နီကိုလိုင်း ဂိုဂါး
ကမ္ဘာကျော်ရုရှစာရေးဆရာကြီး နီကိုလိုင် ဗာစီလီဗစ် ဂိုးဂါးကို ယူကရိန်းနိုင်ငံ ပိုလတာဗာမြို့၌ ခရစ်နှစ် ၁၈ဝ၉ ခုတွင် ဖွားမြင် သည်။ သူ၏မိဘများသည် မြေပိုင်ရှင်ကလေးများ ဖြစ်သည်။ ဂိုဂါးသည် ၁၈၂၁ ခုနှစ်မှ ၁၈၂၈ ခုနှစ်အထိ နယေဇင် ဂျင်မနေဇီယမ်ကျောင်း၌ စာသင်ပြီးသော် စိန့်ပီတာစဘတ်မြို့သို့ သွားရောက်နေထိုင်လေသည်။ ထိုမြို့၌ နေထိုင်စဉ် အစိုးရဌာန တစ်ခု၌ စာရေးအဖြစ် အလုပ်လုပ်ခဲ့သေး၏။ သို့သော် သူ၏ စိတ်၌ ကိန်းအောင်းနေခဲ့သော စာပေအထုံကြောင့် မကြာမီပင် ထိုစာရေးအလုပ်ကို စွန့်လွှတ်ကာ ဝတ္ထုများ ရေးသားလေသည်။ ယင်းသို့ စာရေးဘဝသို့ ကူးပြောင်းရောက်ရှိလာသောအခါ၌ မိတ်ဆွေရင်းချာဖြစ်သော စာရေးဆရာကြီး ပွတ်ရှကင်က သူ့ အား များစွာ အကူအညီပေးခဲ့လေသည်။
ဂိုဂါး၏ ပထမဆုံး ရေးသားသော ဝတ္ထုမှာ 'စိန်ဂျွန်အကြိုနေ့'ဖြစ်၍ ၁၈၃ဝ ပြည့်နှစ် မဂ္ဂဇင်းတစ်စောင်တွင် ထည့်သွင်းခဲ့သည်။ ထိုနောက် ၁၈၃၁ ခုနှစ်၌ 'ဒီကန်ကာအနီး လယ်ယာတွင်းမှ ညနေခင်း' အမည်ရှိ ဝတ္ထုတိုညွန့်ပေါင်းကို လည်းကောင်း၊ ၁၈၃၅ ခုနှစ်၌ 'မာဂိုရော့'အမည်ရှိ ဝတ္ထုလည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ် ၃ အုပ်စလုံးတွင် ဂိုဂါးသည် ယူကရိန်းနယ်နှင့် ယူကရိန်းကျေးတောနေများ၏ လောကကို ဖွဲ့နွဲဲ့ရေးသားခဲ့လေသည်။ စာရေးဆရာအဖြစ် အသိအမှတ်ပြုခြင်း ခံရစအခါ၌ ဂိုဂါးသည် မိမိငယ်စဉ်ဘဝက မိဖများနှင့်အတူနေထိုင်ခဲ့စဉ် မြင်သိကြားနာခဲ့ရသော ယူကရိန်းနယ်၏ သဘာဝ အလှအပများ၊ ယူကရိန်းကျေးတောနေများ၏ ရှေးဟောင်း အလေ့အထ ထုံးတမ်းစဉ်လာနှင့် ဒဏ္ဍာရီပုံပြင်များ၊ ကော့ဆက်လူမျိုးများ၏ ရဲစွမ်းသတ္တိရှိပုံများကို စိတ်ကူးယဉ်ယဉ်နှင့် ဖတ်ချင့်စဖွယ် ရေးသားခဲ့ပေသည်။ အထက်ပါဝတ္ထုများကို ရေးသားခဲ့သောကြောင့် အချို့က ဂိုဂါးအား စိတ်ကူးယဉ် စာရေးဆရာဟုပင် ခေါ်ခဲ့ကြ သည်။ သို့သော် ၁၈၄၂ ခုနှစ်၌ ချဲ့ထွင်၍ အသစ်ပြန်လည် ရေးသားသော 'တာရစဗူလဗာ'ဝတ္ထုမှာ ဂိုးဂါး၏အကောင်းဆုံး ရာဇဝင်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ယင်းဝတ္ထု တွင် ၁၆ ရာစုနှစ်က ပိုးလူမျိုးများနှင့် တားတားလူမျိုးများကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော ကော့ဆက်လူမျိုးများ၏ ရဲစွမ်းသတ္တိကို ပြောင်မြောက်စွာ ရေးသားဖော်ပြထားပေသည်။ နောက်ပိုင်း၌ ရေးသားလာသော ဂိုဂါး၏စာများသည် စိတ်ကူးယဉ်ချက်များ လျော့ပါးလာ၍ အစစ်အမှန်ကိုဖော်သော အရေးအသားများအဖြစ် ပိုမိုထင်ရှားလာခဲ့သည်။ အထူးသဖြင့် ၁၈၄၂ ခုနှစ်၌ ရေးသားသော 'အပေါ်ဝတ်ကုတ်အင်္ကျီ'ဝတ္ထုတွင် စိန်ပီတာဗတ်မြို့နေ အောက်ကျ ဆင်းရဲသားလူတန်းစားတို့၏ဘဝကို သရုပ်ဖော်ခဲ့ပေသည်။ ယင်း ၁၈၄၂ ခု၌ပင် ဂိုဂါးသည် 'ဝိညာဉ်သေများ'ဝတ္ထုကြီးကို ရေးသားခဲဲ့သည်။ ထိုဝတ္ထကြီး တွင် ဂိုဂါးသည် ကြေးရည်တတ်မြေပိုင်ရှင်၊ မြီရှင်ကြီးများ၏ လက်အောက်တွင် ကျရောက်နေကုန်သော ငွေဝယ်ကျွန်များ၏ လွတ်မြောက်ရေးကို ရုရှတောကျေးလက်လောက သဘာဝ အဖွဲ့အနွဲ့များနှင့်ပေါင်းစပ်၍ လှုံ့ဆော်ရေးသားခဲ့ပေသည်။ ကျေးကျွန်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်ရန်နှင့် ကြွေးကြော် လှုံ့ဆော်ရေးသားသော ဝတ္ထုကြီးဖြစ်လေရကား ဒုတိယပိုင်းကို ဆက်လက် ရေးသားရန် စီစဉ်သောအခါ၌ အာဏာပိုင်များ၏ တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရလေသည်။ 'ဝိညာဉ်သေများ'ဝတ္ထုသည် ဂိုဂါး၏ အကောင်းဆုံးလက်ရာ ဖြစ်သည်။
ဂိုဂါးသည် ဝတ္ထုရေးဆရာအဖြစ် ကျော်ကြားသည်သာမက ပြဇာတ်ရေးဆရာအဖြစ်ဖြင့်လည်း ထင်ရှားလေသည်။ ၁၈၃၆ ခုနှစ်၌ ရေးသားသော 'အင်စပက်တာဂျင်နရယ်'ပြဇာတ်သည် သူ၏ အကျော်ကြားဆုံးသော ပြဇာတ်ဖြစ်သည်။ ယင်းပြဇာတ်၌ ဂိုဂါးသည် အရာရှိလူဆိုးလူညစ်များ၏ လောကကို ဟာသရသပေါ်လွင်စွာ ထိထိမိမိ သရော်လှောင်ပြောင်၍ ရေးသား ခဲ့လေသည်။ ဇာတ်ကောင်များကို ရွေးချယ်ဖွဲ့နွဲ့ရာတွင်လည်း ပေါ်လွင် ပြောင်မြောက်လှပေသည်။
၁၈၄၃ ခုနှစ် နောက်ပိုင်းတွင် ဂိုဂါးသည် စာများရေးသားခြင်း မပြုတော့ပေ။ လူ့လောကနှင့် ကင်းကွာ၍ နေခဲ့သည်။ ၁၈၅၂ ခု မတ်လ ၄ ရက်နေ့တွင် ဂိုဂါး ကွယ်လွန်လေသည်။ ယနေ့ ဂိုဂါးအား သရုပ်မှန် ရုရှစာပေ၏ ဖခင်ကြီးဟူ၍ လေးစားစွာ ခေါ်ဝေါ်လျက် ရှိကြသည်။
ဂိုဂါး အလေးစားဆုံး ခင်မင်အရင်းနှီးဆုံးသော ပုဂ္ဂိုလ်ကား ပွတ်ရှကင်ပင် ဖြစ်သည်။ ပွတ်ရှကင်၏ စာပေများကို ဂိုဂါးသည် များစွာ မြတ်နိုးဆည်းပူးခဲ့သည်။။ ပွတ်ရှကင် ကွယ်လွန် ချိန်၌ ဂိုဂါးသည် ရောမမြို့၌ ရှိနေရာ ကွယ်လွန်သည့်သတင်းကို ကြားသောအခါ ပြင်းစွာတုန်လှုပ်ချောက်ချားလျက် 'ပွတ်ရှကင်၏ သချိုင်း၌ ကျွန်ုပ်၏ သုခတို့ကို မြှုပ်နှံလိုက်ပြီ'ဟူ၍ ရေးသားခဲ့လေသည်။
ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)