မာတိကာသို့ ခုန်သွားရန်

မာရီယာ မွန်တက်ဆိုးရီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Interlanguage links have automatically migrated to Wikidata at d:q131117.
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{merge|မွန်တက်ဆိုရီ}}
[[File:Maria Montessori.jpg|thumb|မာရီယာ မွန်တက်ဆိုးရီး]]
[[File:Maria Montessori.jpg|thumb|မာရီယာ မွန်တက်ဆိုးရီး]]
==မာရီယာ မွန်တက်ဆိုးရီး(ခရစ် ၁၈၇ဝ-၁၉၅၂)==
==မာရီယာ မွန်တက်ဆိုးရီး(ခရစ် ၁၈၇ဝ-၁၉၅၂)==

၁၁:၁၉၊ ၁၈ ဧပြီ ၂၀၁၃ ရက်နေ့က မူ

မာရီယာ မွန်တက်ဆိုးရီး

မာရီယာ မွန်တက်ဆိုးရီး(ခရစ် ၁၈၇ဝ-၁၉၅၂)

မာရီယာ မွန်တက်ဆိုးရီးသည် အီတာလျံ အမျိုးသမီး ပညာရေး သုတေသီဖြစ်၍ မွန်တက်ဆိုးရီး ပညာသင်ကြားနည်းကို တီထွင်သူဖြစ်သည်။ ၁၈၉၄ ခုနှစ်တွင် ရောမ တက္ကသိုလ်မှ ဆေးပညာဘွဲ့ကို အီတာလျံ အမျိုးသမီးထဲတွင် ပထမဦးဆုံး ရရှိသူဖြစ်ပေသည်။ ဒေါက်တာ မွန်တက်ဆိုးရီးသည် စိတ် ပျော့ညံ့သော ကလေးများကျောင်းတွင် ကျောင်းဆရာမကြီး အဖြစ် အမှုထမ်းနေစဉ် ပညာသင်ကြားရေး နည်းသစ်များကို စမ်းသပ်ကြည့်ရာ အောင်မြင်ကြောင်း တွေ့ရလေသည်။

ထိုနောက် သာမန် ကလေးသူငယ်များကိုလည်း မိမိတီထွင်သော ပညာသင်ကြားရေး နည်းသစ်များဖြင့် သင်ကြားပေး ရလျှင် ပို၍ အောင်မြင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် ၁၉ဝ၇ ခုနှစ် တွင် ရောမမြို့၌ မွန်တက်ဆိုးရီး စာသင် ကျောင်းကို စတင် တည်ထောင်လေသည်။ ထိုကျောင်းကို ကလေးဂေဟာဟူ၍ ကင်ပွန်းတပ်သည်။ ၁၉၂၂ ခုနှစ်တွင် အစိုးရက ဒေါက်တာ မွန်တက်ဆိုးရီးကို ပညာဝန်အဖြစ် ခန့်အပ်လေသည်။

မွန်တက်ဆိုးရီး ပညာသင်ကြားနည်းကို ကမ္ဘာအရပ်ရပ်ရှိ စာသင်ကျောင်းများ၌လည်း လိုက်နာကျင့်သုံးလျက် ရှိကြသည်။ ဒေါက်တာ မွန်တက်ဆိုးရီးသည် ဥရောပတိုက်ရှိ ပညာရေး စနစ်များကို လေ့လာရာ၌ စာသင်သား ကလေးများကို ချုပ်ချယ်လွန်းသည်ဟု ထင်မြင်သဘောရရှိခဲ့လေသည်။ တင်း လွန်းလျှင် ပြတ်၊ မာလွန်းလျှင် ဆတ်ဟု ဆိုသကဲ့သို့ ကလေးများအပေါ်တွင် ပညတ်ချက်များလွန်းပါက စည်းကမ်း ပေးရာ မရောက်ဘဲ လူတို့၏ ပင်ကိုယ် အရည်အချင်းကို ဖျက်ဆီးရာရောက်မည်ဟူ၍လည်း ယုံကြည်၏။ ထိုကြောင့် မွန်တက်ဆိုးရီး ပညာသင်ကြားနည်းတွင် ပထမ အဓိက အခြေခံချက်မှာ ကလေးများကို လွတ်လပ်စွာ လှုပ်ရှား ခွင့် ပေး၍ ထိန်းကျောင်းခြင်းပင် ဖြစ်သည်။ သို့ရာတွင် ကလေး များသည် မိမိတို့ရရှိသော လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ကျင့်သုံးသည့်အခါ၌ စည်းကမ်းမဲ့ မဖြစ်စေရန် သတိချပ် ရသည်။ ကလေးများကို မိမိတို့ စိတ် ကြိုက်ရာ ရွေးချယ် လုပ်ကိုင်စေခြင်းအားဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်တိုင် ဖန်တီး နိုင်ခြင်း၊ မကြောက်မရွံ့ လုပ်ကိုင်ဝံ့ခြင်း၊ သူတစ်ပါးအား အခွင့်အရေးပေးရန် ဆန္ဒဖြစ်ပေါ်ခြင်း စသော အရည်အချင်း များနှင့် ပြည့်စုံလာနိုင်သည်ဟူ၍လည်း သဘောပေါက်ခဲ့သည်။

ကလေးများသည် အတန်းဆရာ၏ အခြိမ်းအခြောက်၊ အမြှောက် အပင့်ကြောင့် မဟုတ်ဘဲ မိမိတို့ ဝါသနာပါရာကို လုပ်ကိုင်စေ ခြင်းဖြင့် စိတ်ပါဝင်စားမှုကို ထိန်းပေး နိုင်သည်။ သို့ဖြစ်၍ မွန်တက်ဆိုးရီး၏ ကျောင်းတွင် လွတ်လပ်မှုကို အဓိက ထားလေသည်။

မွန်တက်ဆိုးရီး ပညာသင်ကြားနည်းတွင် ဒုတိယ အဓိက အခြေခံချက်မှာ အာရုံ ခွဲခြားသိမှုအတွက် လေ့ကျင့်ခန်းများ ဖြစ်သည်။ မွန်တက်ဆိုးရီးသည် ကလေးများအဖို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် စသော အင်္ဂါအရပ်ရပ်တို့ဖြင့် အာရုံခံစားရာ၌ ခွဲခြားသိတတ်ရန်အတွက် အလွယ်ကူဆုံးနှင့် အသင့်လျော်ဆုံး ပစ္စည်း ကရိယာများကို တီထွင်ထားသည်။ ကလေးကို ဆရာ၏ အကူအညီမပါဘဲ ထိုပညာပေး ပစ္စည်းကရိယာများဖြင့် ကစား စေသည်တွင် အာရုံ ခွဲခြားသိလာမှုကို အလိုအလျောက် ရရှိ နိုင်လေသည်။ ပုံစံအားဖြင့် သူ့အပိုင်းနှင့်သူ အထူအပါးညီမှ ဆက်စပ်၍ရအောင် ခွဲစိတ်ဖြတ်တောက်ထားသော ကစားစရာ တစ်ခုကို ကလေးအား ပြန်လည် ဆက်စပ်ခြင်းအားဖြင့် ပုံပန်း သဏ္ဌာန်တစ်ခုနှင့် တစ်ခုကိုသော်လည်းကောင်း၊ အထူအပါး တစ်ခုနှင့် တစ်ခုကိုသော်လည်းကောင်း ခွဲခြား၍ သိမြင်လာ နိုင်ပေသည်။ ထိုနည်းတူ အခြားအာရုံများအတွက်လည်း သင့်ရာ ပစ္စည်းကရိယာများဖြင့် လက်တွေ့ ခွဲခြားသိမြင် လာစေရန် ကလေးတို့အား သင်ကြားရလေသည်။

စာရေးစာဖတ်ကို သင်ကြားရာ၌လည်း စက္ကူကပ်ပြား ပေါ်တွင် သဲစက္ကူ(ကော်ပတ်စက္ကူ)ဖြင့် အက္ခရာ စာလုံးကို ဖော်၍ ကပ်ထားသည်။ ထိုသဲစက္ကူအက္ခရာပေါ်တွင် ကလေး ၏လက်ဖြင့် ထပ်ရေးဆွဲစေ၍ နှုတ်မှ ထိုအက္ခရာ အသံထွက်ကို ရွတ်ဆိုစေသည်။ ရောင်စုံပုတီးစေ့များ၊ ဂေါ်လီလုံးများဖြင့်လည်း အပေါင်း၊ အနုတ်၊ အရေအတွက် စသည်တို့ကို လက်တွေ့ သင်ပြသည်။ ယင်းသို့အားဖြင့် ကလေးတို့သည် အရေး၊ အဖတ်၊ အတွက်ကို သင်ကြရာ၌ အလုပ်ဟူ၍ မထင်မှတ်ဘဲ ကစားနေသည်ဟူ၍ပင် ထင်မှတ်စေရာ ရောက်ပေသည်။

မွန်တက်ဆိုးရီး ပညာသင်ကြားနည်းတွင် တတိယ အခြေခံ ချက်မှာ နေ့စဉ်ဆောင်ရွက်ရသည့် ကိစ္စများ အတွက် လက်တွေ့ လေ့ကျင့်ခန်းများ ဖြစ်၏။ ကလေးသည် ကြယ်သီးတပ်ခြင်း၊ ဖိနပ်ကြိုးတပ်ခြင်း၊ တံမြက် လှည်းခြင်း၊ ဆေးကြောခြင်း၊ အရောင်တင်ခြင်း အစရှိသည့်ဖြင့် လက်တွေ့ လုပ်ငန်းများကို သင်ကြား လေ့လာရလေသည်။ ထိုအလုပ်များသည် လူကြီး များအဖို့ မခက်ခဲသော်လည်း မိမိတို့၏ ကိုယ်အင်္ဂါအစိတ် အပိုင်းများကို ကျင်လျင်စွာ အသုံးမပြုတတ်သေးသူ ကလေး များအဖို့မူကား လွယ်ကူသော အလုပ်မဟုတ်ချေ။ အကြိမ်ကြိမ် အမှားမှား အယွင်းယွင်းဖြစ်ရပြီးမှ အမှန်အတိုင်း လုပ်ဆောင် နိုင်မည်ပင် ဖြစ်သည်။ ထိုသို့အားဖြင့် ကလေးတို့၏ စိတ်ကူး ဉာဏ် ထက်သန်လာ၍ မိမိကိုယ်ကို မိမိအားကိုးစိတ် ပေါ်ထွက် လာမည်ဟူ၍ ဒေါက်တာ မွန်တက်ဆိုးရီးက ယုံကြည်လာ လေသည်။

၁၉၁၂ ခုနှစ်တွင် ထုတ်ဝေသော မွန်တက်ဆိုးရီး ပညာ သင်ကြားနည်းစာအုပ်၌ ကလေးဂေဟာ ကျောင်းများတွင် အသက်သုံးနှစ်မှ ခြောက်နှစ်အရွယ်အထိ ကလေးတို့ကို အထက် ဖော်ပြပါနည်းများဖြင့် မည်ကဲ့သို့ လက်တွေ့စမ်းသပ် သင်ကြား ၍ မည်မျှ အောင်မြင်ကြောင်းကို ရေးသားထားသည်။ ဒေါက်တာ မွန်တက်ဆိုးရီးသည် ၁၉၅၂ ခုနှစ် မေလ ခြောက် ရက်နေ့တွင် ကွယ်လွန်လေသည်။[]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)