မူလဒွါရဂိုဏ်း
ဒွါရဂိုဏ်း (၃) ဂိုဏ်း
သက္ကရာဇ် ၁၂၁၄ခုနှစ်တွင် ပဲခူးတိုင်းအုတ်ဖိုမြို့မှဆရာတော်အရှင်ဥက္ကံသဝိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင် ဆရာတော်များနှင့်အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည် မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊၀စီကံ၊မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊၀စီဒွါရ၊မနောဒွါရဟု ဒွါရဖြင့်ရှိခိုးမှ မှန်ကန်သည်ဟု အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။ (ယခုထိုသို့ဘုရားရှိခိုးသည်ကိုမတွေ့ရတော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)
ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော်(သုဓမ္မာဂိုဏ်း)က ကံဖြင့်ရှိခိုးမှမှန်ကန် ကြောင်းငြင်းခုံခဲ့သည်။ ထို့ကြောင့်အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင်ပြန်လည်ခေါ်ကြသည်။ ယင်းဒွါရဂိုဏ်းသည်
- (က) အနောက်ချောင်းဒွါရဂိုဏ်း၊
- (ခ) မဟာဒွါရဂိုဏ်း၊
- (ဂ) မူလဒွါရဂိုဏ်း ဟူ၍ (၃) မျိုးထပ်၍ကွဲသွားကြပြန်သည်။
မူလဒွါရဂိုဏ်း
အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့် လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို့သောဒွါဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော် (၁)ရက်နှင့် လဆန်း (၁) ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲ ပြုကြသည်ာ ထိုသို့မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟု ခေါ်ဆိုကြသည်။
မူလဒွါရဟူသောအမည်၏ရှေ့တွင် 'ဓမ္မဝိနယာနုလောမ' ဟုထပ်ဆင့် ဝိသေသပြု ထားသည်။ ( ဓမ္မ + ဝိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း ဝိနည်းနှင့်လည်းကောင်းလျော်ညီသောဂိုဏ်းဟုဆိုလို၍ အမည်အပြည့်အစုံမှာ 'ဓမ္မဝိနယာ နုလောမူလဒွါရနိကာယ' ဂိုဏ်းဟုခေါ်ဆိုကြသည်။