မာတိကာသို့ ခုန်သွားရန်

ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
Guinness World Records
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း တံဆိပ်
တည်းဖြတ်သူCraig Glenday (ed.)[]
မျက်နှာဖုံး သရုပ်ဖော်Simon Jones
ဘာသာစကားEnglish, Arabic, Bulgarian, Croatian, Czech, Danish, Dutch, Estonian, Filipino, Finnish, French, German, Greek, Hebrew, Hungarian, Icelandic, Italian, Japanese, Korean, Latvian, Mandarin Chinese, Norwegian, Polish, Portuguese, Romanian, Russian, Slovak, Slovene, Spanish, Swedish, and Turkish
အကြောင်းအရာကမ္ဘာ့စံချိန်မှတ်တမ်း
အမျိုးအစားရည်ညွန်း
ထုတ်ဝေသူJim Pattison Group
ထုတ်ဝေသည့်ရက်
၁၉၅၅–လက်ရှိ
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း
၁၉၅၅–လက်ရှိ
မီဒီယာ အမျိုးအစားစာအုပ် တီဗွီ

ခရစ်နှစ် ၂ဝဝ၃ ခုနှစ်က အုပ်သန်း ၁ဝဝ မြောက်စာအုပ်ကို ထုတ်ဝေခဲ့ပြီးဖြစ်၏။ ထုတ်ဝေရေးသမိုင်းတွင်အံ့ဖွယ်သရဲ မယုံကြည်နိုင်လောက်အောင် အောင်မြင်မှုကြီးဖြစ်၏။ ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်သည် မည်သည့်အချိန်ကာလတွင်မဆို မူပိုင်ခွင့် ရရှိထားပြီးဖြစ်သော ရောင်းအကောင်းဆုံး စာအုပ်အဖြစ်သို့ ရောက်ရှိခဲ့ ပြီဖြစ်ပါ၏။ သာမန် အနေအထားမှ စခဲ့ရသော်လည်းယနေ့အချိန်အခါတွင် ဤစာအုပ်ကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁ဝဝ ကျော်တွင် ရောင်းချနေရသကဲ့သို့ ဘာသာ ပေါင်း ၂၃ ဘာသာအထိ ပြန်ဆိုပြီး ဖြစ်သည်။(ဤကိန်းဂဏန်းတွင် မြန်မာဘာသာသို့ ပြန်ဆိုမှု ပါ မပါမသိရသေးပါ။)

ဖြစ်ပေါ်လာပုံ

ဤစာအုပ် ဖြစ်ပေါ်လာပုံသည် ၁၉၅၁ ခုနှစ်ကအိုင်ယာလန်၊ ဝက်ခ်ဖို့စီရင်စု (Wexford County) ၌ပြုလုပ်ခဲ့သော အမဲလိုက်ပွဲတစ်ပွဲမှ စတင်ခဲ့ခြင်း ဖြစ်၏။ ထိုပွဲတွင် ဂင်းနက်ဘီယာချက်စက်ရုံ၏ မန်နေးဂျင်းဒါရိုက်တာ ဆာဟျူးဘီးဗား (Sir Hugh Beaver) နှင့်ကစားဖော်များအတွင်း ရွှေရောင်ဒီလုံးငှက်သည် ဥရောပတိုက်တွင် အမဲလိုက်ရာ၌ အမြန်ဆုံးပျံသန်းနိုင်သောငှက်ဟုတ် မဟုတ် အငြင်းအခုံ ဖြစ်ပွားခဲ့ကြသည်။ မှန်ကန်တိကျသည့်အဖြေကို ပေးနိုင်သော စာအုပ်တစ်အုပ်ကို သူရှာမတွေ့သဖြင့် ဆာဟျူးတစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်ရလေသည်။ ထိုကဲ့သို့သော အချေအတင်ငြင်းခုံမှုများသည် အထူးသဖြင့် လူမှုရေးအခမ်းအနားများတွင် ဖြစ်ပွားနိုင်ကြောင်း၊ ထို့ကြောင့် အဖြေအားလုံးကို ဖော်ပြပေးနိုင်မည့်စာအုပ်သည် အလွန်ရောင်းချရဖွယ်ရှိကြောင်း ဆာဟျူးက တွေးမိလေသည်။ ထိုအချိန်က အားကစားစံချိန်များကို ချိုးနေသော အားကစားသမား ခရစ်ချာတာဝေး (Chris Chataway) သည် လန်ဒန်ရှိ ဂင်းနက်၏ Park Royal Brewery တွင် ဝင်ရောက်၍ အလုပ် လုပ်ကိုင်လျက်ရှိရာသူနှင့် အားကစားပြိုင်ပွဲများ၌တွေ့ဆုံခဲ့ဖူးသော နောရစ်နှင့် ရော့စ်မက်ဝှာတာ (Norris and Ross McWhirter) တို့သည် ထိုစာအုပ်မျိုးကို ပြုစုရန် အထူးသင့်လျော်သူများဖြစ်ကြောင်း၊ ဆာဟုချ်အား သူက ထောက်ခံတင်ပြခဲ့သည်။

ထိုအချိန်က မက်ဝှာတာ ညီအစ်ကိုတို့သည် လန်ဒန်၌ အချက်အလက်ရှာဖွေရေး အေဂျင်စီနှင့်ထုတ်ဝေရေးကုမ္ပဏီတို့ကို တည်ထောင်ဆောင်ရွက်နေကြသည်။ ၎င်းတို့သည် အားကစားနှင့်ဆိုင်သော မှတ်တမ်းများကို အထူးတလည် အာရုံပြု၍ စုဆောင်းနေကြသူများ ဖြစ်ကြသည်။ ရော်ဂျာဘင်နစ်စတာ (Roger Bannister) သည် ၁၉၅၄ ခုနှစ် မေလ၆ ရက်နေ့တွင် တစ်မိုင်အကွာ အဝေးကို ၃ မိနစ် ၅၉.၄ စက္ကန့် နှင့် စံချိန်တင်၍ ပြေးနိုင်ခဲ့သည်။ ယခင်က မည်သူမျှလေးမိနစ်ထက် လျော့နည်းအောင် မပြေးနိုင်ခဲ့ကြပါ။ ထိုအချိန်က စံချိန်ချိုးလိုက်သော သမိုင်းဝင်ဖြစ်ရပ်အား ကြေညာပေးခဲ့သူမှာ နောရစ်မက်ဝှာတာပင် ဖြစ်သည်။ ထိုအချက်သည် ပထမအကြိမ်ထုတ်စာအုပ်တွင် ဖော်ပြမည့် စံချိန်သစ်တစ်ခုလည်း ဖြစ်ခဲ့ရလေတော့သည်။ အကောင်းဆုံးများကိုသာ ဖော်ပြမည့်စာအုပ် ဆိုသော စိတ် ကူးကို ဆာဟုချ်က နှစ်ခြိုက်သဖြင့် အဆိုပါအမြွှာညီနောင်အား ဂင်းနက် ကမ္ဘာ့စံချိန် မှတ်တမ်း စာအုပ်ကို ပြုစုထုတ်ဝေပေးရန် လုပ်ငန်းအပ်နှံလိုက်သည်။ ၎င်းတို့သည် အကြောင်းရပ်အားလုံးတို့၏ အမြန်ဆုံး၊အနှေးဆုံး၊ အကြီးဆုံး၊ အသေးဆုံး၊ အလေးချိန်အများဆုံး၊အလေးချိန်အပေါ့ဆုံး၊ အရှည်ဆုံးနှင့် အတိုဆုံးစသည်တို့ကို တစ်နှစ်ကြာအောင် ပင်ပင်ပန်းပန်း ရှာဖွေ ပြုစုခဲ့ကြပြီးနောက် ပထမဦးဆုံးစာအုပ်ကို ဩဂုတ်လ၂၇ ရက်၊ ၁၉၅၅ ခုနှစ်တွင် ထုတ်ဝေလိုက်သည်။ ချက်ချင်းပင် အောင်မြင်မှု ရရှိခဲ့သည်သာမက ဗြိတိန်နှင့် တစ်ကမ္ဘာလုံးတွင် စံချိန်များနှင့် စပ်လျဉ်း၍ အားကိုးအားထားပြုရသော ရင်းမြစ်အဖြစ် အသိအမှတ်ပြုခြင်း ခံရလေတော့သည်။ ၂ဝဝ၄ ခုနှစ်၊ ဧပြီလတွင်နောရစ်မက်ဝှာတာ ကွယ်လွန်သွားခဲ့သဖြင့် ခေတ်တစ်ခေတ်ကုန်ဆုံးသွားသကဲ့သို့ ဖြစ်ခဲ့ရသော်လည်း နှစ်ပေါင်းများစွာကြာအောင် ၎င်းတို့ညီအစ်ကို နှစ်ယောက် ဆောင်ရွက်ခဲ့ကြသည့် ဤသမိုင်းဝင်စာအုပ်၏ လက်ဆင့်ကမ်းတာဝန်သည် ဆက်လက်ရှင်သန်နေဆဲပင်ဖြစ်သည်။ နောရစ် မက်ဝှာတာသည် စွယ်စုံကျမ်းဗဟုသုတပိုင်ရှင်နှင့် စံချိန်များကိုစက္ကန့်မဆိုင်း ပြန်ပြောပြနိုင်သည့်အရည်အချင်းပိုင်ရှင် ဖြစ်သည်။ သူသည် ရုပ်မြင်သံကြားပရိသတ်အား ကာလရှည်ကြာစွာ တင်ဆက်ခဲ့ရသော ဘီဘီစီ၊ ကလေးများအစီအစဉ်မှ စံချိန်ချိုးသူများ (Record Breakers) အစီအစဉ်တွင် ကလေးငယ် မျိုးဆက် ပေါင်းများစွာကို ပျော်ရွှင်ကြည်နူးစေခဲ့သည်။ ဉာဏ်ကွန့်မြူးမှုများ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးခဲ့သည်။ သူသည် ရုပ်မြင်သံကြားတွင် ကွယ်လွန်သူ ရွိုင်းကက်စတယ် (Roy Castle) နှင့် တွဲဖက်အသုံးတော်ခံခဲ့သည်။ ထိုနည်းတူစွာပင် ဆာဒေးဗစ်ဖရော့စ် (Sir David Frost) ၏ အမေရိကန်ဂင်းနက်စပါယ်ရှယ် အစီအစဉ်တွင်လည်း ၁၉၇၃ ခုနှစ်မှ ၁၉၈၈ခုနှစ် အထိ ပါဝင်ဆောင်ရွက်ပေးခဲ့သည်။ ဆာဒေးဗစ်က 'နောရစ်သည် အချက်အလက်များကိုသာမက တိကျမှုကို အလွန်လိုလားသူဖြစ်သည်။ ထိုမျှသာမကသေး၊ သူသည် လူသားတို့၏ ထွင်ဉာဏ်နှင့် အောင်မြင်လိုသော ဆန္ဒပြင်းပြသူများကိုလည်း အလွန်သဘောကျသူဖြစ်သည်။ သူသည် အိုလံပစ်ပြိုင်ပွဲများမှ စံချိန်ချိုးသူများကိုသာမက မည်သူကမျှ ကြိုးပမ်းကြည့်ရန် ဆန္ဒမရှိသော၊ ဥပမာ ရေအောက်၌ တယောထိုးပြသူ Mark Gottlieb သို့တည်းမဟုတ် ပန်းသီးအား ပြတ်ထွက်မသွားစေဘဲ တစ်ဆက်တည်း အခွံနွှာပြသူ Frank Freer စသည်ဖြင့် အမျိုးမျိုး စံချိန်ချိုးခဲ့ကြသူ ထိုပုဂ္ဂိုလ်များနှင့် နှစ်ပေါင်းများစွာ အတောအတွင်း တွေ့ဆုံခဲ့ဖူးသူဖြစ်သည်။ သူသည် ထိုပုဂ္ဂိုလ်များနှင့် ပတ်သက်သော ရယ်စရာဖြစ်ရပ် တိုထွာများကို နှစ်ခြိုက်စွာ ပြန်ပြောပြလေ့ရှိသည်။ ထိုပုဂ္ဂိုလ်များသည် ကွဲပြားခြားနားနေကြသော်လည်း ၎င်း၏စိတ်ထဲတွင်အတော်ဆုံး၊ အကောင်းဆုံးများသာ ဖြစ်နေကြလေသည်။ ယနေ့ အချိန်အခါတွင် ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်ကို နှစ်စဉ် စောင်ရေ ၃.၅သန်း ရောင်းချနေရသည်။ ဤအချက်က လူသားတို့၏ ဗဟုသုတ မွတ်သိပ်မှုနှင့် ဂင်းနက်က ကမ္ဘာ့စံချိန်မှတ်တမ်း၌ ပါဝင်လိုသော စိတ်ဆန္ဒပြင်းပြမှုတို့သည်ဆုတ်ယုတ်သွားခြင်း မရှိသေးကြောင်း ပြသလျက် ရှိနေပေသည်။

ပြောင်းလဲသွားသော နှစ်ငါးဆယ်

၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့စံချိန်မှတ်တမ်းကို ထုတ်ဝေချိန်ကစ၍ ကမ္ဘာ့လူဦးရေသည် နှစ်ဆကျော် တိုးပွားလာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ် ၅ဝ အတွင်း အဓိကကျသည့် အခြား ပြောင်းလဲမှုများကို ဖော်ပြလိုက်သည်။[]

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကို စုဆောင်း တင်ပြထားသည်။ ဂင်းနစ်ဟူသောအမည်မှာ အိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရရှိခဲ့သည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့သည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန်နှင့် ဥရောပတိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့သည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါသည်။ ပထမအချက်မှာ ဂင်းနစ်ဘီယာသည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကို ငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေညာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့သည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်သည်။ ဂင်းနစ်ဘီယာကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့သည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြသည်။ ၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့် နောရစ် ဝှစ်တနာ (Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်သည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့သည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့သည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့သည်။ ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြသည်။

တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့သည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက်လာသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာ မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့သည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်သည်။ []

ကိုးကား

  1. Corporate။ Guinness World Records။ 19 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 October 2010 တွင် ပြန်စစ်ပြီး။
  2. သိပ္ပံနှင့်နည်းပညာ ဂျာနယ်၊ အမှတ်(၁၁)၊ ၂၀၀၆-ခု၊
  3. (စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)