန်းခွင်အက်ဥပဒေပါ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုတားဆီးရေး(PoSH) အရ အဖွဲ့အစည်းတိုင်းဟာ ဝန်ထမ်းတွေအတွက် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု မူဝါဒတွေ၊ ကာကွယ်တားဆီးတဲ့နည်းစနစ်တွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကူညီဆောင်ရွက်ဖို့ဆိုတဲ့ သတ်မှတ်ချက်တွေ ထားရှိစေတယ်လို့ ညွှန်ကြားထားပါတယ်။
ဒါပေမဲ့ အမျိုးမျိုးသော သုတေသနလေ့လာချက်တွေ၊ သတင်းတွေနဲ့ ကွင်းဆင်းလေ့လာထားတဲ့ အစီရင်ခံစာတွေအရတော့ POSH ဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ ဥပဒေအပေါ် လိုက်နာမှုအားနည်းနေတာ မြင်သာပါတယ်”လို့ အသောကတက္ကသိုလ်၊ စီးပွားရေးအချက်အလက်နဲ့ ခွဲခြမ်းစိတ်ဖြာမှုဗဟိုဌာန (CEDA) ရဲ့ ဆန်းစစ်လေ့လာသူတစ်ဦးက သုံးသပ်ထားပါတယ်။
ကုမ္ပဏီအသေးလေးတွေကနေ တင်ပြလာတဲ့ ဖြစ်ရပ်တွေကို သုံးသပ်မယ်ဆိုရင်လည်း လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အသိပညာနည်းပါးတာနဲ့ ကျူးလွန်မှုတွေအပေါ် လျော့ရဲပြီး တင်းတင်းကျပ်ကျပ်မဆောင်ရွက်တာတွေက ဒီလိုကြီးမားတဲ့ဖြစ်ရပ်တွေဖြစ်စေခဲ့တာလို့ သိရပါတယ်။
လူနာတွေရဲ့ မိဘနဲ့ဆွေမျိုးတွေက ခြိမ်းခြောက်တယ်
လူနာတွေရဲ့ ဆွေမျိုးတွေ (လူနာရှင်) ဆီကလာတဲ့ နှုတ်နဲ့ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကလည်း အိန္ဒိယမှာ ဆိုးရွားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။
“ညဘက်တွေဆို အရက်မူးနေတဲ့ လူနာရှင်တွေနဲ့ ပြောဆိုဆက်ဆံရတာများတယ်” လို့ သူနာပြုတစ်ဦးက ပြောပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ လေ့လာချက်အရ ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်တာက ပုဂ္ဂလိကဆေးရုံတွေထက် အစိုးရဆေးရုံတွေမှာ အဖြစ်များတယ်လို့ တွေ့ရှိထားပါတယ်။
အကြမ်းဖက်မှုဖြစ်စေတဲ့ အချက်တွေထဲကမှ ၈၃ ရာခိုင်နှုန်းလောက်ထိ အကြမ်းဖက်မှုဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အများအားဖြင့် လူနာတွေနဲ့ ဆွေမျိုးတွေက အကျင့်စာရိတ္တချို့ယွင်းမှုတွေရှိသလို ပညာမတတ်တာတွေကြောင့်လို့ ထောက်ပြပါတယ်။
ဒါ့အပြင် လိုအပ်တဲ့အထောက်အကူပစ္စည်းတွေ မပြည့်စုံတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် မယုံကြည်တာတွေကြောင့်လည်းပါတယ်လို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
“လူနာရှင်တွေ လူနာလာကြည့်ရင် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတတ်ကြတယ်။ တစ်ခါတလေဆို မူးပါမူးနေတာ” လို့ မွမ်ဘိုင်းက သူနာပြုတစ်ဦးက ပြောပါတယ်။
လူနာဆုံးသွားတဲ့အခြေအနေမှာဆိုရင်လည်း လူနာရှင်တွေဘက်က ရန်လိုစိတ်တွေပြင်းထန်လာတာကြောင့် ဒေါသမီးတွေအထိုက်အလျောက်ပြေလျော့တဲ့အချိန်ထိ အခန်းတံခါးပိတ်ပြီးနေနေရတာတွေလည်းရှိတယ်လို့ တခြားမြို့က နောက်ထပ်သူနာပြုတစ်ဦးက ရှင်းပြပါတယ်။
ပါရှာလာ အနီး ဒီလအစောပိုင်းတုန်းက လူနာရှင်မိသားစုဆီကနေ တိုက်ခိုက်တာခံခဲ့ရတဲ့ ကလေးအထူးကုဆရာဝန်တစ်ဦးအကြောင်းကို မိုဟာလီက ဆရာဝန်တစ်ဦးက ပြန်ပြောပြခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဒီအခက်အခဲကိုဖြေရှင်းပေးဖို့နဲ့ သူတို့ရဲ့လုပ်ငန်းခွင်ထဲမှာ ပိုပြီးကောင်းမွန်တဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးကို ဆက်လက်တောင်းဆိုနေကြပါတယ်။
ဒေလီက ဆေးရုံတစ်ရုံမှာတော့ ဆေးရုံအဝင်အပေါက်ဝမှာ လုံခြုံရေးအရ တပ်ဆင်ထားတဲ့ စစ်ဆေးရေးကိရိယာတွေရှိနေပေမယ့် အကြီးတန်းဆရာဝန်တစ်ဦးကတော့ “ အဲဒါတွေက တကယ်တမ်းအလုပ်မလုပ်ဘူး။ ဘယ်သူမဆို ဝင်ထွက်လို့ရတယ်” လို့ ဘီဘီစီကို ဖြေဆိုခဲ့ပါတယ်။
ဆေးရုံအများစုမှာ လုံခြုံရေးတွေတင်းကျပ်နေပေမယ့် နေရာတိုင်း ဒီလိုမျိုးမဟုတ်သလို လုံခြုံရေးတွေကလည်း ညဘက်မှာ ပေါ့လျော့တတ်တာကြောင့် အမျိုးသမီးဝန်ထမ်းတွေ လွယ်လွယ်နဲ့ထိခိုက်နေကြရတာလို့ ဝန်ထမ်းတချို့က ဘီဘီစီကိုပြောပါတယ်။
ဆေးရုံရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သူတို့မှာ လုံခြုံရေးအစောင့်တွေရှိသလို စောင့်ကြည့်ကင်မရာတွေကနေလည်း ပုံမှန်စောင့်ကြည့်နေပါတယ်လို့ ဖြေဆိုထားပါတယ်။
“ဆေးရုံဝင်း၊ အဆောင်တွေနဲ့ လူနာဆောင်တွေအတွက် လုံလောက်တဲ့ လုံခြုံရေးကိရိယာတွေလည်း တပ်ဆင်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။